နိုင်ငံတစ်ဝန်းမှာ အကျဉ်းသား ၆ဝဝ ကျော် ကိုဗစ်ကူးစက်ခံထားရ



စစ်တပ်အာဏာသိမ်းပြီးနောက် တကျော့ပြန် ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းအတွင်း နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေထဲမှာ Covid -19 ရောဂါပိုး ကူးစက်ခံရသူ ၆၀၀ ကျော်ရှိပြီး အဲ့ဒီထဲမှာ လူသိများထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်တယ်လို့ မိသားစုဝင်တွေနဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေက RFA ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁ရက် မနက်ပိုင်းကတည်းက ဖမ်းဆီးခံလိုက်ရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ မန္တလေး အိုးဘိုထောင်မှာ အကျဉ်းချခံထားရချိန် သြဂုတ်လ ၆ ရက်နေ့မှာ Covid-19 ရောဂါပိုး ကူးစက်ခံခဲ့ရပြီး အခုချိန်ထိ မန္တလေးဆေးရုံကြီးမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရပါတယ်။

အသက် ၇၀ အရွယ် ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာအပြင် ရောဂါလေးမျိုးလောက် တပြိုင်တည်း ခံစားနေရတာကြောင့် အခုလို Covid-19 ရောဂါ ကူးစက်ခံလိုက်ရတဲ့အပေါ် အလွန်အမင်း စိုးရိမ်မိတယ်လို့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေဖြစ်သူ ဒေါ်ရွက်နုအောင်က RFA ကိုပြောပါတယ်။

“ဆရာဇော်ရဲ့ ကျန်းမာရေးအခြေအနေက အားလုံးသိထားတဲ့အတိုင်းပဲ သွေးကင်ဆာပေါ့။ဒါကလုံးဝကို ရောဂါအကြီးကြီးဖြစ် နေတာ လူတိုင်းသိနေတယ်။ သွေးကင်ဆာအပြင်ကို ထပ်ပြီးတော့ သူက ဆီးချိုတွေ၊ နှလုံးတွေ၊ သွေးတိုးတွေ နောက် တီဘီ ပေါ့။ အဲ့လိုရောဂါတွေ အများကြီးရှိနေတာ။ ဒါကြောင့် ကျွန်မတို့အမြဲတမ်း စိုးရိမ်နေတာ။ Covid-19 ဖြစ်နေတဲ့အချိန်မှာတော့ ကျွန်မတို့ရဲ့စိုးရိမ်မှုဟာ ပြောမပြတတ်လောက်အောင်ကို စိုးရိမ်ပါတယ်”

ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၊၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွေမှာ ဆက်တိုက်အနိုင်ရရှိခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်ပါတယ်။
၂ဝ၂ဝ နှစ်ကုန်ပိုင်းက ဇနီးဖြစ်သူနဲ့အတူ တွေ့ရတဲ့ ဒေါက်တာဇော်မြင့်မောင်။ (Photo: CJ)

မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဒေါက်တာဇော်မြင့်မောင်ကို လက်ရှိ အာဏာသိမ်းစစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ တို့နဲ့ တရားစွဲဆိုထားပါတယ်။

အလားတူ ကြားဖြတ်ရွေးကောက်ပွဲအပါအဝင် ရွေးကောက်ပွဲ လေးကြိမ်ဆက်တိုက် အနိုင်ရခဲ့တဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်သူ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုဟာလည်း စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးတဲ့နောက် အခုသြဂုတ်လ ဒုတိပတ်အတွင်းက မကွေးအကျဉ်းထောင်မှာ Covid-19 ရောဂါပိုးကူးစက်ခံထားရတယ်လို့ ဒေါက်တာအောင်မိုးညိုရဲ့ ညီဖြစ်သူ ဦးအောင်သူညိုက RFA ကို ပြောပါတယ်။

“ရောဂါကူးစက်ခံရတာ ဟုတ်တယ်၊ ဒါပေမယ့် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို အကျဉ်းဦးစီးဌာနက စီစဉ်ပေးနိုင်ပုံရပါတယ်။ကျန်းမာရေးလည်း ကောင်းမွန်တယ်၊ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှုလည်း ရှိနေတယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့ ကြားသိရပါတယ်။ မစိုးရိမ်ရဘူးပေါ့ "

ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုနဲ့ အလုပ်နဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်ထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ တွေနဲ့လည်း ထပ်မံတရားစွဲဆိုထားပါတယ်။

