ရှမ်းလက်နက်ကိုင်အဖွဲ့တွေအကြားပစ်ခတ်မှု ကျေးရွာသားတချို့ထိခိုက်ဒဏ်ရာရ

ရှမ်းမြောက်ဒေသက စစ်ရှောင်တချို့ (ဓာတ်ပုံ - Courtesy)

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း TNLA ၊ SSPP ပူပေါင်းအဖွဲ့နဲ့ RCSS တို့အကြား တိုက်ပွဲ ဖြစ်ပွားတဲ့နေရာတွေမှာ ရွာသားတွေ ထိခိုက်ဒဏ်ရာရသူတွေရှိသလို၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်ပျက်စီးမှုရှိပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြသူလည်း ရှိပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို အလိမ္မာ က တင်ပြမှာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်၊း ကျောက်မဲမြို့နယ်၊ ပန်ဖြတ်ရွာနဲ့ ပန်ကွမ်ရွာဘက်မှာ TNLA တအောင်းပလောင်အဖွဲ့၊ ရှမ်းပြည်တပ်မတော် SSPP ပူးပေါင်းအဖွဲ့နဲ့ ရှမ်းပြည်တပ်မတော် RCSS အဖွဲ့တို့ကြား သြဂုတ်လ ၁၁ ရက် ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပါတယ်။

နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပန်ဖြတ်ကျေးရွာမှာ ဦးဇင်းတစ်ပါးနဲ့ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း၊ နေအိမ်တွေ ပျက်စီးမှုရှိတယ်လို့ လုံခြုံရေးအရ အမည်အဖော်လိုတဲ့ အဲ့ဒီရွာနီးနားက ဒေသခံတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။

“လက်နက်ကြီးက ဒီဘက် ဟိုဘက်ဒီဘက် အမြန်အလှန် ပစ်ရင်းနဲ့ ကျလာတာခင်ဗျ။ ဘုန်းကြီးကျောင်းတော့ နည်းနည်းထိတယ်ခင်ဗျ။ အိမ်က ကျနော်လည်း ရွာချင်းနည်းနည်းလှမ်းလို့ အတိအကျတော့ မသိဘူး။ အိမ်နှစ်လုံးတော့ ထိတယ်လို့ ပြောတယ်။ ဦးဇင်းကတော့ နည်းနည်းလေး ထိခိုက်ဒဏ်ရာရတယ်ခင်ဗျ။ အကြီးအကျယ်တော့ မဟုတ်ဘူး။ နောက်ထပ် အဖွားကြီးတစ်ယောက်လည်း ထိတယ်လို့ ကြားတယ် ခင်ဗျ။ RCSS နဲ့ TNLA ရယ် ဒီ SSPP ရယ် တပ်ပေါင်းစုနဲ့ ဖြစ်တာခင်ဗျ။”

ပန်ကွမ်မြောက်ပိုင်းရွာ တာဝန်ရှိသူတစ်ဦးကတော့ တိုက်ပွဲကြောင့် ရွာထဲကို လက်နက်ကြီးတွေ ကျရောက်လို့ ကိုယ်ရင်တစ်ပါးနဲ့ သီလရှင်တစ်ပါး ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြသူလည်း ရှိတယ်လို့ အခုလို့ ပြောပါတယ်။

“မနက် ၇ နာရီကနေ စတိုက်တာ နေ့လည် ၁၂ နာရီထိပဲ။ ဟိုဘက်တောင်၊ ဒီဘက်တောင်ဆိုတော့ မြင်နေရတာပေ့ါ။ လက်နက်ကြီးတွေကတော့ အလုံးက ၃၀၊ ၄၀ လောက်ရှိမယ်ထင်တယ်။ လက်နက်ကြီးသုံးတာတော့ လက်နက်ကြီး နှစ်ဖက်စလုံးသုံးတာနေမှာပေါ့ဗျ။ အသံကတော့ အိမ်တောင်တုန်တာပေါ့ နီးတယ်ဆိုတော့။ ပန်ဖြတ် ဘုန်းကြီးကျောင်းကတော့ ကျောင်းနည်းနည်းထိတယ်။ ဇရပ်လည်း ထိတယ်။ အိမ်လည်း နည်းနည်းထိတာပေါ့ဗျာ။ ကျနော်တို့ဆီမှာတော့ ကျနော်တို့ ဘုန်းကြီးကျောင်းဝင်းထဲလည်းကျတယ်။ ကျတော့ အထိအခိုက်သိပ်မရှိဘူ။း ဟိုဟာ ကိုယ်ရင်နဲ့ ဆရာလေး နည်းနည်းဆီပဲ ဒဏ်ရာပြင်းပြင်းထန်ထန်တော့ မဟုတ်ဘူးဗျ၊ (ထွက်ပြေးတိမ်းရှောင်တဲ့လူက) ကျနော်တို့ဘက်မှာတော့ မရှိဘူးဗျ။ ဟိုပန်ကွမ်တောင်ရွာကျတော့ ကျောက်မဲကို ပြေးရှောင်တဲ့လူ မနက်အစောပိုင်း သူတို့ စစတိုက်ချင်းကတော့ ကား ၃၊ ၄ စီးစာလောက်တော့ ပြေးဆင်းကြတယ်။”

