မူဆယ် နန်းတော်ဂိတ်တခုတည်းကနေ တပတ်အတွင်း ပြန်လာသူမြန်မာနှစ်ထောင်ကျော်ရှိ

တရုတ်-မြန်မာနယ်စပ် မူဆယ် နန်းတော်ဂိတ် (ဓာတ်ပုံ - AFP)

အလုပ်မရှိ၊ ဝင်ငွေမရှိတဲ့ တရုတ်နယ်စပ်မြို့တွေက မြန်မာတွေကို နေရပ်ပြန်ဖို့ တရုတ်အာဏာပိုင်တွေက ဖိအားပေးပြီးတဲ့နောက် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ကနေ ပြည်တွင်းပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားဟာ တပတ်အတွင်းမှာ ၂၀၀၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။ အခုရက်ပိုင်းထဲမှာ ပြန်လာတဲ့သူက ပိုများလာတဲ့အတွက် နှစ်နိုင်ငံညှိနှိုင်းပြီး လူဦးရေကန့်သတ် လွှတ်ပေးနေရကြောင်း မူဆယ်မြို့တာဝန်ရှိသူက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းအပြည့်အစုံကို ကိုအောင်မြတ်သူပြောပြမှာပါ။

နေထိုင်ခွင့်သက်တမ်းမရှိ၊ အလုပ်အကိုင်မရှိတော့တဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့မယ်လို့ တရုတ်ရွှေလီနဲ့ ကျယ်ဂေါင်မြို့ အာဏာပိုင်တွေက ကြေညာခဲ့ပြီးနောက် ပြည်တွင်းပြန်လာတဲ့သူ တဖြည်းဖြည်း များလာပါတယ်။ ကပ်ရောဂါကာလမို့ မြန်မာနိုင်ငံသားတွေကို စနစ်ကျ ပြန်ပို့ပေးဖို့ နှစ်နိုင်ငံညှိနှိုင်းခဲ့ပြီးနောက် မူဆယ်နန်းတော်ပေါက်ကနေ ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားက တပတ်အတွင်းမှာ ၂၀၀၀ ကျော်ရှိလာပါတယ်။

မူဆယ်မြို့က ကပ်ရောဂါကြောင့် အိမ်တွင်းနေအမိန့် ထုတ်ပြန်ထားတဲ့ ဒေသဖြစ်တာမို့ လူစုလူဝေးမဖြစ်အောင် နှစ်နိုင်ငံညှိနှိုင်းပြီး အချိန်အကန့်အသတ်နဲ့ လက်ခံဆောင်ရွက်ရကြောင်း မူဆယ်ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာက ဗွီအိုအေကို ပြောပါတယ်။

“ ၂၆ ရက်က ၄၇ ယောက်၊ နောက်ပိုင်းက ရာကျော်တွေ ၂၀၀ ကျော်၊ ၃၀၀ ကျော်၊ မနေ့ကဆို ၅၀၀ ကျော်။ အားလုံး ဒီနေ့နဲ့ဆို ၂၀၀၀ ကျော်သွားမှာပေါ့။ ပြန်လာတဲ့ ကျနော်တို့နိုင်ငံသားတွေများတော့ မနေ့ကဆို ညနေ ၄နာရီကျော်လောက်အထိကို လက်ခံပေးခဲ့ရတယ်။ လူဦးရေပေါင်း ၅၀၀ ကျော်ကို။”

နန်းတော်ဂိတ်နဲ့ ဝေးတဲ့ဒေသတွေမှာ တရားမဝင် နယ်စပ်ပေါက်တွေကနေ တရုတ်အာဏာပိုင်တွေက ပြန်လွှတ်နေတာတွေလည်း ရှိပါတယ်။ ဒါတွေကိုလည်း ဆက်ပြီးမလုပ်ဖို့ မြန်မာဘက်က ညှိနှိုင်းထားတယ်လို့ဆိုပါတယ်။

“ တရားမဝင်ပေါက်တွေကနေ ပြန်လွှတ်တာတွေကတော့ အများကြီးမရှိပါဘူး၊ ရှိလာခဲ့ရင်လည်း ကျနော်တို့က အောက်ခြေအဆင့် ဒေသအာဏာပိုင်တွေနဲ့ ချက်ချင်းကန့်ကွက်တာပေါ့နော်။ ဒါမျိုးမလုပ်ပါနဲ့ နှစ်ဘက်နှစ်နိုင်ငံအနေနဲ့ ကိုဗစ်ထိန်းချုပ်ရေးကို ဆောင်ရွက်နေတဲ့ကာလမို့ ညှိနှိုင်းပြီး ဆောင်ရွက်သင့်တယ်၊ နှစ်နိုင်ငံ သဘောတူထားတဲ့အတိုင်းပဲ တရားဝင်ဂိတ်တွေကနေ ပြန်လည်ဝင်ရောက်သင့်တယ်လို့ ကျနော်တို့က ကန့်ကွက်တာပေါ့။”

