မြန်မာသံအမတ်ကြီးကို တိုက်ခိုက်ဖို့ ကြံစည်သူအဖြစ် မသင်္ကာသူ မြန်မာ ၂ ဦး ဖမ်းဆီးခံရ


ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်မှု စွပ်စွဲချက်နဲ့ နယူးယောက်မြို့က မြန်မာနိုင်ငံသား ၂ ဦးကို အမေရိကန် အာဏာပိုင်တွေ ဖမ်းဆီးအရေးယူ ထားပါတယ်။ မြန်မာနိုင်ငံသားတွေ ဖြစ်ကြတဲ့ အသက် ၂၈ နှစ်အရွယ် ဖြိုးဟိန်းထွဋ် နဲ့ အသက် ၂၀ အရွယ် ရဲဟိန်းဇော် တို့ ၂ ဦးကို သံအမတ်ကြီးကို လုပ်ကြံဖို့ ပူးပေါင်းကြံစည်မှုနဲ့ ဖမ်းဆီးလိုက်တဲ့အကြောင်း နယူးယောက် တောင်ပိုင်းခရိုင်တရားသူကြီး၊ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) နယူးယောက်ရုံးနဲ့ နယူးယောက် ရဲတပ်ဖွဲ့ ကော်မရှင်နာရုံးက သောကြာနေ့မှာ ပူးတွဲကြေညာလိုက်တာ ဖြစ်ပါတယ်။

သံအမတ်ကြီးကို အပြင်းအထန် ဒဏ်ရာရအောင် ဒါမှမဟုတ် သတ်ဖြတ်ဖို့ ဇူလိုင်လကလောက်ကနေ သြဂုတ်လဆန်း တဝိုက်လောက်အတွင်း လျှို့ဝှက် ကြံစည်ခဲ့ကြောင်းလည်း တရားရုံးမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ အမေရိကန် အာဏာပိုင်တွေရဲ့ စုံစမ်းဖော်ထုတ်ချက်အရ ပူးပေါင်းကြံစည်မှုမှာ ပါဝင်ဝင်သူအဖြစ် စွပ်စွဲခံထားရသူ တဦးဖြစ်တဲ့ ဖြိုးဟိန်းထွဋ် ဟာ မြန်မာစစ်တပ်ကို လက်နက်ရောင်းနေတဲ့ ထိုင်းနိုင်ငံကလက်နက်ပွဲစား တဦးနဲ့ ဆက်သွယ် တိုင်ပင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ လက်နက်ပွဲစားနဲ့ တိုင်ပင်ရာမှာ သံအမတ်ကြီး ရာထူးက ဖယ်ရှားပေးအောင် အပြင်းအထန်ဒဏ်ရာရတဲ့အထိလုပ်ဖို့ ဒါမှမဟုတ် အပြတ်ရှင်းပစ်ဖို့ သဘောတူခဲ့ကြတယ်လို့လည်း ပြောပါတယ်။

လုပ်ကြံမယ့် အစီအစဉ်အတွက် စွပ်စွဲခံထားရသူ နောက်တယောက်ဖြစ်တဲ့ ရဲဟိန်းဇော်ကို ဒေါ်လာ ၄ ထောင် ၂ ကြိမ် လွှဲပေးခဲ့ပြီး၊ နောက်ထပ် ၁ ထောင် ထပ်ပေးဖို့လည်း သဘောတူခဲ့တယ်လို့ တရားရုံးမှတ်တမ်းမှာ ဖော်ပြထားတာပါ။ ဖမ်းဆီးခံထားရသူတွေကို အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်မယ် ဆိုရင်တော့ အမြင်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၅ နှစ် ကျခံရနိုင်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့လုပ်ရပ်ကို ဆန့်ကျင်ကြောင်း တရားဝင် ပြောဆိုထားပြီး၊ အာဏာသိမ်းတဲ့ လုပ်ရပ်နဲ့ နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းမှာ တင်ပြနေသူ ဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီ ကတော့ သံအမတ်ကြီးကို ရာထူးကဖယ်ရှားထားပြီး၊ နိုင်ငံတော် သစ္စာဖောက်ဖျက်မှုနဲ့ အလိုရှိနေတဲ့အကြောင်း သတင်းထုတ်ပြန် ထားပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/two-persons-arrested-to-conspiracy-to-kill-myanmar-un-embassdor/5993667.html

မြန်မာသံအမတ်ကြီးကို တိုက်ခိုက်ဖို့ ကြံစည်သူအဖြစ် မသင်္ကာသူ မြန်မာ ၂ ဦး ဖမ်းဆီးခံရ မြန်မာသံအမတ်ကြီးကို တိုက်ခိုက်ဖို့ ကြံစည်သူအဖြစ် မသင်္ကာသူ မြန်မာ ၂ ဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 07:55 Rating: 5

No comments:

Powered by Blogger.