စစ်ရှောင်စခန်းတွေမှာ ကိုဗစ်ကူးစက်မှုတွေ ရှိလာ

 ကချင်ပြည်နယ်တွင်း စစ်ရှောင်စခန်းတခု

အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်စခန်းတွေမှာ ကိုဗစ်ကူးစက်မှုတွေ စတင်တွေ့လာရပြီလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ချင်း၊ ကချင်၊ ကယားနဲ့ စစ်ကိုင်းတိုင်းဒေသအတွင်းက စစ်ရှောင်စခန်းတွေမှာ ကိုဗစ်အတည်ပြုလူနာတွေ တွေ့ရှိနေတာဖြစ်ပြီး မင်းတပ်မြို့မှာ တခြားဒေသကို စစ်ရှောင်သွားရင်း ပိုးကူးစက်လာသူတဦးသေဆုံးခဲ့ပါတယ်။

ချင်းတိုင်းရင်းသား စစ်ရှောင်တွေအများဆုံးရှိတဲ့ မကွေးတိုင်း ဆောမြို့နယ် စံကျေးရွာနဲ့ တေးရွာမှာလည်း ဒေသခံနှစ်ဦး ကိုဗစ်နဲ့ သေဆုံးခဲ့တယ်လို့ မင်းတပ်မြို့က စစ်ရှောင်ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုလောရင့်က အတည်ပြုပါတယ်။

လွိုင်ကော်မြို့ အရှေ့ဘက် ဆင်စစ်ရှောင်စခန်းမှာလည်း နှစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၈ ဦး တွေ့ရှိထားပြီး ကိုဗစ်နဲ့ဆိုင်တဲ့ ကာကွယ်ကုသရေး ပစ္စည်းတွေ လိုအပ်နေတယ်လို့ အဲဒီစစ်ရှောင်စခန်းစခန်းရဲ့ တာ၀န်ရှိသူတဦးက ပြောပါတယ်။

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နားက စစ်ရှောင်စခန်းတွေနဲ့ စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာလည်း ကိုဗစ်ကူးစက်မှုတွေ ပျံ့နှံ့နေပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ကိုဗစ် တတိယလှိုင်းဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က အသက် ၆၅ နှစ်နဲ့အထက် အရပ်သားတွေကို တရုတ်နိုင်ငံထုတ် ကိုဗစ် ကာကွယ်ဆေးတွေ စတင်ထိုးပေးနေပေမယ့် ပိုးကူးစက်မှုဦးရေ၊ သေဆုံးသူ ဦးရေကတော့ ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။

မြန်မာမှာ ကိုဗစ် ကူးစက်သူ သုံးသိန်းကျော်နဲ့ သေဆုံးသူ တစ်သောင်းကျော်ရှိတယ်လို့ တရားဝင် ကိန်းဂဏန်းတွေက ဖော်ပြပေမဲ့ မြေပြင်အရေအတွက်က ဒီ့ထက်များစွာပိုတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက အချက်အလက်တွေအရ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-58072010

စစ်ရှောင်စခန်းတွေမှာ ကိုဗစ်ကူးစက်မှုတွေ ရှိလာ  စစ်ရှောင်စခန်းတွေမှာ ကိုဗစ်ကူးစက်မှုတွေ ရှိလာ Reviewed by THITHTOOLWIN on 23:52 Rating: 5

No comments:

Powered by Blogger.