လက်ရှိမှာ ဦးစားပေးအနေနဲ့ တရုတ်ကျယ်ဂေါင်မြို့က မြန်မာတွေကို ပြန်ခွင့်ပေးနေတာဖြစ်ပြီး၊ ရွှေလီမြို့က မြန်မာတွေကတော့ ဒုတိယဦးစားပေး ဖြစ်ပါတယ်။ ဝမ်တိန်မြို့က မြန်မာတွေကတော့ လာမယ့်တပတ်မှာ ပန်ဆိုင်းဂိတ်ကနေ ပြန်ခွင့်ရဖို့ နှစ်နိုင်ငံညှိနှိုင်းထားကြတာပါ။ ဒီအခြေအနေကို မူဆယ်မြို့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ကွန်ရက်တာဝန်ခံ ကိုဌေးက ပြောပြပါတယ်။

“ အခုပြဿနာက ဘာလဲဆိုတော့ ရွှေလီ၊ မန်စီဘက်မှာလည်း ကွာရန်တင်းစခန်းတွေက ကိုယ့်နိုင်ငံသားတွေက အရမ်းများတယ်၊ အရမ်းများတော့ တခါတည်း ပြန်လွှတ်မယ်ဆိုရင် တရုတ်ကျယ်ဂေါင်ထဲမှာလည်း အရမ်းလူတွေ ကျပ်တည်းသွားမယ်၊ မူဆယ်မှာလည်း ကျပ်တည်းသွားမယ်ဆို ကျနော်တို့က တရက်ကို လူဦးရေ ၄၀၀ ဝန်းကျင်လောက်ပေါ့နော် လုပ်ပေးနိုင်တဲ့ အနေအထား ရှိတာပေါ့။ အဲဒီတော့ တရုတ်ကလည်း ၄၀၀ လောက်ထိန်းပြီးလွှတ်မယ်လို့ မျှော်လင့်တာပေါ့နော်။ ဟိုနေ့ကဆို ၅၀၀ ကျော်သွားတယ်။”

ကျယ်ဂေါင်နဲ့ ရွှေလီမြို့က ပြန်လာမယ့်မြန်မာတွေက ၁၀၀၀၀၀ ဝန်းကျင်မှာရှိလိမ့်မယ်လို့ လူမှုကူညီရေး အဖွဲ့တွေက ခန့်မှန်းထားပါတယ်။ တရုတ်ပြည်ကနေ မူဆယ်ပြန်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ နေရပ်ပြန်ဖို့ သွားရေးလာရေး အခက်အခဲရှိပါတယ်။ ဒါတွေကို လူမှုကူညီရေးအဖွဲ့တွေကပဲ တာဝန်ယူလုပ်ပေးနေရပြီး သူတို့စားသောက်ဖို့အတွက်ပါ စီစဉ်ပေးထားကြောင်း မူဆယ်က ဒေသခံလုပ်ငန်းရှင်တွေက ဗွီအိုအေကို ပြောပါတယ်။ မြန်မာနိုင်ငံတွင်းကိုဗစ်ရောဂါပိုးကူးစက်မှုတွေတိုးလာတာကြောင့် တရုတ်နိုင်ငံတွင်း မြန်မာရွေ့ပြောင်းအလုပ်သမားတွေကတဆင့် တရုတ်နိုင်ငံတွင်း ကိုဗစ်ပိုး ပိုပြန်နှံလာမှာ တရုတ်အာဏာပိုင်တွေကစိုးရိမ်နေပါတယ်။ ဒီလို နယ်စပ်တင်းကြပ်မှုတွေလုပ်နေချိန်မှာပဲ တရုတ်နိုင်ငံတွင်း Delta ကိုဗစ်မျိုးကွဲကူးစက်မှုတွေလည်း တကျော့ပြန် ပြန်ဖြစ်နေပါတယ်။


အောင်မြတ်သူ/ VOA Burmese

https://burmese.voanews.com/a/jobless-Myanmar-migrant-workers-from-china-back-to-Myanmar-/5988878.html

မူဆယ် နန်းတော်ဂိတ်တခုတည်းကနေ တပတ်အတွင်း ပြန်လာသူမြန်မာနှစ်ထောင်ကျော်ရှိ မူဆယ် နန်းတော်ဂိတ်တခုတည်းကနေ တပတ်အတွင်း ပြန်လာသူမြန်မာနှစ်ထောင်ကျော်ရှိ Reviewed by THITHTOOLWIN on 01:07 Rating: 5

No comments:

Powered by Blogger.