မေလ၂၅ ရက်နောက်ပိုင်း အကျဉ်းထောင်တွေမှာ Covid -19 ကူးစက်ခံရသူ ၆၀၀ ကျော် ရှိခဲ့ပေမယ့် ၅၀၀ ကျော် ပြန်လည် သက်သာသွားပြီလို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးချမ်းအေးကျော်က ပြောပါတယ်။ အကျဉ်းထောင်တွေအတွင်း Covid-19 ကူးစက်ခံရပြီး အသက်ဆုံးရှုံးသူတွေ ရှိနေပေမယ့် အရေအတွက် အတိအကျကို ထုတ်ဖော်ပြောဆိုဖို့ကိုတော့ သူက ငြင်းဆန်ပါတယ်။
၂ဝ၂ဝ ဧပြီလက မြင်တွေ့ရတဲ့ မန္တလေး ဗဟိုအကျဉ်းထောင်မြင်ကွင်း။ (Photo: RFA)
လက်ရှိမှာ နိုင်ငံရေးအကျဥ်းသားတွေကို ထားလေ့ရှိတဲ့ အိုးဘိုထောင်၊ အင်းစိန်ထောင်၊ ပဲခူးထောင်၊ ခန္ထီးထောင်နဲ့ ရမည်းသင်းထောင်တွေမှာ Covid-19 ကူးစက်ခံရသူတွေ ရှိနေဆဲဖြစ်ပြီး သူတို့ကို ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝ ပေးထားတယ်လို့သာ အကျဉ်းဦးစီးဌာနပြောရေးဆိုခွင့်ရှိသူ ဦးချမ်း အေးကျော် က RFA ကို ပြောပါတယ်။

“သူတို့ကိုတောင် ဦးစားပေးပြီးတော့ ကာကွယ်ဆေးထိုးပေးထားတာ။ သူတို့(အကျဉ်းသားတွေ)က အပြင်ကလူတွေနဲ့စာရင် လူနေသိပ်သည်းလို့ ကာကွယ်ဆေးကို သူတို့ကို အရင်ဆုံး ထိုးပေးတာ။ အကျဉ်းထောင်အတွင်း ကာကွယ်တဲ့ လုပ်ငန်းတွေမှာလည်း အကျဉ်းသားတွေ ရောက်လာတာနဲ့ ကျွန်တော်တို့က စစ်တယ်။ စစ်ပြီး Positive ဖြစ်ရင် လက်မခံဘူး။ Negative ဖြစ်ရင်တောင်မှ အပြင်မှာပဲ လက်ခံပြီး သူတို့ကို ၁၄ ရက် စောင့်ကြည့်ပြီး မရှိမှ အကျဉ်းထောင်ထဲကိုသွင်းတာ"

မြန်မာနိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေထဲ Covid-19 ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပေါ်လာလို့ စစ်ကောင်စီဟာ ဇူလိုင် ၂၈ ရက် ကစပြီး အကျဉ်းသားတွေကို Covid-19 ကာကွယ်ဆေးထိုးနှံ့ပေးခဲ့တယ်၊ သြဂုတ်လ ၂၀ ရက်အထိ အကျဉ်းထောင် ၄၆ ခုမှာရှိတဲ့ အကျဉ်းသား လေးသောင်းကျော်ကို Covid-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံ့ထားပြီး ဒုတိယအကြိမ်ကို ၂၈ ရက်အတွင်း ထိုးပေးမယ်လို့ ဦးချမ်းအေးကျော်က ပြောပါတယ်။

စစ်ကောင်စီဟာ သူတို့ကိုဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေနဲ့ ပညာရှင်တွေကို မြေလှန်ရှာဖွေပြီး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းထားပါတယ်။ မေလ ၂၅ ရက်နောက်ပိုင်း အကျဉ်းထောင်တွေအတွင်း Covid-19 ကူးစက်မှုတွေရှိလာပြီး ထင်ရှားတဲ့ နိုင်ငံရေးသမားတွေဖြစ်တဲ့ NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်း၊ NLD ပဲခူးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေ တို့အပြင် မန္တလေးဆေးတက္ကသိုလ် ခွဲစိတ်အထူးကုပညာ ကထိကဆရာဝန်ကြီး ဒေါက်တာမောင်မောင်ငြိမ်းထွန်း တို့ဟာ Covid-19 ရောဂါနဲ့ အကျဉ်းထောင်တွေထဲမှာပဲ အသက်ဆုံးခဲ့ရပါတယ်။
အင်းစိန်အကျဉ်းထောင်တွင် ဇူလိုင်လ ၂၈ ရက်နေ့က အကျဉ်းသားတစ်ဦးကို သွေးပေါင်ချိန်တိုင်းတာပေးနေစဉ်။ (Photo: AFP)
နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ပညာရှင်တွေ Covid-19 ကြောင့် အသက်ဆုံးရှုံးခဲ့ရတာအပါအဝင် ထောင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းလို့ ဇူလိုင်လ၂၃ ရက်နေ့က အင်းစိန်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေ ဦးဆောင် ဆန္ဒပြခဲ့သလို သြဂုတ် ၈ ရက်နေ့မှာလည်း မန္တလေး အိုးဘိုထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

