ကလေးမြို့ တိုက်ပွဲ စစ်ကောင်စီဘက်က ၁၉ ဦးထက်မနည်း ကျဆုံးလို့ PDF ပြော



စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေအကြား ဇူလိုင်လ ၁၅ ရက် မနေ့ကနေ ဒီနေ့ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက် အကျအဆုံးရှိနေသလို ဒေသခံ ၃၀၀၀ ကျော်ခန့်ဟာလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းက တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ်နဲ့ အရှေ့စည်းရွာတွေနားမှာ စစ်ကောင်စီတပ်နဲ့ ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ (Kale PDF) တို့အကြား ဇူလိုင်လ ၁၅ ရက် မနေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့သလို PDF အဖွဲ့က နှစ်ဦးနဲ့ အရပ်သား နှစ်ဦးပါ သေဆုံးခဲ့တယ်လို့ ကလေး PDF အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မနေ့ မနက် ၁၀ နာရီလောက်ကတည်းက တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ်နဲ့ အရှေ့စည်းရွာတွေကို ဝင်ရောက်စီးနင်းဖို့ ကြိုးစားတာကြာင့် ကလေး PDF တပ်ဖွဲ့တွေနဲ့ နေ့လယ် ၂ နာရီ လောက်ကနေ ည ၈ နာရီလောက်အထိ တိုက်ပွဲဖြစ်ခဲ့တာပါ။

    "ကျွန်တော်တို့ဘက်လည်း လက်နက်ကြီးတွေ တူမီးအမြောက်တွေနဲ့ ပစ်နေတယ်ဗျ"

သေဆုံးသွားတဲ့ အရပ်သား နှစ်ဦးကတော့ အရှေ့စည်းရွာနားအနီးက ဆိုင်ကယ်နဲ့ ဖြတ်သွားရာမှာ စစ်ကောင်စီ ဘက်က ပစ်ခတ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ကလေး PDF အဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

“ကျွန်တော်တို့ ၂ နာရီကနေ ၈ နာရီလောက်အထိပစ်ကြတာလေ၊ အရှေ့စည်းက PDF ကတော့ တစ်ယောက်ကျသွားတယ်၊ နောက်ပြီးတော့ တင်သားဘက်က လူနှစ်ယောက်ကတော့ ဆိုင်ကယ်နဲ့ ဒိုးနွယ်ဘက်ကကိုသွားတာမှာ လမ်းမှာဆီးပစ်လို့ နှစ်ယောက်တော့ သေသွားတယ်ဗျ၊ ကိုမြင့်သိန်းနဲ့ ကိုထွန်းနောင်နဲ့ဗျ၊ သူတို့ကတော့ ပြောရရင်တော့ ဘယ်မှမပါဘူး”

မနေ့ကတိုက်ပွဲဟာ ညပိုင်းမှာ ရပ်သွားပေမယ့် ဇူလိုင်လ ၁၆ ရက် ဒီနေ့မှာတော့ မနက် ၅ နာရီလောက်ကနေ စပြီးတော့ နှစ်ဘက်တိုက်ပွဲ ထပ်မံဖြစ်ပွားနေတယ်လို့ တိုက်ပွဲမှာပါဝင်နေတဲ့ ကလေး PDF အဖွဲ့ဝင်က RFA ကို ပြောပါတယ်။

“ပစ်တော့နေကျတုန်းပဲ လက်နက်ကြီးတွေနဲ့ ထုနေကြတယ်၊ ကျွန်တော်တို့ဘက်လည်း လက်နက်ကြီးတွေ တူမီးအမြောက်တွေနဲ့ ပစ်နေတယ်ဗျ၊ ၅ နာရီထိုးလောက်ကတည်းက ပစ်နေတာ၊ သူတို့က မနေ့ကတည်း က ရွာထဲဝင်နေတာလေ မထွက်နိုင်သေးတာပေါ့ ပြောရရင်တော့၊ အဲဒါကို ကျွန်တော်တို့ PDF အဖွဲ့တွေက ရွာပြင်ကနေ ပတ်ပတ်လည် ဝိုင်းထားပြီးတော့မှ သူတို့ကို ပစ်နေတာဗျ၊ PDF ဘက်ကတော့ ဒဏ်ရာရတာ လောက်ပဲရှိတယ်၊ ဒဏ်ရာအပြင်းအထန်တော့ မရဘူး၊ ဒုံးလာတယ် ခဏလေးနော် နောက်မှဖုန်းပြန် ဆက်မယ်”

