မင်းကင်းနဲ့ ရွှေဘိုမှာ စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲတွေဖြစ်ပွား


စစ်ကိုင်းတိုင်း မင်းကင်းမြို့မှာ ဇူလိုင် ၁၉ ရက် မနေ့က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ထောင် ထားတဲ့ မိုင်းတွေနင်းမိတာ၊ တူမီးသေနတ်နဲ့ ပစ်ခံရတာတွေကြောင့် စစ်ကောင်စီဘက်က ၁၀ ယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တစ်ယောက်က RFA ကို ပြောပါတယ်။

“အရင်တပ်စွဲထားတဲ့ ပန်းဆက်ရွာကနေ မင်းကင်းကို စစ်သားတွေကပြန်တာ၊ လမ်းမှာဖြစ်ကြတာ။ အရင်ထောင်ထားတဲ့ မိုင်းတွေက ပေါက်ကွဲတာ။ ဒီမိုင်းတွေက ထောင်ထားတာ တစ်လကျော်လောက် ရှိနေတော့ မပေါက်ကွဲတော့ဘူးထင်နေတာကို ပေါက်ကွဲကုန်တာ။ တိုက်ပွဲဖြစ်တယ်ဆိုတာ ဖြစ်တော့ ဖြစ်တယ်။ ဒီဒေသမှာ ကျန်မာရေးက လနဲ့ချီပြီး ခံစားနေရတော့ ဒါတွေရှိနေရင် ပြေးလိုက်၊ လွှားလိုက်ဖြစ် နေတော့ တိုက်ပွဲကို ဆက်မလုပ်ဖို့ပြောပြီး PDF တွေ ဆုတ်လာတာ၊ ရွာတွေမှာက ဆေးကုမဲ့သူက မရှိ၊ တုပ်ကွေးတွေကဖြစ်နေတော့ နောက်ပြန်ဆုတ်တာ၊ စစ်သားတွေ ကျတာတော့ ကျတယ်။ ကား မိုင်းထိတာ၊ အဝေးကပဲမြင်ရတယ်ဆိုတော့ အတိအကျမပြောနိုင်ဘူး”

PDF အဖွဲ့ဘက်ကတော့ အကျအဆုံး၊ အထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ခုလိုထိခိုက်ကျဆုံးခဲ့တာတွေကြောင့် မင်းကင်းမြို့နယ်ကို စစ်ကောင်စီရဲ့ တပ်မ (၄၄) က သုံးဖွဲ့ခွဲပြီး ရွာတွေကို လက်နက်ကြီးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထောင်ချီပြီး တိမ်းရှောင်နေကြရတယ် လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲကပဲ ရွှေဘိုမြို့နယ်ထဲမှာလည်း အခုရက်တွေအတွင်း စစ်ကောင်စီက သေနတ်နဲ့ ပစ်သတ်လို့ သေဆုံးခဲ့ရသူ ငါးယောက်ထက်မနည်းရှိခဲ့တယ်လို့ ရွှေဘိုမြို့ ဒေသခံတွေက ပြောပါတယ်။ နေအိမ်တွေက ထွက်ပြေးနေကြရလို့ လူမရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီနဲ့ သတင်းပေးသူတွေက မီးရှို့တာတွေလုပ်ခဲ့တယ် လို့လည်း ဆိုပါတယ်။ ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာမှာ ဒေသခံရွာသား လေးယောက် ဇူလိုင်လ ၁၇ ရက်နေ့ညက စစ်ကောင်စီရဲ့ သေနတ်နဲ့ ပစ်သတ်တာခံခဲ့ရပြီး မနေ့က ဇူလိုင် ၁၉ ရက်နေ့ညကလည်း ရွှေဘိုမြို့ ဦးအောင်ဇေ ယျ ကြေးရုပ်အနီး သံလမ်းဆုံနားမှာလည်း တစ်ယောက် အသတ်ခံခဲ့ရပါတယ်။

ရွှေဘိုမြို့နယ်ထဲက ဆိပ်ခွန်ရွာမှာ ရွာလုံခြုံရေးအတွက် ကင်းလှည့်နေတဲ့ ကိုသက်စိုး၊ ကိုဌေးလှိုင်ဝင်း၊ ကိုအောင်ဟိန်းကျော်နဲ့ ကိုအောင်ပိုင်ထွေးတို့ဟာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ လုံခြုံရေးအရအမည် မဖော်လိုတဲ့ မိသားစုဝင်တစ်ယောက်က RFA ကို ပြောပါတယ်။

“၁၇ ရက်နေ့ညကဖြစ်တာ။ ကင်းစောင့်နေရင်း ရွာထဲလှည့်ရင်း မတရားသတ်ခံရတာ။ စစ်ကောင်စီက သတ်သွားတာ”

