ဗန်းမော်မြို့အထွက် စစ်တပ်ဂိတ်တွင် ခရီးသွားများကို ငွေကြေးတောင်းခံနေ


August 25, 2021

ဗန်းမော်မြို့အထွက် မံစီသွားလမ်းမပေါ်ရှိ ဖန်ခါးကုန်း (Hpang Ga Kawng) စစ်တပ်ဂိတ်သည် Covid-19 အကြောင်းပြကာ ဖြတ်သန်းသွားလာသူများကို ထောက်ခံစာပြခိုင်းပြီး မပြနိုင်ပါက ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ဩဂုတ်လဆန်းပိုင်းမှစတင်ပြီး ဗန်းမော် မံစီလမ်းရှိ ဖန်ခါးကုန်း ဂိတ်တွင် ငွေကြေးပေးဆောင်သူတိုင်းသည် ကိုဗစ်-၁၉ ကာလ မြို့နယ်ကူး ခရီးသွားလာခွင့် လက်မှတ်ပြစရာမလိုဘဲ ဖြတ်သန်းခွင့်ပေးနေကြောင်း ကြုံတွေ့ခဲ့ရသည့် ဗန်မော်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“သူက ကိုဗစ် စည်းကမ်းဆိုပြီး ဂိတ်ကို အရင်တုန်းကလို ဖြတ်ခွင့်မပေးဘူး။ ဖြတ်မယ်ဆိုရင် လက်မှတ်ပါရတယ်။ လက်မှတ်မပါရင် လုံးဝမဖြတ်ခိုင်းဘူး။ ဒါပေမယ့် ပိုက်ဆံပေးရင်တော့ ဖြတ်ခိုင်းတယ်။ လက်မှတ်မပါတဲ့သူတိုင်းက ပိုက်ဆံပေးပြီး ဖြတ်နေကြတာဘဲ။ ကျနော်ကိုယ်တိုင်လည်း ပိုက်ဆံတောင်းတာကြုံခဲ့ရတယ်။ ဒါပေမယ့် ကျနော်က လုံးဝပိုက်ဆံမပေးဘူး။ မပေးတော့လည်း မဖြတ်ခိုင်းကြဘူး” ဟု ပြောဆိုသည်။

ဖန်ခါးကုန်း စစ်တပ်ဂိတ်တွင် လက်မှတ်မပါဘဲ ဖြတ်သန်းခွင့်ရရန် တစ်ဦးလျှင် ကျပ် ၅ ထောင်မှ တစ်သောင်းအထိ ပေးရပြီး သွားလာသည့် ပြည်သူအပေါ်မူတည်ကာ တောင်းဆိုမှုလည်း မတူတတ်ကြောင်း သူက ဆက်ပြောသည်။

တဖက်တွင် ဗန်းမော်ဒေသခံများအပြင် ဗန်းမော်မြို့ရှိ စစ်ရှောင်များမှာလည်း ဖန်ခါးကုန်းစစ်တပ်ဂိတ်ကို ဖြတ်ကျော်ကာ တောင်ယာလုပ်ငန်းများ သွားရောက်လုပ်ငန်းစဉ် အဆိုပါ ဖြစ်စဉ်မျိုး ကြုံတွေ့ရသည်ဟု ဆိုသည်။

“ကျနော်တို့က စစ်ရှောင်စခန်းကနေ အခင်းကို ဆိုင်ကယ်နဲ့သွားရတယ်။ စစ်ရှောင်ကနေ အပြင်ထွက်တဲ့ လက်မှတ်က တစ်ရက်စာအတွက်ဘဲ ဖြစ်တယ်။ ကျနော်တို့က သွားရင် တစ်ရက်ထဲနဲ့ပြန်လာလို့မရဘူး။ အနည်းဆုံး တစ်ပတ်လောက်ကြာသွားတယ်။ အဓိကတော့ ဆိုင်ကယ်ဆီဖိုး မတတ်နိုင်လို့ပေါ့။ ပြန်လာပြီဆိုရင် ဂိတ်မှာစစ်တယ်။ ခွင့်ပြုတဲ့ ရက်ကကျော်သွားတော့ ဂိတ်မှာမဖြတ်ခိုင်းဘူး။ ဂိတ်မှာ ပိုက်ဆံပေးဖို့က ပိုက်ဆံလည်းမရှိဘူး။ ဂိတ်ဖြတ်ခွင့်ရဖို့အတွက် စစ်ရှောင်စခန်းကို လှမ်းပြောပြီး လက်မှတ်ပြန်လုပ်ခိုင်းရတာတွေရှိတယ်။ လက်မှတ်ပြန်ပြမှ သွားခွင့်ရခဲ့တာတွေရှိတယ်။ အဲ့ကြောင့် ကျနော်တို့မှာ အရမ်းခက်ခဲနေရပါတယ်” ဟု အမည်မဖော်လိုသော ဗန်းမော် စစ်ရှောင်စခန်းတစ်ခုမှ ပြည်သူတစ်ဦးက KNG ကို ပြောဆိုသည်။

ကိုဗစ်ကာလ စစ်ရှောင်စခန်းများတွင် စားဝတ်နေရေးခက်ခဲသည့် ပြဿနာကြုံတွေ့နေရသဖြင့် တောင်ယာ လုပ်ငန်းဖြင့် ဝမ်းရေးပြသနာဖြေရှင်းရန်ကြိုးစားနေသော စစ်ရှောင်များကို စစ်ရေးဂိတ်များတွင် လွတ်လပ်စွာ ဖြတ်သန်းခွင့်ပြုရန် လိုအပ်ကြောင်း စစ်ရှောင်များက ပြောသည်။

ဗန်းမော်မြို့နယ်တွင် ဖြတ်သန်းရန်အလွန်ခက်ခဲသည့် စစ်တပ်ဂိတ် ၂ ခုရှိပြီး ၎င်းတို့မှာ ဗန်းမော်- မံစီလမ်း ဖန်ခါးကုန်းဂိတ်နှင့် ဗန်းမောက်- မိုးမောက်လမ်း စည်အိမ် (Je Ing) ဂိတ်တို့ဖြစ်သည်။


Kachin News Group

https://www.facebook.com/theKachinNews

ဗန်းမော်မြို့အထွက် စစ်တပ်ဂိတ်တွင် ခရီးသွားများကို ငွေကြေးတောင်းခံနေ ဗန်းမော်မြို့အထွက် စစ်တပ်ဂိတ်တွင် ခရီးသွားများကို ငွေကြေးတောင်းခံနေ Reviewed by THITHTOOLWIN on 19:00 Rating: 5

No comments:

Powered by Blogger.