ဒီနေ့မနက်ပိုင်းတိုက်ပွဲမှာတော့ RFA ကဆက်သွယ်တဲ့ နေ့လယ်ပိုင်းအထိ ကလေး PDF ဘက်က နှစ်ယောက် ဒဏ်ရာရရှိထားပြီး စစ်ကောင်စီဘက်က သေဆုံးသူ အနည်းဆုံး နှစ်ဦး ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ PDF အဖွဲ့တွေရှိတဲ့နေရာကို ဒရုန်းတွေနဲ့ ထောက်လှမ်းပြီး လက်နက်ကြီးတွေနဲ့ပါ လိုက်လံ ပစ်ခတ်နေတယ်လို့ သိရတယ်။

ဒေသခံတွေကတော့ ဒီနေ့မနက် ၅ နာရီလောက်ကစပြီး လက်နက်ကြီးပစ်ခတ်သံ ရာနဲ့ချီ ကြားနေရတယ် လို့လည်း ပြောကြပါတယ်။

တိုက်ပွဲတွေကြောင့် တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ်နဲ့ အရှေ့စည်းရွာ အပါအဝင် အနီးအနားကျေးရွာ ကိုးခု လောက်က ဒေသခံအရပ်သား ၃၀၀၀ ကျော်လောက်ဟာ မနေ့ညကစပြီး နီးစပ်ရာတောတောင်တွေထဲကို ထွက်ပြေးပုန်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
kalay-refugees-jul15.jpg
(တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ကလေးမြို့နယ်က ဒေသခံတွေကို ၂၀၂၁၊ ဇူလိုင် ၁၅ ရက်နေ့က တွေ့ရစဉ်၊ Photo: CJ)

တိုက်ပွဲတွေမဖြစ်ခင်ကတည်းက ဖုန်းတွေကအစ စစ်တာ၊ ဖမ်းဆီးတာတွေကြောင့် ဒေသခံ ကျေးရွာသားတွေ ဟာ နီးစပ်ရာတောထဲကို ထွက်ပြေးနေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒိုးနွယ်ရွာသား တစ်ယောက် က RFA ကိုပြောပါတယ်။

“ဖုန်းတွေ စစ်ကြတော့ ဒါဆိုရင်တော့ ရှောင်ဦးမှဖြစ်မှာဆိုပြီး ထမင်းထုပ်လေး ထုတ်ပြီးတော့ ယမ်ယမ် ထုပ်လေး ၄၊ ၅ ထုပ်ထည့်၊ အဝတ်အစားထည့် ဖုန်းလေးထည့် မှတ်ပုံတင်ထည့်ပြီးတော့မှ တောထဲပြေး ခဲ့ရတာ၊ ရွာတွေဘက်ကလည်း အကုန်တောက်လျှောက် ပြေးရတာပ၊ ဒီနားက ကျောက်ဖူးရော အရှေ့ စည်းရော အဓိကကတော့ ဒီနား ၄ ရွာရှိတာကိုး၊ အဓိကကတော့ ယောက်ျားလေးတွေ တော်တော်များများ ရှောင်ကြတာပေါလေ”

အခုလက်ရှိမှာ ဒေသတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ရှိနေပြီး အခုထွက်ပြေးတိမ်းရှောင်နေရတဲ့ သူတွေထဲမှာ ဆေးဝါးမပါလာသူတွေလည်း များတာကြောင့် အခက်အခဲတွေရှိနေတယ်လို့လည်း ဒိုးနွယ်ရွာ ဒေသခံက ဆိုပါတယ်။

အခုနှစ်ဘက်တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတွေဟာ ကလေးမြို့နဲ့ဆိုရင် မိုင်သုံးဆယ်လောက် ဝေးတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။

