ချင်းပြည်နယ် မင်းတပ်ကို UNHCR ကုလထောက်ပံ့ရေးရောက်ရှိ

ချင်းပြည်နယ် မင်းတပ်မြို့။ (မှတ်တမ်းဓာတ်ပုံ)

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပေးပို့တဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို ချင်းပြည်နယ် မင်းတပ်မြို့မှာ ရောက်ရှိနေပါတယ်။ COVID-19 ကာကွယ်ရေးအတွက် တကိုယ်ရေသုံး အကာအကွယ် ပစ္စည်းကိရိယာများအပါအဝင် ကူညီထောက်ပံ့ရေးပစ္စည်းတွေကို နက်ဖြန်က စတင်ဝေပေးမယ်လို့ UNHCR က သတင်းထုတ်ပြန်ထားပါတယ်။ မြို့ပေါ်မှာ ရှိနေသူတွေတင်မဟုတ်ဘဲ မင်းတပ်မြို့ပြင်မှာ စစ်ဘေးတိမ်းရှောင်နေသူတွေကိုလည်း အကူအညီပေးဖို့ ဒုက္ခသည်တွေ မေ ျှာ်လင့်နေကြပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်း ကိုသားညွန့်ဦးပြောပြပါမယ်။

စစ်တပ်နဲ့ ချင်းပြည်ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ ရပ်ထားပြီး စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ဖို့ သဘောတူထားချိန်မှာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အကူအညီပစ္စည်းတွေ ပါတဲ့ ယာဉ်တန်း မင်းတပ်မြို့ကို ဇူလိုင်လ ၁၈ ရက်နေ့က ရောက်လာခဲ့ပါတယ်။ ဒီနေ့မှာတော့ UNHCR ရဲ့ တာဝန်ခံတွေက ဒုက္ခသည်စခန်းတွေဆီကို လာရောက်ပြီး အကူအညီတွေ မနက်ဖြန်က စတင် ဖြန့်ဝေပေးမယ့် အစီအစဉ်တွေကို ပြောကြားခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ မင်းတပ်မြို့ ဒုက္ခသည်တွေကို လက်ခံထားတဲ့ မြို့မ ကတ်သလစ် ဘုရားကျောင်းက ဖာသာ ဦးရှယ်ထန်းက အခုလိုပြောပါတယ်။

“လောလောဆယ်က သူတို့လက်လှမ်းမီသလောက် မြို့ပေါ်မှာ ကျနော်တို့ လက်ခံထားတဲ့ မိသားစုတွေကို ကူညီဖို့ အစမ်းအနေနဲ့ လာတဲ့သဘော ပြောပြပါတယ်။ အဲ့ဒါကြောင့် မြို့ပြင်မှာ ရွာတွေမှာ ရှိနေတဲ့ ပြန်မလာနိုင်တဲ့ မိသားစုတွေက လူအများစုကို ဘယ်လိုကူညီမလည်း ကူညီအစီအစဉ်ရှိလားလို့ ကျနော်ကိုယ်တိုင်လည်း မေးပါတယ်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း လာတုန်းက လူ ၅၀၀ စာ မင်းတပ် မြို့ပေါ်အတွက် အကူညီပေးခဲ့တယ်ဆိုတဲ့ အကြောင်း ကျနော်တို့ သိခဲ့လို့ အဲ့ဒီမင်းတပ်မြို့ပေါ်မှာ လက်ခံထားတဲ့ မိသားစုတွေအတွက်ပဲ လောလောဆယ် ပထမအကြိမ်အနေနဲ့လာတယ်တဲ့ ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုမယ်ဆိုရင် ကျေးရွာတွေမှာရှိတဲ့လူတွေကို ကူညီချင်ပါတယ်၊ ကူညီနိုင်အောင် ကြိုးစားမယ်၊ ကူညီပါမယ်တဲ့။”

COVID-19 ကာကွယ်ရေးအတွက် တကိုယ်ရေသုံး အကာအကွယ် ပစ္စည်းကိရိယာများအပါအဝင်၊ အစားအစာမဟုတ်သည့် ပစ္စည်းများအနက်မှ တာပေါ်လင်များ၊ ခြင်ထောင်များ၊ ဖျာများ၊ စောင်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်များကို နက်ဖြန်ကစပြီး ရက်သတ္တတပါတ်လုံး ကူညီ ထောက်ပံ့ဖြန့်ဖြူးသွားမယ်လို့ UNHCR ကထုတ်ပြန်ထားပါတယ်။ လူဦးရေ ၅,၀၀၀ နဲ့ ညီမျှတဲ့ အိမ်ထောင်စု ၁,၀၀၀ အတွက် အကူအညီပစ္စည်းတွေ ပေးနိုင်မယ်လို့ မေ ျှာ်လင့်ကြောင်းလည်း UNHCR ရုံးရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ထောက်ပံ့ရေး ပစ္စည်းတွေ ဖြန့်ဝေနေတဲ့တချိန်တည်းမှာပဲ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေနဲ့ စိုးရိမ်မှုတွေကို ပိုမိုသိရှိဖို့ ရပ်ရွာလူထုတွေအပြင် ဘာသာရေး အုပ်စုက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့ပေါ်က ဒုက္ခသည်တွေကို ဇူလိုင်ပထမ အပတ်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက လာရောက်ထောက်ပံ့မှုတွေ ရှိခဲ့ပြီးနောက် UNHCR က ပထမဆုံးအကြိမ် လာရောက် အကူအညီတွေပေးတာလည်းဖြစ်ပါတယ်။

