တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေပြော



သြဂုတ်လ ၂၄ ရက်နေ့ မနေ့ မနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကုန်းဆွတ်ရွာနဲ့ ကျောက်ကြီးရွာ အကြားမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့တို့အကြား အချိန်နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မနေ့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ခုနစ်ဦး ကျဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို KNDF ဘက်ကလည်း တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF အဖွဲ့က ပြောပါတယ်။

အခုရက်ပိုင်းတွေအတွင်း လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်း ကျေးရွာတွေဆီကို စစ်ကောင်စီတပ်က အင်အား ထပ်တိုးလာတွေရှိနေတဲ့အတွက် တိုက်ပွဲတွေ ဆက်ဖြစ်နိုင်ခြေရှိတယ်လို့ KNDF ပြောခွင့်ရ ခွန်သော မတ်စ်က RFA ကိုပြောပါတယ်။

“စစ်ကောင်စီဘက်က ဒီလိုထိုးစစ်ဆင်မှုတွေ လုပ်မယ့်နေရာတိုင်းကတော့ တိုက်ပွဲဖြစ်မယ့် နေရာတွေပါပဲ။ တိုက်ပွဲတွေပေါ်ရင် နီးတဲ့ရွာတွေကတော့ ထွက်ပြေးရမှာပဲ။ ဒါကတော့ ကျွန်တော်တို့ပြောနိုင်တယ်။ အဲဒါက လူဦးရေဘယ်လောက်အထိ ထွက်ပြေးရနိုင်မလဲဆိုတာကိုတော့ ကျွန်တော်တို့ကြိုပြီးတော့ ပြောလို့မရပါဘူး”

သြဂုတ်လအတွင်း စစ်ကောင်စီတပ်နဲ့ KA၊ KNDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲ ၂၀ ခန့် ဖြစ်ပွားခဲ့ပြီး KA၊ KNDF ပူးပေါင်းတပ်တွေဘက်က ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူမရှိဘူးလို့သူက ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှု စာရင်းကိုတော့ အတိအကျ မသိရသေးဘူးလို့လည်း ခွန်သောမတ်စ် က ပြောပါတယ်။

မနေ့က တိုက်ပွဲကြောင့် ကုန်းဆွတ်၊ ကျောက်ကြီးအပါအဝင် ကျေးရွာ ၂၀ ဝန်းကျင်က အရပ်သား ၂၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ်မှာလည်း အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅)၊ တပ်မဟာ (၁)၊ တပ်မဟာ (၂)၊ တပ်မဟာ (၃) နဲ့ တပ်မဟာ (၆) တွေအကြား စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်ကစပြီး ကော့ကရိတ်မြို့နယ်အတွင်း စစ်တပ်နဲ့ KNLA တပ်မဟာ (၆) တို့အကြား နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေပါတယ်။

    "စစ်ပွဲဖြစ်နိုင်ခြေဟာ စစ်ကောင်စီတပ်တွေရဲ့ ဆက်လက်ဆောင်ရွက်မယ့် အခြေအနေပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်တို့က သွားပြီးပစ်တာ မရှိဘူး"

ဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အနည်းဆုံး ငါးဦး သေဆုံးခဲ့သလို KNLA တပ်မဟာ (၆) ဘက်က နှစ်ဦး ကျဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒူးပလာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က RFA ကို ပြောပါတယ်။

“စစ်ပွဲဖြစ်နိုင်ခြေဟာ စစ်ကောင်စီတပ်တွေရဲ့ ဆက်လက်ဆောင်ရွက်မယ့် အခြေအနေပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်တို့က သွားပြီးပစ်တာ မရှိဘူး။ သူတို့တက်လာမယ့် ကန့်သတ်တဲ့နေရာတွေကို ကျွန်တော်တို့ တားဆီးတဲ့ကြားက ဝင်လာမယ်ဆိုရင်တော့ တိုက်ပွဲဆက်ဖြစ်လာလိမ့်မယ်။ သူတို့ အထက်က ဘယ်လို ညွှန်ကြားမလဲ မသိဘူး။ တကယ်လို့ ကန့်သတ်နေရာတွေကို သွားဖို့ ညွှန်ကြားရင် တော့ တိုက်ပွဲက ဆက်ပြီးဖြစ်နိုင်စရာရှိတယ်”

အဲဒီတိုက်ပွဲတွေကြောင့် ကော့ကရိတ်မြို့နယ် နဲ့ ကျိုက်ဒုံမြို့နယ်အကြား ရွာတန်းရှည်၊ ကြောင်လျာကုန်း၊ ဇီးဖြူကုန်း အပါအဝင် ကျေးရွာ ရှစ်ရွာက အရပ်သား ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို တိမ်းရှောင် နေကြရတယ်လို့ KNLA တပ်မဟာ (၆) ဒူးပလာ ခရိုင်တာဝန်ရှိသူတွေက ပြောပါတယ်။

