စစ်ကောင်စီရဲ့ကန့်သတ်မှုတွေကြောင့် UNHCR မင်းတပ်မှာ လွတ်လပ်စွာ ကူညီခွင့်မရ



ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ဝန်ထမ်းတွေဟာ ချင်းပြည် နယ် မင်းတပ်မြို့က စစ်ဘေးရှောင်တွေအတွက် အမိုးအကာ၊ ဆေးဝါးနဲ့ လူသုံးကုန် ပစ္စည်းတွေကို ကုန်ကား တစ်စီးအပြည့် သယ်ယူပြီး ဒုက္ခသည် မိသားစု တစ်ထောင် (လူဦးရေ ငါးထောင်) လောက်ကို ကူညီနိုင်လိမ့် မယ်လို့ မျှော်လင့်ကြောင်းနဲ့ UNHCR ယာဉ်တန်း မင်းတပ်မြို့ကို ထွက်ခွာသွားပြီဖြစ်ကြောင်း ရန်ကုန်ရှိ UNHCR ရုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဇွန်လ ၁၉ ရက်နေက တရားဝင် ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ မျှော်လင့်သလို ဖြစ်မလာဘဲ ဒေသအခြေစိုက် စစ်တပ်ရဲ့ လုံခြုံရေးအကြောင်းပြ ကန့်ကွက်မှုကြောင့် စစ်ကောင်စီ အသိအမှတ်ပြုထားတဲ့ မြို့ပေါ်က ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ ခရစ်ယာန် ဘုရားကျောင်းတစ်ခုမှာ ခိုလှုံနေတဲ့ မိသားစု ၅၀ လောက်ကိုပဲ ကူညီနိုင်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ်မြို့က သံဃာတစ်ပါးက RFA ကို မိန့်ကြားပါတယ်။

“စကစနဲ့ သူတို့က မြို့ပေါ်က စစ်ဘေးရှောင်စခန်းတွေ ရှိတယ်ပေါ့။ ဘုရားရှိခိုးကျောင်းတွေ၊ ဘုန်းကြီး ကျောင်းတွေ။ လောလောဆယ် သူတို့ပေးခဲ့တာက မြို့ပေါ်က ဘုရားရှိခိုးကျောင်းရယ်၊ ဒါကတော့ မြို့ပေါ်က ဘုရားရှိခိုးကျောင်းပေါ့နော်။ စကစက တရားဝင်အသိအမှတ်ပြုထားတဲ့ စစ်ဘေးရှောင် စခန်းပေါ့နော်။ အဲဒါတွေကိုပဲ လှူထားခဲ့တယ်လို့ သတင်းတွေကြားတယ်။ ဒါပေမဲ့ စကစဘက်ကလည်း သူတို့ ဒီနေ့ တောရွာဘက်မှာ သွားမယ်ဆိုရင်လည်း စကစက အသိအမှတ်ပြုထားတဲ့ စစ်ဘေးရှောင် စခန်းကလွဲလို့ သူတို့ မရဘူးပေါ့နော်။ သူတို့က အကြောင်းပြတာကတော့ နယ်မြေမငြိမ်းချမ်းတဲ့အတွက် မသွားခိုင်းဘူးလို့ အဲလိုအကြောင်းပြတယ်”

UNHCRရဲ့ ယာဉ်တန်းဟာ ဇူလိုင် ၁၉ ရက် ညနေပိုင်းမှာ မင်းတပ်မြို့ကို ရောက်ရှိလာပြီး ဇူလိုင် ၂၀ ရက်နေ့မှာ Covid-19 ကာကွယ်ရေးအတွက် တကိုယ်ရေသုံး အကာအကွယ်ပစ္စည်းတွေ အပါအဝင် မိုးရာသီအတွက် မဖြစ်မနေလိုအပ်တဲ့ တာပေါ်လင်၊ ခြင်ထောင်၊ ဖျာ၊ စောင်၊ မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ နေရောင်ခြည်စွမ်းအင် သုံး မီးအိမ်တွေကို ကူညီထောက်ပံ့ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

လွတ်လွတ်လပ်လပ် ကူညီခွင့်မရဘူးဆိုရင် UNHCR က ကျန်တဲ့ပစ္စည်းတွေကို ပြန်သယ်ပြီး ရန်ကုန်ကို လှည့်ပြန်ဖို့စီစဉ်ထားကြောင်း သိရတယ်လို့ မင်းတပ်မြို့မှာ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။

“စကစ ခွင့်ပြုထားတဲ့ Camp တစ်ခုပေါ့။ ဘုန်းကြီးကျောင်းရယ်၊ နှစ်ခြင်းဘုရားကျောင်းရယ်။ အဲမှာ အိမ်ထောင်စု ၅၀၊ အဲဒါကိုပဲ ဝေပေးခွင့်ရတယ်။ UNHCR က။ နောက်ပြီးတော့ မြို့ပေါ်မှာ လူနေအိမ်တွေ မှာနေတဲ့ စစ်ရှောင်ကနေ ပြန်ရောက်လာတဲ့သူတွေ သူတို့ကိုလည်း ပေးလို့မရဘူး။ ပြီးတော့ ရွာတွေဘက် ကိုလည်း သွားခွင့်မပြုဘူးပေါ့။ အဲလိုမျိုးဖြစ်တဲ့အခါကျတော့ သူတို့ရဲ့ ဆွေးနွေးမှုက အဆင်မပြေတော့ UNHCR ကနေပြီးတော့ ဒီအိမ်ထောင်စု ၅၀ ကိုပေးပြီးတော့ ကျန်တဲ့ပစ္စည်းတွေယူပြီး လှည့်ပြန်မယ်လို့ သိထားတယ်”