ဆိပ်ခွန်ရွာမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် ဇွန်လဆန်းပိုင်း လောက်ကစလို့ စစ်ကောင်စီက တပ်စွဲထားပြီး ရွာတွေထဲ လှည့်လည်နေတာတွေကြောင့် ဒေသခံ ၅၀၀၀ ထက်မနည်း တောတောင်တွေထဲ ထွက်ပြေးနေကြပါတယ်။

ဇူလိုင်လဆန်းပိုင်းကလည်း စစ်ကောင်စီယာဉ်တန်းတွေကို မန္တလေး မြစ်ကြီးနားသွားလမ်းမပေါ် ရွှေဘိုမြို့ အနီးမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာတွေကြောင့် စစ်ကောင်စီဘက်က သေဆုံးမှုတွေရှိခဲ့လို့ အနီးနားက ကျေးရွာ တွေကို စစ်ကောင်စီတပ်တွေက ပစ်ခတ်နေတာလို့ ဒေသခံတွေက ယူဆပါတယ်။

    "စစ်သားတွေ ကျတာတော့ ကျတယ်။ ကား မိုင်းထိတာ၊ အဝေးကပဲမြင်ရတယ်ဆိုတော့ အတိအကျမပြောနိုင်ဘူး"

ဇူလိုင် ၁၈ ရက်နေ့မှာတော့ တက်တူ၊ ဂုဏ်တန်၊ ကန်သာနဲ့ ပလိုင်း စတဲ့ရွာတွေက နေအိမ်တစ်လုံးစီကို စစ်ကောင်စီက မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံရတဲ့ အိမ်တွေဟာ NLD ပါတီကို ထောက်ခံတဲ့အိမ်တွေဖြစ်ပြီး မီးရှို့ခဲ့သူဟာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပလိုင်းရွာက ဒေသခံ တစ်ယောက်က ပြောပါတယ်။

“စစ်ကောင်စီက ခန့်ထားတဲ့ ဥက္ကဋ္ဌလည်းခေါ်တယ်၊ ဒလန်လည်းခေါ်တယ်၊ သူကိုယ်တိုင်ရှို့တာပါ၊ အိမ်ရဲ့အရှေ့ဘက်အစွန်းကနေ ရေနံနဲ့ပတ်ရှို့တယ်၊ အိမ်ထဲကတိုက်က နှစ်ထပ်တိုက်ဆိုတော့ RPG နဲ့ ထုတယ်လို့လည်း မျက်မြင်တွေ့တဲ့သူတွေက ပြောတယ်။ ရွာကို အခုထိပြန်လာလို့ မရဘူး၊ ဘုန်းကြီး ကျောင်းထဲမှာ တပ်စွဲထားလို့ ပြန်လာလို့ မရဘူး။ အကုန်လုံးက NLD ထောက်ခံတဲ့အိမ်”

ရွှေဘိုမြို့နယ်အတွင်း လှည့်ပတ်နေတဲ့ စစ်သားတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF က ပြန်လည်ခုခံခဲ့ကြပေမယ့် လူအင်အား၊ လက်နက်အင်အားမမျှတဲ့အတွက် နောက်ဆုတ်ခဲ့ကြရတယ်လို့ ရွှေဘိုမြို့က ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ကလေး၊ ကနီ၊ ရွှေဘို၊ မင်းကင်း စတဲ့မြို့နယ်တွေက ဒေသခံတွေဟာ စစ်ကောင်စီကို တူမီးလိုမျိုး ရရာလက်နက်တွေနဲ့ တိုက်ခိုက်ပြီး တော်လှန်နေကြတာဟာ ပြီးခဲ့တဲ့ ဧပြီလလောက်ကတည်းက ဖြစ်ပါတယ်။
minkin-pdf.jpg
(မင်းကင်းမြို့နယ်က ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တပ်ဖွဲ့ဝင် တစ်ဦးကို တွေ့ရစဉ် - ဓာတ်ပုံ - မင်းကင်းနွေဦးတော်လှန်ရေး)

ခုလိုခုခံမှုတွေကြောင့် စစ်ကောင်စီဘက်က သေဆုံးမှုတွေရှိခဲ့သလို ကနီမြို့နယ်ထဲမှာဆိုရင် စစ်ကောင်စီက ဒေသခံရွာသား ၁၅ ယောက်တို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ရွာတွေထဲဝင်ပြီး ပစ်ခတ်ဖမ်းဆီး တာတွေလည်း ရှိခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဇူလိုင် ၁၉ ရက် မနေ့ကအထိ စစ်ကောင်စီ က သတ်ဖြတ်လို့ ပြည်သူ ၉၁၉ ယောက် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ထုတ်ပြန်ထားပါတယ်။

RFA Burmese



မင်းကင်းနဲ့ ရွှေဘိုမှာ စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲတွေဖြစ်ပွား မင်းကင်းနဲ့ ရွှေဘိုမှာ စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲတွေဖြစ်ပွား Reviewed by THITHTOOLWIN on 21:45 Rating: 5

No comments:

Powered by Blogger.