အကျဉ်းထောင်အတွင်း Covid-19 ကူးစက်ခံရပြီး သေဆုံးခဲ့တာတွေအတွက် စစ်ကောင်စီမှာ အပြည့်အဝတာဝန်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တာဝန်ရှိ သူတစ်ဦးက ထောက်ပြဝေဖန်ပါတယ်။

“အခု Covid-19 တတိယလှိုင်းမှာ အကျဉ်းထောင်ထဲမှာ ကူးစက်ခံရသူတော်တော်များတယ်။ သေဆုံးသွားတဲ့သူတွေလည်း အမြောက်အများဖြစ်နေတယ်။ ဒါက အင်မတန်စိုးရိမ်စရာကောင်းတဲ့ အချက်ပဲ။အကျဉ်းထောင်ထဲမှာ ကပ်ရောဂါကြောင့် သေဆုံးခဲ့ရတဲ့သူတွေနဲ့ ပတ်သက်လို့ ဒီစစ်ကောင်စီမှာပဲ တာဝန်ရှိတယ်။နိုင်ငံတကာအနေနဲ့လည်း အပြင်လောကတင်မဟုတ်ဘူး အကျဉ်းထောင်ကိုပါ ကူညီဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ တိုက်တွန်းလိုတယ် “

လက်ရှိမှာ အကျဉ်းထောင်တွေအတွင်း ကိုဗစ်ရောဂါ ကူးစက်မှု တိုးလာနေတာကြောင့် အသက်ကြီးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ နဂိုရောဂါအခံ ရှိသူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကာကွယ်မှုတွေ လုပ်ပေးဖို့၊ အကျဉ်းသားတွေကို ဆေးစစ်ပေးဖို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch အဖွဲ့က သြဂုတ် ၁၆ ရက်နေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။

ဒါ့အပြင် လုံခြုံရေးအရ အန္တရာယ်သိပ်မရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးသင့်တယ်လို့လည်း HRW ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနဲလ်ကို ဇူလိုင်လ ၂၈ ရက်နေ့က ကျန်းမာရေးစမ်းသပ်ပေးနေစဉ်။ (Photo: AFP)
အကျဉ်းသားတွေကို ကူညီပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း(ICRC) ကတော့ မြန်မာနိုင်ငံက အကျဉ်းထောင်တွေအတွင်း အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေတာတွေကို သိရှိပေမယ့် ကပ်ရောဂါ စဖြစ်ကတည်းက ICRC ဟာ အကျဉ်းထောင်တွေအတွင်း လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စတွေအတွက် သွားရောက်ခွင့် မရတော့လို့ အဝေးကနေပဲ ထောက်ပံ့မှုတွေ ပြုလုပ်နေရတယ်လို့ (ICRC) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ပြန်ကြားရေး မန်နေဂျာ Jacqueline Fernandez က RFA ကို အီးမေးလ်ကနေတဆင့် ဒီကနေ့ ဩဂုတ်လ ၂၀ ရက်နေ့မှာ ပြန်လည်ဖြေကြားထားပါတယ်။

လက်ရှိမှာ အကျဉ်းသားတွေကို ပြန်လွှတ်ပေးရေးနဲ့ မိသားစုတွေဆီ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိရေးအတွက် ICRC က အားပေးသလို၊ အကျဉ်းထောင်တွေအတွင်း သွားရောက်နိုင်ဖို့ကိုလည်း သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆွေးနွေးနေတယ်လို့ သူက ထည့်သွင်းဖြေကြားထားပါတယ်။

အကျဉ်းဦးစီးဌာနရဲ့စာရင်းတွေအရ မြန်မာနိုင်ငံတစ်ဝန်းက အကျဉ်းထောင် ၄၆ ခုမှာအကျဉ်းကျခံနေရတဲ့ အကျဉ်းသား စုစုပေါင်း လေးသောင်းကျော် ရှိပါတယ်။ အဲ့ဒီထဲက ၅၇၄၇ ဦးဟာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ သြဂုတ်လ ၂၀ ရက်နေ့ စာရင်းတွေအရ သိရပါတယ်။

RFA Burmese
နိုင်ငံတစ်ဝန်းမှာ အကျဉ်းသား ၆ဝဝ ကျော် ကိုဗစ်ကူးစက်ခံထားရ နိုင်ငံတစ်ဝန်းမှာ အကျဉ်းသား ၆ဝဝ ကျော် ကိုဗစ်ကူးစက်ခံထားရ Reviewed by THITHTOOLWIN on 23:44 Rating: 5

No comments:

Powered by Blogger.