လားရှိုး လူငယ် (၄)ဦး PDF ဟု ပြောဆိုကာ စစ်ကောင်စီ ဖမ်းသွား

လားရှိုး လူငယ် (၄)ဦး PDF ဟု ပြောဆိုကာ စစ်ကောင်စီ ဖမ်းသွား 

သျှမ်းသံတော်ဆင့်၊ ဇူလိုင် ၂၂ 

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အသက် ၂၀ ဝန်းကျင် ရှိ  လူငယ် (၄)ဦးကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီ က  လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်တွင် စစ်ကားနှင့် ရဲကား ၆ စီး၊ အင်အား ၃၀ ကျော်ခန့်က အိမ်သို့ ရောက်လာ ပြီး အသက် ၂၀ ဝန်းကျင်ရှိ မောင်ရဲ မြင့်ကို  နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးခေါ် ဆောင်သွားကြောင်း မောင်ရဲမြင့် ၏ဆွေမျိုးတော်စပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“စစ်ကားတွေနဲ့ ရဲကားတွေက အိမ်ရှေ့မှာ တန်းစီရပ်ပြီး  အင်အား ၂၀ နီးနီးက ကားပေါ်က ပြေးဆင်းလာတာ၊ ကျန်တာတွေက ကားပေါ်မှာပဲ စောင့်ကြတယ်၊ ပြေးလာပြီးတော့ သူတို့ဖမ်းမိတဲ့လူတွေက ညွှန်လာလို့ မေးစရာရှိလို့ပါ ဆိုပြီးသားလေးကို (မောင်ရဲမြင့်) ခေါ်သွားတယ်၊ ဘယ်နေရောကို ခေါ်သွားလဲ ဆိုတာ မသိရဘူး” ဟု မောင်ရဲမြင့်နှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

မောင်ရဲမြင့် ဖမ်းဆီးခံရပြီး နောက်တွင် လားရှိုးမြို့ အမှတ် ၁ ရပ်ကွက်၊ နယ်မြေ ၇ ပါရီလမ်းသွယ် ၂ တွင် နေထိုင်သူ  မောင်ထက်ဝေမင်း ကိုလည်း စစ်သား နှင့် ရဲများက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ 

“မောင်ထက်ကို လာဖမ်းတာ အင်အား ၂၀ ကျော်လောက်ရှိတယ်၊ သူတို့ မေးမြန်းစရာရှိတယ် ဆိုပြီးတော့ လာဖမ်းသွားတာ၊ သူ့ကို စစ်ကြောရေးခေါ်သွားတယ်လို့တော့ပြောသံ ကြားနေတယ်၊ သူ့အမေနဲ့က အဆက် အသွယ်လုံးဝမရတော့ သူ့သားကို စိတ်ပူလွန်းလို့ အသက်ကိုတောင် စိုးရိမ်နေရတယ်” ဟု မျက်မြင်တွေ့ရသူ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် အဆိုပါ ဇူလိုင်လ ၁၇ ရက်နေ့ တစ်နေ့တွင်ပင် ငယ်စဉ်ကတည်းက မိဘများ ဆုံးသွားပြီး အဒေါ်နှင့် နေထိုင်သည့် လူငယ်ဓါတ်ပုံဝါသနာရှင် မောင်ကျော်ဇင်ဝင်းသည်လည်း စစ်ကောင်စီ က  ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ 

“အိမ်မှာလာဖမ်းတာက အရပ်ဝတ် နဲ့ အိမ်စီးကား ၈ စီး၊ စစ်ကား ၂ စီးနဲ့ လာတာ၊ သူ့ကို လာဖမ်းတဲ့ အချိန် ကားပေါ်မှာ ဖမ်းဆီးခံရတယ်လို့ထင်ရတဲ့ လူငယ်လည်း ပါသေးတယ်၊ သူ့မှာဘာအပြစ်မှုရှိလို့လဲ ဆိုတာ မသိရ ဘဲနဲ့ ခေါ်သွားခံရတယ်၊ လာဖမ်းတာကလည်း အရပ်ဝတ်တွေနဲ့ ဆိုတော့ ဘယ်သူ ထင်မလဲနော့်” ဟု လားရှိုးမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

လားရှိုးမြို့တွင်းတွင် အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများ အနေဖြင့် PDF ဟု စွပ်စွဲခံရပြီး ဖမ်းဆီးခံရမှု သည် ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။ 


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

လားရှိုး လူငယ် (၄)ဦး PDF ဟု ပြောဆိုကာ စစ်ကောင်စီ ဖမ်းသွား လားရှိုး လူငယ် (၄)ဦး PDF ဟု ပြောဆိုကာ စစ်ကောင်စီ ဖမ်းသွား Reviewed by THITHTOOLWIN on 23:42 Rating: 5

No comments:

Powered by Blogger.