ကိုဗစ်ကြောင့် သေဆုံးနှုန်းအမြင့်ဆုံးကမ္ဘာ့နိုင်ငံတွေထဲ မြန်မာပါဝင်

ချင်းပြည်နယ်မှ ကိုဗစ်ရောဂါနဲ့သေဆုံးသူတဦးအား မြုပ်နှံစဉ် (ဓာတ်ပုံ - AFP)

ကမ္ဘာပေါ်မှာ COVID-19 ရောဂါကြောင့် သေဆုံးမှုနှုန်း နှစ်ဆတိုးလာတဲ့ နိုင်ငံတွေထဲမှာမှ အမြန်ဆုံးနှုန်းနဲ့ တိုးနေတဲ့နိုင်ငံ ၁၀ နိုင်ငံထဲမှာ ခုနစ်နိုင်ငံဟာ အာရှ-ပစိဖိတ်ဒေသကဖြစ်တယ်လို့ Our World in Data အွန်လိုင်း သိပ္ပံစာစောင်မှာ ဖော်ပြထားပါတယ်။

အဲဒီ ခုနစ်နိုင်ငံထဲမှာ မြန်မာနိုင်ငံနဲ့အတူ ဗီယက်နမ်နဲ့ ဖီဂျီနိုင်ငံတို့ ထိပ်ဆုံးငါးနိုင်ငံထဲမှာ ပါနေပါတယ်။

အရှေ့တောင်အာရှဒေသဟာ ကူးစက်မှုနှုန်းမြင့်မားတဲ့ Delta မျိုးရိုးဗီဇကွဲ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကြောင့်ရော၊ ကာကွယ်ဆေး တန်းတူမရတာကြောင့်ပါ ကမ္ဘာမှာ COVID-19 ကြောင့် သေဆုံးမှု အများဆုံးဖြစ်နေတယ်လို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ (IFRC) ကပြောပါတယ်။

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း အရှေ့တောင်အာရှဒေသမှာ COVID-19 ကြောင့်သေဆုံးသူ ၃၈,၅၂၂ ယောက် ရှိခဲ့တာကြောင့် မြောက်အမေရိကဒေသမှာ သေဆုံးတဲ့အရေအတွက်ထက် နှစ်ဆနီးပါးရှိခဲ့တယ်လို့ John Hopkins တက္ကသိုလ်က ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေကို ကိုးကားပြီး IFRC ကပြောပါတယ်။

အာဆီယံဒေသတွင်းမှာ ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း လျော့ကျစေဖို့အတွက် ချမ်းသာတဲ့နိုင်ငံတွေအနေနဲ့ သူတို့ဆီမှာပိုနေတဲ့ ကာကွယ်ဆေးတွေကို အလျင်အမြန် ဖြန့်ဝေပေးကြဖို့ IFRC အဖွဲ့ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Alexander Matheou က ဒီကနေ့ တောင်းဆိုပါတယ်။

ဗြိတိန်၊ ကနေဒါနဲ့ စပိန်နိုင်ငံတွေမှာ လူဦးရေရဲ့ ၆၀% ကျော်ကို ကာကွယ်ဆေး အပြည့်အဝထိုးပေးပြီးသွားချိန် အာဆီယံဒေသကတော့ အများကြီးနောက်ကျနေတယ်လို့ IFRC က ပြောပါတယ်။

မလေးရှားမှာ လူဦးရေရဲ့ ၃၄%၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ ၁၁% နဲ့ ဗီယက်နမ်မှာတော့ ကာကွယ်ဆေးထိုးပြီးသူ ၂% တောင်မပြည့်သေးပါဘူး။ ကမ္ဘာကြီးအနေနဲ့ ကိုဗစ်ကပ်ရောဂါကို ကျော်လွှားနိုင်ရေးအတွက် နိုင်ငံတခုချင်းစီမှာ လူဦးရေရဲ့ ၇၀% ကနေ ၈၀% အထိ ကာကွယ်ဆေးထိုးပေးဖို့ ရည်ရွယ်လုပ်ဆောင်ရမယ်လို့ Alexander Matheou ကပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-becomes-world-top-10-covid-dead-countries-/6006934.html

ကိုဗစ်ကြောင့် သေဆုံးနှုန်းအမြင့်ဆုံးကမ္ဘာ့နိုင်ငံတွေထဲ မြန်မာပါဝင် ကိုဗစ်ကြောင့် သေဆုံးနှုန်းအမြင့်ဆုံးကမ္ဘာ့နိုင်ငံတွေထဲ မြန်မာပါဝင် Reviewed by THITHTOOLWIN on 18:41 Rating: 5

No comments:

Powered by Blogger.