ရွှေဘိုမြို့နယ်ထဲက ရွာတချို့ကို စစ်ကောင်စီနဲ့ ပျူစောထီးတို့ ဝင်ရောက်စီးနင်းထား

 

ရွှေဘိုမြို့နယ်ထဲက ရွာတချို့ကို စစ်ကောင်စီနဲ့ ပျူစောထီးတို့ ဝင်ရောက်စီးနင်းထား စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ကျေးရွာတစ်ရွာမှာ ၂၀၂၁၊ ဇူလိုင် ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့စဉ်

Photo: Citizen Journalist


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ပလိုင်း၊ ဂုန်တန်၊ ကန်သာ စတဲ့ ရွာတွေကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီး အဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းထားပြီး ရွာသားတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံ တစ်ဦးက RFA ကိုပြောပါတယ်။

ပလိုင်း၊ ဂုန်တန်၊ ကန်သာရွာတွေက ရွာသား ၁၂ ယောက်ကို ဖမ်းဆီးထားပြီး သြဂုတ်လ ၁၂ ရက်နေ့က အဖမ်းခံထားရတဲ့ ဂုန်တန်ရွာသား အသက် ၄၀ အရွယ် ကိုနန် ဆိုသူကို စစ်သားတွေက ပစ်သတ်လိုက်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့မေးတာ မရတော့ သတ်ပစ်လိုက်တာ။ လက်လွန်တာကို မဟုတ်ဘူး။ သူတို့တပ်စွဲထားတဲ့ ပလိုင်း စာသင်ကျောင်းထဲမှာ ပစ်သတ်လိုက်တာ။ အလောင်းပြန်ပေးပေမယ့် မိသားစုတွေ သွားမယူရဲလို့ မယူရဘူး”

ပလိုင်းရွာကို ဇူလိုင် ၁၈ ရက်နေ့က စစ်သားအင်အား ၅၀၊ ပျူစောထီးအင်အား ၂၀ လောက်နဲ့ ဝင်ရောက်စီးနင်း တပ်စွဲထားပြီး ရွာသားတွေကို ဖမ်းဆီးတာ၊ နေအိမ်တွေကို မီးရှို့ဖျက်စီးတာ၊ အစားအသောက်ရိက္ခာတွေကို ယူသွားကြတယ်လို့ ဆိုပါတယ်။

ပလိုင်းရွာထဲက ကုန်စုံဆိုင်ကနေ ဟင်းချက်တဲ့ ဆီပေပါ ခြောက်လုံး၊ ဆန်အိတ် ၈၀ နဲ့ အခြား စားသောက်ကုန် ပစ္စည်းတွေကို ယူသွားကာ အိမ် ခြောက်လုံးကို ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ပလိုင်းရွာက နေအိမ်တစ်လုံး မီးရှို့ခံရပြီး တစ်ဆက်တည်းဖြစ်တဲ့ စပါးတိုက်က စပါးတင်း ၆၀၀၀ နဲ့ စပါးရိတ်စက် နှစ်လုံးလည်း မီးထဲပါသွားသလို ကန်သာရွာက ဈေးဆိုင်တစ်ဆိုင်ကိုလည်း မီးရှို့လိုက်လို့ စပါးတိုက်ထဲက စပါးတင်း ၃၀၀၀ မီးထဲပါသွားပြီး စုစုပေါင်း စပါးတင်း ၉၀၀၀ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ပလိုင်းရွာထဲကပဲ ဆိုင်ကယ် အစီးနှစ်ရာ့ငါးဆယ်နဲ့ အိမ်တွေထဲ မှာလှောင်ထားတဲ့ စပါးတင်းပေါင်း တစ်သောင်းလောက်ကိုလည်း ကားပေါ်တင်ယူသွားတယ်လို့ ပြောပါတယ်။  

ပလိုင်းရွာနဲ့ တစ်ဆက်တည်းဖြစ်တဲ့ ကွန်ဆိပ်ကျေးရွာက အသက် ၅၀ အရွယ် ဦးသိန်းတင် ဟာလည်း ဇူလိုင်လ ၂၁ ရက်နေ့က စစ်ကောင်စီတပ်သားတွေက ကားနဲ့လိုက်တိုက်ပြီး သေနတ်နဲ့ လိုက်ပစ်လို့ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ပလိုင်းရွာနဲ့ ခုနစ်မိုင်လောက်ဝေးတဲ့ ဆိပ်ခွန်ရွာမှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့က ရွာသား လေးယောက်ကို စစ်ကောင်စီတပ်တွေက ပစ်သတ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့နယ်ထဲက ဒေသခံ PDF တပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လမ်းတွေမှာ မိုင်းခွဲ တိုက်ခိုက်တာ၊ ပြောက်ကျား တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီသတင်းပေးသူတွေ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေကို သုတ်သင်နေကြတဲ့ဒေသ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/soldiers-came-to-some-villages-in-shwebo-08172021074211.html

ရွှေဘိုမြို့နယ်ထဲက ရွာတချို့ကို စစ်ကောင်စီနဲ့ ပျူစောထီးတို့ ဝင်ရောက်စီးနင်းထား  ရွှေဘိုမြို့နယ်ထဲက ရွာတချို့ကို စစ်ကောင်စီနဲ့ ပျူစောထီးတို့ ဝင်ရောက်စီးနင်းထား Reviewed by THITHTOOLWIN on 23:11 Rating: 5

No comments:

Powered by Blogger.