ဒီကိစ္စအသေးစိတ်သိနိုင်ဖို့အတွက် ရန်ကုန်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကို RFA က အီးမေးလ်ကတဆင့် စာရေးမေးမြန်းခဲ့ပေမယ့် တုံ့ပြန်ချက် မရသေးပါဘူး။

    "စကစက တရားဝင်အသိအမှတ်ပြုထားတဲ့ စစ်ဘေးရှောင် စခန်းပေါ့နော်။ အဲဒါတွေကိုပဲ လှူထားခဲ့တယ်လို့ သတင်းတွေကြားတယ်"

မင်းတပ်မြို့မှာ စစ်ကောင်စီတပ် ခလရ (၂၇၄) အခြေစိုက်ထားပြီး စစ်တပ်က တစ်မြို့လုံးကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တစ်ယောက်ကတော့ UNHCR အရာရှိတွေဟာ ဒုက္ခသည်တွေကို ဆက်လက်ကူညီနိုင်ဖို့အတွက် ဒီနေ့ ဇူလိုင် ၂၁ ရက်နေ့မှာ စစ်တပ် အကြီးအကဲ၊ မင်းတပ်ထွေအုပ် စတဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းနဲ့ ဆက်လက်ညှိုနှိုင်းနေတယ်လို့ RFA ကို ပြောပါတယ်။

“ဒီနေကတော့ ဆက်လက်ပြီးတော့ ဘုန်းကြီးကျောင်း တစ်ကျောင်းနဲ့ ခရစ်ယာန်ကျောင်း တစ်ကျောင်းကို ဖြန့်ဝေမယ်လို့ကြားတယ်၊ ကျန်တာက တောမှာရှိတဲ့လူတွေနဲ့ မြို့ပေါ်ရပ်ကွက်က လူတွေကို ဖြန့်ဖြူးဖို့ အတွက်လည်း သူတို့ ခွင့်တောင်းနေတယ်လို့ ကြားရတယ်၊ ရတာ၊ မရတာတော့ မသိရသေးဘူး၊ သူတို့က လုံခြုံရေးတာဝန် မယူပေးနိုင်လို့ မသွားခိုင်းတဲ့ သဘောထင်တယ်”

ရန်ကုန် UNHCR ရုံးကတော့ မင်းတပ်မြို့အတွက် ကူညီထောက်ပံ့ရေးအစီအစဉ်ကို ဇူလိုင် ၂၀ ရက်ကနေ ၂၂ ရက်အထိ သုံးရက်ကြာ လုပ်ဆောင်သွားဖို့ စီစဉ်ထားကြောင်း ဇူလိုင် ၁၉ ရက်ကတည်းက သတင်းထုတ်ပြန် ထားပါတယ်။
unhcr-mindat.jpg
(UNHCR ရဲ့ အကူအညီပေးရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ယာဉ်တန်းကို ၂၀၂၁ ဇူလိုင် ၁၉ ရက်နေ့က တွေ့ရစဉ် - Photo: UNHCR)

စစ်အာဏာသိမ်းပြီး သုံးလနီးပါးအကြာ ဧပြီ ၂၀ ရက်နေ့ကစလို့ ချင်းပြည်နယ် မင်းတပ်မြို့မှာ ဒေသ ကာကွယ်ရေးတပ် CDF နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် မင်းတပ်မြို့နယ်က လူဦးရေ တစ်သောင်းခွဲလောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေပြီး ချင်းပြည်နယ် တစ်ခုလုံးမှာ စစ်ဘေးဒုက္ခသည် ငါးသောင်းကျော်ရှိနေတယ်လို့ မြေပြင်ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

မင်းတပ် CDF နဲ့ စစ်ကောင်စီတပ်တွေအကြား ဧပြီလကုန်ပိုင်းကနေ ဇူလိုင် ၁၄ ရက်အထိ ရက်အတန်ကြာ အပစ်ခတ်ရပ်စဲထားပေမယ့် ဒီကနေ့ ဇူလိုင် ၂၁ ရက် မနက်ပိုင်းမှာတော့ အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်သွားပြီး မင်းတပ်အခြေစိုက် CDF နဲ့ စစ်ကောင်စီတပ်တွေအကြား ချင်းပြည်နဲ့ မကွေးတိုင်းနယ်စပ် ရွှေတွင်းတူးရွာ အနီးမှာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံတွေက ပြောပြကြပါတယ်။

RFA Burmese



စစ်ကောင်စီရဲ့ကန့်သတ်မှုတွေကြောင့် UNHCR မင်းတပ်မှာ လွတ်လပ်စွာ ကူညီခွင့်မရ စစ်ကောင်စီရဲ့ကန့်သတ်မှုတွေကြောင့် UNHCR မင်းတပ်မှာ လွတ်လပ်စွာ ကူညီခွင့်မရ Reviewed by THITHTOOLWIN on 21:44 Rating: 5

No comments:

Powered by Blogger.