ဒီဒေသမှာ TNLA ၊ SSPP ပူပေါင်းအဖွဲ့နဲ့ RCSS တို့အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ ဒီကနေ့ ပန်ဖြတ်၊ ပန်ကွမ်ရွာဘက် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး TNLA ပြန်ကြားရေးအရာရှိ ဗိုလ်မှူး တာ့အိုက်ကျော်ကို ဆက်သွယ်မေးမြန်းရာမှာ သူအနေနဲ့ မသိရသေးဘူးလို့ ဆိုပါတယ်။

Act 3“ဒီမနက်တော့ ကျနော်ဆီမှာတော့ တိုက်ပွဲသတင်းတက်လာတာမရှိသေးဘူး။ ထိတွေ့မှုလည်း ဒီ RCSS က ကျနော်တို့ဖက်တွေ ထိုးစစ်ပြန်ကျူးကျော်တက်လာရင်တော့ ဒီလိုမျိုး တိုက်ပွဲထိတွေ့မှုတွေ၊ အဲ့လိုမျိုးပြန်ဖြစ်တာရှိတယ်။ ဒီနေ့တော့ တိုက်ပွဲသတင်းတက်လာတာတော့ မရှိသေးဘူးနော်။”

RCSS ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံက အဲ့ဒီဒေသတွေမှာ တိုက်ပွဲဖြစ်တာရှိကြောင်း အတည်ပြုပေမယ့် မြေပြင်အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

Act 4 “ဟုတ်ကဲ့ မြေပြင်သတင်းက အသေးစိတ်မရှိရဘူးခင်ဗျ။ ၃၊ ၄ ရက်အတွင်းမှာ နေရာကွက်ကျား ကွက်ကျား ဖြစ်တယ်ခင်ဗျ၊ ဒီကျောက်မဲကွင်းထဲမှာပဲခင်ဗျ။ ကိုက်တိုင်တို့ ကိုက်တိုင်ရွာဘက် အဲ့အစပ်နားမှာ သူတို့ အဲ့ TNLA ဘက်က သူတို့ 1O7 ဒီရှော့တိုက်ဒုံ ပစ်တာတွေရှိတယ်ခင်ဗျ။ ဒါပေမယ့် တိုက်ပွဲတော့ ခဏလေးပဲ မိနစ်အတွင်းပဲ ပြန်ငြိမ်သွားတယ်၊ နောက်လက်နက်ကြီးတွေနဲ့ ပစ်တာတွေရှိတယ်။ နောက် ရွာထဲကိုလည်း လက်နက်ကြီးပစ်ပြီးတော့မှ ရွာသားတွေ ထိတာတို့ ကျနော်တို့တော့ အကျဉ်းချုပ်က အဲ့လောက်ပဲ သိရတယ်ခင်ဗျ။ ဒါပေမယ့် ဒီနေ့ကျတော့ တိုက်ပွဲပြင်းထန်လာတဲ့ သတင်းအသေးစိတ်တော့ မရှိရသေးဘူးခင်ဗျ။”

ဒီရက်ပိုင်းတွေမှာ ကျောက်မဲမြို့နယ်တစ်ခွင် တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ပွားနေတာကြောင့် ဒေသခံတွေလည်း အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ရှမ်းပြည်နယ်တွင်း တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းတို့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက် ဒုက္ခရောက်နေကြပါတာ။ ဒါကြောင့်လည်း တိုင်းရင်းသား လက်နက်ကိုင်တွေ တစ်ဖက်နဲ့ တစ်ဖက် မတိုက်ခိုက်ကြဘဲ အချင်းချင်း စည်းလုံးမှုရှိ စေချင်ကြောင်း ဒေသခံတွေက တောင်းဆိုနေကြပါတယ်။


အလိမၼာ/ VOA Burmese

https://burmese.voanews.com/a/shan-north-idps-flee-clashes-between-two-regional-ethnic-groups-/5998612.html

ရှမ်းလက်နက်ကိုင်အဖွဲ့တွေအကြားပစ်ခတ်မှု ကျေးရွာသားတချို့ထိခိုက်ဒဏ်ရာရ ရှမ်းလက်နက်ကိုင်အဖွဲ့တွေအကြားပစ်ခတ်မှု ကျေးရွာသားတချို့ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 02:19 Rating: 5

No comments:

Powered by Blogger.