အခု မင်းတပ်မြို့မှာရှိတဲ့ ဒုက္ခသည်တွေကို ဖြန့်ဝေဖို့ကို ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့ရဲ့ ခွင့်ပြုချက်ရယူပြီး ကိုဗစ်စည်းကမ်းတွေနဲ့အညီ ဖြန့်ဝေဖို့ သဘောတူညီထားတယ်လို့ UNHCR ကိုယ်စားတွေနဲ့ တွေ့ဆုံခဲ့သူတွေက ပြောပါတယ်။

မင်းတပ်မြို့ပေါ်မှာ ဒုက္ခသည်စခန်း ၁၀ ခု ဖွင့်လှစ်ထားခဲ့ပေမယ့် လူနည်းစုသာ လာရောက်ခိုလှုံနေကြပါတယ်။ အများစုဟာ မင်းတပ်မြို့ပြင်မှာ ရှိတဲ့ ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေရတာပါ။ အခုလို ကျေးရွာတွေမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေကလည်း အကူအညီတွေကို မျှော်လင့်နေကြပါတယ်။ ဒါနဲ့ပတ်သက်လို့ မင်းတပ်မြို့ ဒုက္ခသည်စခန်း စီမံခန့်ခွဲမှု မိန်းကော်မတီ တာဝန်ရှိသူ တဦးက...

“ကျနော်တို့ သိရသလောက်က တကယ်တမ်း စစ်ရှောင်တွေရှိတဲ့ဘက်ကို လာချင်တယ် ဒါပေမယ့်ခွင့်ပြုချက် မရဘူးလို့ တဆင့်စကား ပြန်ကြားသိရတာပေါ့။ ကျနော်တို့ သိရတာက စကစ ဘက်ကို ခွင့်ပြုချက်တင်တယ်။ စကစဘက်က ခွင့်မပြုပေးဘူးပေါ့နော်... ရွာတွေကို လာဖို့ခွင့်မပြုပေးဘူးလို့ပဲ သိရပါတယ်။ ဒါကလည်း ဒီလိုဝင်လာတာကလည်း ဘယ်လိုပဲပြောပြော မဝင်လာတာထက် စာရင် အများကြီးကောင်းတာပေါ့။ တကယ်လိုအပ်တဲ့နေရာကို ကျနော်တို့က ရောက်စေချင်တာပေါ့။ တကယ်တမ်းပြောရမယ်ဆို မြို့ပေါ်မှာထက် ကျေးရွာမှာ နေတဲ့ လူထုတွေက ပိုခက်ခဲကြပါတယ်။ စစ်ရှောင်တွေကလည်း ကျေးရွာတွေမှာ တချို့ ကျန်နေဆဲပဲပေါ့နော်။ ဒီလိုနေရာတွေကို ရောက်နိုင်အောင်လို့ ထပ်မံပြီးတော့မှ ကြိုးစားပေးပါလို့ ကျနော်တို့အနေနဲ့ မေတ္တာ ရပ်ခံချင်ပါတယ်။”

UNHCR ဘက်ကတော့ ကျေးရွာတွေမှာ တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေကို အကူညီပေးနိုင်မယ့် အခြေအနေကို တိတိပပ မထုတ်ပြန်ပေမဲ့ ချင်းပြည်နယ်နဲ့ နိုင်ငံတဝှမ်းမှာ ရှိတဲ့ အကူအညီလိုအပ်နေသူတွေထံ အထောက်အပံ့တွေပေးဖို့ ကတိပြုတယ်လို့သာ ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဧပြီ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့လို့ မြို့ခံတွေက ပြန်လွှတ်ပေးဖို့ တောင်းဆိုရာကနေတဆင့် စစ်ကောင်စီတပ်တွေနဲ့ CDF မင်းတပ်တို့ကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဧပြီ ၂၄ ရက်ကနေ ဇွန် ၈ ရက်အထိ ၄၅ ရက်အတွင်း တိုက်ပွဲ အကြိမ် ၂၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။ နှစ် ဘက်လုံး သေဆုံးဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ မင်းတပ် CDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ဇွန် ၂၀ ကနေ ဇူလိုင် ၄ ရက်အထိ ၂ ဘက်အပစ်ခတ်ရပ်ဆဲဖို့ ပထမဆုံး အကြိမ် သဘောတူဆွေးနွေးခဲ့ပြီး အဲဒီသက်တမ်းပြည်ချိန်မှာ ဇူလိုင် ၂၀ ရက်အထိ အပစ်ရပ်ဖို့ သက်တမ်း ထပ်တိုးခဲ့ပါတယ်။ မြို့ခံတွေ နေရပ်ပြန်လာနိုင်ဖို့ အပစ်ရပ် သဘောတူ ဆွေးနွေးတာ ဖြစ်ပေမဲ့ လုံခြုံရေး စိုးရိမ်တဲ့အတွက် မြို့ခံ အနည်းစုသာ နေရပ်ကို ပြန်လာခဲ့ကြပါတယ်။ မင်းတပ်မြို့မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်ပိုင်း မြို့ခံတွေဟာ နီးစပ်ရာတောတောင် ကျေးရွာတွေမှာ ခိုလှုံနေရသလို မင်းတပ်မြို့နဲ့ နယ်မြေနီးစပ်တဲ့ မြို့တွေအထိပါ စစ်ဘေးရှောင်နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ 


သားညွန့်ဦး/ VOA Burmese

https://burmese.voanews.com/a/chin-state-mintat-unhcr/5971085.html

ချင်းပြည်နယ် မင်းတပ်ကို UNHCR ကုလထောက်ပံ့ရေးရောက်ရှိ ချင်းပြည်နယ် မင်းတပ်ကို UNHCR ကုလထောက်ပံ့ရေးရောက်ရှိ Reviewed by THITHTOOLWIN on 23:05 Rating: 5

No comments:

Powered by Blogger.