မကွေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီဝင်တဦး ဖမ်းဆီးခံရ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တက်ကြွလှုပ်ရှားသူများနှင် NLD ဖွဲ့ဝင်များကို ညအချိန်လိုက်လံဖမ်းဆီးစဉ် (ဓာတ်ပုံ - AFP)

မကွေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါ်မြင့်စန်းဟာ ဩဂုတ်လ ၁၁ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးတာခံခဲ့ရပြီး အခု ပခုက္ကူအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရကြောင်း ဖြစ်စဉ်ကို အသေးစိတ်သိထားတဲ့ နီးစပ်သူတဦးက ဗွီအိုအေကို ပြောပါတယ်။ ကိုဗစ်ကာကွယ်ရေးအတွက် အကျဉ်းထောင်ထဲမှာပဲ သူ့ကိုသီးခြားခွဲပြီး ကနဦး စောင့်ကြည့်နေတယ်လို့ ဒီကနေ့သိရပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုအောင်မြတ်သူက ပြောပြပါမယ်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအနိုင်ရ အမတ်တချို့နဲ့ ဖွဲ့စည်းထားတဲ့ မကွေးတိုင်း လွှတ်တော် ကိုယ်စားပြုကော်မတီဝင်တဦးဖြစ်သူ ဒေါ်မြင့်စန်းဟာ အခုလ ၁၁ ရက် ညပိုင်းမှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာခံရပြီး အခုတော့ ပခုက္ကူအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတာပါ။ ရာဇသတ်ကြီးပုဒ်မ ၅၀၅ ( က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဒေါ်မြင့်စန်းကို သူတိမ်းရှောင်နေတဲ့ ပဲခူးတိုင်း၊ နတ်တလင်းမြို့၊ ဘူတာရုံရပ်ကွက်က ညီအမအရင်းအိမ်မှာ ဖမ်းဆီးခံခဲ့ရတာလို့ သူနဲ့နီးစပ်သူက ဗွီအိုအေကို ပြောပါတယ်။

“မကွေးတိုင်းထဲမှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်ထဲမှာပါတဲ့သဘောကြောင့် ၅၀၅ ( က) တပ်တယ်လို့ ယူဆရတယ်ပေါ့လေ။ သူတိမ်းရှောင်နေတာ ကြာပါပြီ။ ကြာတော့ အခုဟာက သူ့အမေက အသက် ၈၈ နှစ်ပေါ့။ ၁၀ ရက်နေ့က ကွယ်လွန်တယ်၊ သူ့အမေဆုံးတော့ သူ့ရဲ့ညီမ ဒေါ်နီနီမြင့်ကို ခေါ်တာပေါ့လေ။ သွားခေါ်တော့ ပေါက်မြို့နယ်ကတည်းက ရဲက ပါလာပုံရတယ်။ ည ၁၀ နာရီခွဲလောက်မှာ ဧည့်စာရင်း စစ်ချင်လို့ပါဆိုပြီး ရဲတပ်ဖွဲ့နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရယ် ဒေါ်နီနီမြင့်နဲ့ ဆရာမဒေါ်မြင့်စန်းကို ဖမ်းသွားတာ။”

ဧည့်စာရင်းသေချာမစစ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဘူတာရုံရပ်ကွက် အုပ်ချုပ်ရေးမှူးကိုလည်း ရဲတပ်ဖွဲ့ ဖမ်းခဲ့ပြီး နောက်တနေ့မှာ ပြန်လွှတ်ပေးခဲ့သလို ဒေါ်မြင့်စန်းရဲ့ ညီမကိုလည်း ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒေါ်မြင့်စန်းကို ရဲတပ်ဖွဲ့က ပခုက္ကူမြို့မစခန်းကို အရင်ခေါ်ဆောင်သွားပြီး ဒီနေ့ ဩဂုတ်လ ၁၃ ရက်မှာတော့ ပခုက္ကူအကျဉ်းထောင်ကို ပို့လိုက်ပါတယ်။ ဒေါ်မြင့်စန်းဟာ သူရဲ့မိသားစုဝင်တဦးနဲ့ ဒီကနေ့ တွေ့ခွင့်ရခဲ့ပြီး လုံခြုံရေးတင်းကျပ်တဲ့ အခြေအနေကြောင့် ဖြစ်စဉ်အသေးစိတ်ကို မေးမြန်းခွင့်မရခဲ့ကြောင်း နီးစပ်သူက တဆင့် ပြန်ပြောပြပါတယ်။

“ထူးထူးခြားခြားကတော့ သူ့ကို ကွာရန်တင်း ဝင်ရမယ်လို့ပြောတယ်။ ဒီ ပခုက္ကူအကျဉ်းထောင်မှာ သီးသန့်ထားမယ်လို့ ပြောတယ် သူတယောက်တည်းပေါ့။ ကျန်းမာရေးတော့ ကောင်းပါတယ်။ ကျန်တဲ့ သတင်းအချက်အလက်တွေကတော့ ကျနော် မေးတော့မေးတယ် ဒါပေမဲ့ သူ့ဘေးမှာ အဲဒီရဲမြို့နယ်မှူးတွေ၊ စခန်းမှူးတွေ ပါနေတဲ့အခါကျတော့ ကားလည်း မောင်းနေတယ်ဆိုတော့ ဖုန်းချသွားတယ်။”

ပြည်နယ်နဲ့တိုင်း အသီးသီးမှာ ဖွဲ့စည်းထားတဲ့ လွှတ်တော်ကိုယ်စားပြု ကော်မတီဝင်တွေကို စစ်ကောင်စီဘက်က ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ထုတ်ပြန်ပြီး တချို့ကိုလည်း ဖမ်းဝရမ်းပါ ဆက်ထုတ်ထားတာပါ။

NLD အစိုးရလက်ထက်က ဝန်ကြီးချုပ်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီးထိမ်းသိမ်းနေတာတွေကို စစ်ကောင်စီဘက်က ဆက်လုပ်နေပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်ကို စွန့်ခွာထွက်ပြေးသူတွေ၊ ပြည်ပမှာ ယာယီခိုလှုံခွင့်တောင်းခံသူတွေ အများအပြားရှိနေပြီး အဲဒီအထဲမှာ NLD အစိုးရအဖွဲ့ဝင်ဟောင်းတွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်အမတ် အများအပြားလည်း ပါဝင်နေတာ ဖြစ်ပါတယ်။


အောင်မြတ်သူ/ VOA Burmese

https://burmese.voanews.com/a/crph-member-nld-middle-Burma-arrested-by-soldier-in-pakhokku-township-/6001527.html

မကွေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီဝင်တဦး ဖမ်းဆီးခံရ မကွေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီဝင်တဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 06:25 Rating: 5

No comments:

Powered by Blogger.