မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အရေးပေါ်အခြေအနေမှာ ရှိနေဆဲ


မန္တလေးအိုဘိုထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ကိုဗစ် -၁၉ ရောဂါ ကူးစက်ခံထားရပြီး မန္တလေးဆေးရုံကြီးမှာ လွှဲပြောင်း ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ရောဂါ အခြေအနေ တည်ငြိမ်နေပေမယ့် အရေးပေါ် အခြေအနေမှာ ရှိနေသေးတဲ့အတွက် စောင့်ကြည့်နေရတဲ့အကြောင်း ဒေါက်တာ ဇော်မြင့်မောင်ရဲ့ သားဖြစ်သူ အမေရိကန် နိုင်ငံ တက္ကဆပ်ပြည်နယ်မှာ နေထိုင်တဲ့ ဒေါက်တာ ညဏ်ဝေဖြိုးက ပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာရောဂါ လည်း ခံစားနေရသူ ဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းတဲ့ ညမှာပဲ ဇနီးဖြစ်သူ ဒေါက်တာ ယုယုမေ၊ သမီး၊ သမက်နဲ့ မြေးနှစ်ဦးတို့နဲ့ အတူ မန္တလေးမြို့ နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာပါ။

အဲဒီနောက် နေအိမ်မှာ အကျယ်ချုပ်နဲ့ ထားရှိဖို့ ဖေဖော်ဝါရီလ ၂၄ရက်နေ့က ပြန်လွှတ်ပေးလိုက်တဲ့ ကာလမှာ NLD ပါတီအနေနဲ့ ပြည်သူကို အသိပေးစာတွေ ဖြန့်ဝေခဲ့တဲ့အတွက် ပြန်လည်ဖမ်းဆီးခံခဲ့ရပြီး၊ အိုးဘို အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရပြီး နိုင်ငံမငြိမ်သက်အောင် လှုံ့ဆော်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) နဲ့ ဖမ်းဆီး တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ဇူလိုင်လကုန်လောက်ကတည်းက စတင်ဖျားနာခဲ့ပြီး နှစ်ပတ်လောက်ကြာတဲ့အထိ မပျောက်ကင်းပေမယ့် အစပိုင်းမှာ မန္တလေးဆေးရုံကြီးကို လွှဲပြောင်း ကုသခွင့်မရခဲ့ဘဲ ထောင်ဆေးရုံမှာပဲ နေခဲ့ရတယ်လို့ သားဖြစ်သူ ဒေါက်တာ ညဏ်ဝေဖြိုးက ပြောပါတယ်။

အလားတူပဲ ရေကြည်အိုင် စစ်ကြောရေးစခန်းမှာ ဖမ်းဆီးခံထားရတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဇနီးဖြစ်သူ ဒေါ်ခင်မိကြွယ်တို့ နှစ်ဦးလုံး ပြီးခဲ့တဲ့ ဇူလိုင်လက ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရပြီး မင်္ဂလာဒုံ စစ်ဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးညဏ်ဝင်းဟာ စစ်ကောင်စီကဖမ်းဆီး ထိန်းသိမ်းထားစဉ်အတွင်း ကိုဗစ် -၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီး ဇူလိုင်လ ၁၇ရက်က ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။

RFA Burmese



မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အရေးပေါ်အခြေအနေမှာ ရှိနေဆဲ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အရေးပေါ်အခြေအနေမှာ ရှိနေဆဲ Reviewed by THITHTOOLWIN on 06:23 Rating: 5

No comments:

Powered by Blogger.