မင်းတုန်းမှာ ရေကြီးရေလျှံဖြစ်လို့ ရိတ်သိမ်းခါနီး နှမ်းတွေ ဧကရာချီ ဆုံးရှုံး


မင်းတုန်း၊ ဩဂုတ် ၆၊ ၂၀၂၁။

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် တောင်ခြမ်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လွှာချောင်း၊ ပဲမြောက်ချောင်းတို့ ရေကြီးရေလျှံဖြစ်ကာ ရိတ်သိမ်းခါနီး နှမ်းတွေ ဧကရာချီ ရေနောက်မျောပါသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

လူနေအိမ်တချို့လည်း ရေနစ်မြုပ်နေပြီး မဲဇလီရဲကင်းရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ခွဲတို့က ကူညီမှုတွေလုပ်ဆောင်ပေး နေရတယ်လို့ သိရပါတယ်။

"မိုးသည်းတာရော ချောက်တကာ့ချောက်နဲ့ တောင်ကျရေ လွှာချောင်းရေ အဲဒါတွေပေါင်းဆုံသွားတာ နှမ်းကအဲလိုပါဘဲနှမ်းကနတ်ကြီးတယ်။ အပင်ဘယ်လောက်ကောင်းကောင်း အသီးဘယ်လောက်အောင်အောင် အိမ်မရောက်သေးရင်ကိုယ့်ဟာလို့တွေးမရဘူး" လို့ နှမ်းစိုက်တောင်သူတဦးက ပြောပါတယ်။

မင်းတုန်းမြို့နယ်ဟာ အနောက်ရိုးမမှာ မိုးသည်းထန်ရင် အခုလိုကြုံရတတ်ပေမဲ့ အခုတော့ရေကြီးရေလျှံမှုတွေ မဖြစ်တာ တနှစ်ကျော်လောက်ရှိပြီလို့ သိရပါတယ်။

"မနက်လေးနာရီလောက် အိမ်ထဲရေစဝင်တယ်။ ၅ နာရီကျလူက လွတ်ရာသွားရတော့တယ်။ အိမ်က ၂ ထပ်ဆိုတော့ပစ္စည်းတွေ အပေါ်တင် မတင်နိုင်တဲ့ စားပွဲကုလားထိုင်တွေ က ပေါလောနဲ့ ကျန်ခဲ့တာဘဲ" လို့ အိမ်ရေနစ်မြုပ်ခံရတဲ့အမျိုးသမီးတဦးက ပြောပါတယ်။

ရေကြီးရေလျှံမှုကြောင့် သရက်အုပ်ကွင်း၊ ရေပုလဲကွင်း၊ မဲဇလီကွင်း၊ တောင်မြင့်နဲ့ ကပိုင် စတဲ့ ကျေးရွာတွေက တောင်သူတွေရဲ့ နှမ်းခင်းတွေနဲ့ နှမ်းထောင်တွေ ရေနောက်မျောပါကုန်ကြောင်းနဲ့ ပုသိမ်မုံရွာလမ်းမကြီးပါ ရေကျော်ကာ လတ်တလော လူနေအိမ် ၂၀ ခန့် ရေနစ်မြုပ်နေပြီး ကားတချို့ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


မြေလတ်အသံ - Myaelatt Athan 

https://www.facebook.com/myaelattathan

မင်းတုန်းမှာ ရေကြီးရေလျှံဖြစ်လို့ ရိတ်သိမ်းခါနီး နှမ်းတွေ ဧကရာချီ ဆုံးရှုံး မင်းတုန်းမှာ ရေကြီးရေလျှံဖြစ်လို့ ရိတ်သိမ်းခါနီး နှမ်းတွေ ဧကရာချီ ဆုံးရှုံး Reviewed by THITHTOOLWIN on 23:20 Rating: 5

No comments:

Powered by Blogger.