အလားတူ ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာလည်း စစ်ကောင်စီဘက်က အင်တားတိုးချဲ့လာနေတာကြောင့် နန်ခမ့်ကျေးရွာ နဲ့ ဒုန်ခွန်ကျေးရွာတွေအနီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အကြား ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်ကနေ ၂၄ ရက်အထိ နေ့စဉ်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ KIA ရှေ့တန်း သတင်း အရင်းအမြစ်တွေကို ကိုးကားပြီး ဒေသတွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကတော့ ကချင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးလာနေတာကြောင့် မကြာခင်ကာလတွေအတွင်း တိုက်ပွဲတွေပိုပြီး ပြင်းထန်လာနိုင်ခြေရှိတယ်လို့ RFA ကို ပြောပါတယ်။

“စစ်ကောင်စီဘက်ကလည်း တဖြည်းဖြည်းနဲ့ သေနတ်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ ရိက္ခာတွေ အကုန်လုံး သူတို့ပို့ထားတယ်။ အဲဒီတော့ မိုးကုန်ပြီးတော့ ပွင့်လင်းရာသီ ရောက်လို့ရှိရင်တော့ စစ်ဆင်ရေးများ လုပ်မလားပေါ့။ သူတို့ရဲ့ အခြေအနေကြည့်ပြီးတော့ တစ်ခုခုတော့လုပ်မယ့်ပုံ ရတယ်ဆိုပြီး ကျွန်တော် ကတော့ သုံးသပ်ထားပါတယ်”

တစ်ဘက်မှာလည်း KIA က စစ်ပွဲတွေကို လျှော့ချပြီး ဆွေးနွေးရေးလမ်းကြောင်းကို လျှောက်လှမ်းလိုတယ်လို့ သြဂုတ်လ ၂၄ ရက်မှာ သဘောထားထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးအရ ထိုးစစ်ဆင်မှုတွေ ပြုလုပ်လာရင် တုံ့ပြန်ဖို့အသင့် ပြင်ဆင် ထားသလို အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့နေရာမှာ ပြည်သူတွေနဲ့ တစ်သားတည်း ရှိနေမယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုပါတယ်။

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ကချင်ပြည်နယ်မှာ မြစ်ကြီးနား၊ မိုးမောက်၊ တနိုင်း၊ ရွှေကူ နဲ့ ဖားကန့်မြို့တွေမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ အကြား တိုက်ပွဲပေါင်း ၄၀၀ ဝန်းကျင် ဖြစ်ပွားခဲ့တယ်လို့ KIA က ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။

တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာ လှကျော်ဇော ကတော့ မိုးရာသီ ကုန်တော့မှာ ဖြစ်လို့ မကြာခင်ကာလတွေအတွင်း တိုက်ပွဲတွေ ပြင်းထန်လာဖို့ ရှိတယ်လို့ သုံးသပ်ပါတယ်။

“မိုးကုန်ပြီဆိုရင် ရာသီက ပွင့်လင်းလာပြီဆိုရင် ပိုပြီးတိုက်ပွဲတွေက များလာမှာပါ။ စစ်တက်ကလည်း သူက အခုလိုအချိန်မှာ တိုက်မှာပါ။ ပြည်သူလူထုကတော့ ပေးဆပ်စရာတွေကတော့ ရှိမှာပေါ့။ သို့သော် ကျွန်မတို့ရမှာက ပိုများတယ်။ ဒီကာလတွေမှာတော့ တစ်နှစ်တန်သည် နှစ်နှစ်တန်သည် ခက်ဦးမှာပဲ”

မြို့ပြဆန္ဒပြမှုတွေ အရှိန်လျော့လာချိန်မှာ စစ်ကောင်စီဟာ မြို့ပေါ်က တပ်အင်အားကို တိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေဆီ ပို့လွှတ်ပြီး အင်အားဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေ ပိုပြီးဖြစ်ပွားလာနိုင်ခြေ ရှိနေတယ်လို့ နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသူတွေက သုံးသပ်နေကြတာပါ။

အခုရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ အပါအဝင် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ကြောင်း ပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ သြဂုတ်လ ၁၇ ထုတ်ပြန်ချက်မှာ အာဏာသိမ်းပြီး နောက် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တွေ အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်း စစ်ဘေးဒုက္ခသည် ၂၀၅၂၆၀ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအရေအတွက်ထဲမှာ အခုရက်ပိုင်းအတွင်း ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ အသစ်တိုးလာတဲ့ ဒုက္ခသည် ၃၀၀၀ ဝန်းကျင်ရဲ့ စာရင်းမပါဝင်သေးပါဘူး။

RFA Burmese

ကရင်ပြည်နယ်က စစ်ဘေးဒုက္ခသည် သားအမိနှစ်ဦးကို တွေ့ရစဉ် (Photo: CJ)


တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေပြော တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေပြော Reviewed by THITHTOOLWIN on 00:18 Rating: 5

No comments:

Powered by Blogger.