တောင်ကြီးမြို့ဝင်၊ထွက် စစ်ကောင်စီ စစ်ဆေးရေး တင်းကြပ်နေ


သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အဝင်၊ အထွက် နှင့် မြို့တွင်းတွင် စစ်ကောင်စီ အုပ်စုမှ စစ်ဆေးရေး တင်းကြပ်နေကြောင်း စုံစမ်းသိရသည်။

တောင်ကြီးမြို့တွင် ယမန့်နေ့ ဩဂုတ် (၂၄) က ၂၁၂ ဈေးနားတွင် ဗုံးပေါက်သည့်ဟု သတင်းထွက်ပေါ်လာသောကြောင့် စစ်ကောင်စီ က  ယနေ့ ဩဂုတ် (၂၅) ရက်နေ့တွင် စစ်ဆေးမှုပိုပြုလုပ်လာခဲ့ကြောင်း တောင်ကြီးမြို့ ဒေသခံ အမျိုးသားတဦးကပြောသည်။

“ တောင်ကြီးအတက်လမ်း၊ မြို့ဝင်ထွက်လမ်း အကုန်စစ်တယ်။ ဒီနေ့တော့ ထ- ၁ နား၊ ကန်ထောင့်နားအဲ့မှာရှိတယ်။  အစစ်ကြမ်းတာက မနေ့က (၂၁၂) ဈေးဖက်မှာ ဗုံးပေါက်တယ်ပြောလို့လေ။ ဖုန်းရယ်၊ ကားထဲပါတဲ့ပစ္စည်းတွေပဲစစ်တာ။ အသွားလာကတော့ ပုံမှန်ပဲ” ဟု တောင်ကြီးမြို့ ဒေသခံအမျိုးသား တဦးက ပြောသည်။ 

စစ်ဆေးမှုများပြုလုပ်သည့် အပြင် ယမန့်နေ့ညက ရွှေတောင်ရပ်ကွက်တွင် နေထိုင်သည့် လူငယ် (၃) ဦး ကိုလည်း စစ်ကောင်စီများက ဖမ်းဆီးသွားသေးကြောင်း ဒေသခံများသတင်းပေးပို့ချက်အရသိရသည်။ 

“ (၃) ဦးပါသွားတယ်လို့ပြောတယ်။ သေချာတော့မသိရသေးဘူး။ အဲ့ဖက်မှာ မနေ့က ဓာတ်မီးနဲ့ထိုးပြီး လိုက်ရှာစစ်ဆေးနေတာ။ “ထွက်လာခဲ့”လို့တောင်အော်ခေါ်သေးတယ်” ဟု တောင်ကြီးမြို့ အမည်နှင့် နေရာမဖော်လိုသည့် အမျိုးသားတဦးက ပြောသည်။ 

သို့သော် ထိုလူငယ် (၃) ဦး ဖမ်းဆီးခံရမှု ရှိမရှိကို သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

ယခုရက်ပိုင်းတွင် တောင်ကြီးမြို့အပြင်သျှမ်းပြည်တဝှမ်းရှိ တခြားမြို့များလည်း စစ်ဆေးမှုပို ပြုလုပ်လာခဲ့ကြောင်းသိရသည်။ 

ထိုတူ သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင်လည်း ယခုရက်ပိုင်း စစ်ဆေးမှုများကို ပိုလုပ်လာနေလျက်ရှိကြောင်း သိရသည်။ 

“ ဟုတ်တယ် အဖွဲ့စုံနဲ့ စစ်ဆေးမှုတွေတော့ မကြာခဏလုပ်နေတယ်။ အဓိကတော့ အောက်ဈေးနဲ့ အပေါ်ဈေး တစ်ဝိုက်မှာလုပ်တာပေါ့။ ခုရက်ပိုင်းပြန်စစ်တဲ့သဘောပါ။  Mask (နှာခေါင်းစည်း)၊ အပြင်ထွက်လက်မှတ်တွေက အဓိကထားစစ်တာပါ။” ဟု အောင်ပန်းမြို့ ဒေသခံတဦးက ပြောသည်။ 

ထိုအပြင် စစ်ဆေးရာတွင် စစ်ကောင်စီလက်အောက်ခံ ထွေအုပ်၊ စည်ပင်နှင့် စစ်သားတစ်ချို့က ရပ်တန့်စစ်ဆေးနေပြီး၊ တဖက်တွင်လည်း စရဖ နှင့် ရဲ၊ စစ်သားတစ်ချို့တို့က အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ပြီး ကင်းလှည့်နေလျက်ရှိကြောင်း သိရသည်။

“ ထွေအုပ် နဲ့အတူ စည်ပင်အဖွဲ့တွေက စစ်သားနဲ့ ရပ်ပြီးစစ်ဆေးနေတာ။ ပြီးတော့ ထပ်တစ်ဖွဲ့က ကားနဲ့ အရပ်ဝတ်ပြီးတော့ ကင်းလှည့်စစ်ဆေးတာ။ လက်နက်အပြည့်ပါတယ်။ စရဖ အဖွဲ့နဲ့ စစ်သား၊ ရဲတွေပါတယ်။ ရဲကားတစ်စီးနဲ့ စစ်ကား ၂ စီးလောက် ကင်းလှည့်တယ်။” ဟု အောင်ပန်းမြို့ ဒေသခံတဦးက ပြောသည်။ 

ထိုသို့ စစ်ဆေးမှု ပြုလုပ်နေခြင်းကြောင့် ပြည်သူများလည်း နေအိမ်မှ အပြင်ထွက်ရန်အတွက် စိုးရိမ်နေ ကြရကြောင်း သိရသည်။ 

“ စိုးရိမ်ကြတာပေါ့။ စိုးရိမ်လို့ကြောက်လို့ တစ်ချို့က အပြင်ထွက်ခွင့်လက်မှတ်ရဖို့အတွက် သွားစောင့်ယူနေကြရတာ။ တစ်ချို့ကလည်း စေတနာ ငွေကြေးပေးပြီးတော့ သွားစောင့်ယူနေကြတာလည်း ရှိတယ်။” ဟု အထက်ပါ အောင်ပန်းမြို့ ဒေသခံက ပြောသည်။ 

အလားတူ ယမန့်နေ့ ဩဂုတ် ၂၄ တွင်လည်း စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှု နှင့် အတူ စစ်သားများက NUG နှင့် NLD ပါတီဝင် များကို လက်ခံထောက်ပံ့မှုများ ပြုလုပ်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ကားများဖြင့် လိုက်လံ ဆော်သြခဲ့ကြောင်းသိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

တောင်ကြီးမြို့ဝင်၊ထွက် စစ်ကောင်စီ စစ်ဆေးရေး တင်းကြပ်နေ တောင်ကြီးမြို့ဝင်၊ထွက် စစ်ကောင်စီ စစ်ဆေးရေး တင်းကြပ်နေ Reviewed by THITHTOOLWIN on 19:16 Rating: 5

No comments:

Powered by Blogger.