သက်ကြီးရွယ်အိုတွေနဲ့ ကိုဗစ် ကူးစက်ခံထားရသူတွေပဲ ရွာတွေထဲ ကျန်ခဲ့ပြီး အားလုံးနီးပါး ထွက်ပြေး နေရတာကြောင့် ရွာတွေကို မီးရှို့မှာ စိုးရိမ်နေရတယ်လို့ တင်သားကျေးရွာ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“ဒီနေ့ တိုက်ပွဲဖြစ်တာလည်း အသံတွေ ကြားနေရတာပေါ့ဗျာ၊ လက်နက်ကြီးတွေလည်း ပါတာဆိုတော့ ပြင်းပြင်းထန်ထန်ကို တိုက်ခိုက်နေကြတာ၊ မနက် ၅ နာရီလောက်ကတည်းကစလို့ ပစ်ကြ၊ ခတ်ကြတာ၊ လက်နက်ငယ်သံတွေရော လက်နက်အကြီးကြီးတွေ အသံကြီးတွေကို ရေလို့ကို မရတော့ဘူး၊ ကျွန်တော် ဒီနေ့မနက် ခန့်မှန်းခြေပြောရရင်တော့ အချက်၂၀၀ အောက်ကိုတော့ မလျော့လောက်ဘူးနော်၊ ဒီအရှေ့ စည်းဆို တစ်ရွာလုံး တိမ်းရှောင်ထားတယ်ဗျ၊ အဲဒါ မီးလောင် မီးတိုက်မှာ စိုးရိမ်နေရတယ်၊ ဒိုးနွယ်လည်း တစ်ရွာလုံးတိမ်းရှောင်ရတယ် ရဟန်းသံဃာတွေရော၊ နောက်ပြီးတော့ ကျောက်ဖူးလည်းတော်တော်လေး တိမ်းရှောင်၊ ကျွန်တော်တို့ တင်သားရွာမကြီးလည်း တောတောင်တွေထဲ အကုန်ရောက်ကုန်ကြပြီ၊ တချို့ တလေ သက်ကြီးရွယ်အိုတွေနဲ့ ကိုဗစ်ဖြစ်တဲ့ မိသားစုတွေလောက်ပဲ ကျန်ခဲ့တော့တာ၊ အကြီးအကျယ် စစ်တပ်က ထိုးစစ်ဆင်လောက်တယ်ဆိုပြီးတော့မှ ရွာတွေထဲကနေ တောထဲတောင်ထဲ အကုန်ထွက်ခွာ ကုန်ကြတော့တာ၊ ကျွန်တော်လည်းတောထဲမှာပဲ တောထဲတစ်နေရာမှာပဲ”

မနေ့က နှစ်ဘက် ထိတွေ့တိုက်ပွဲနဲ့ ဒီနေ့မနက်ဆက်ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က ကျဆုံးမှုဟာ အနည်းဆုံး ၁၉ ဦးအထိ ရှိနေတယ်လို့ ပြောဆိုချက်အပြင် အရပ်သား နှစ်ဦးကိုပါ ပစ်သတ်ခဲ့တယ် လို့ ပြောဆိုချက်နဲ့ပတ်သက်လို့ စစ်ကောင်ဘက်က အတည်ပြုချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဒီနေ့ညနေပိုင်းက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပါဘူး။

ကလေးမြို့မှာ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်သားတွေ နှစ်ဘက် ထိတွေ့တိုက်ပွဲပေါင်း ခုနစ်ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး အခုအကြိမ် ထပ်မဖြစ်ခင် နောက်ဆုံးဖြစ်ခဲ့တဲ့ တိုက်ပွဲက ဇွန်လ ၂၇ ရက်နေ့က ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့တွေက ကျောက်ဖူးနဲ့ အရှေ့စည်းရွာတွေမှာ တပ်စွဲထားဆဲဖြစ်တာကြောင့် အဲဒီရွာတွေနဲ့ အနီးပတ်ဝန်းကျင်က ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံရေးအသိ၊ သတိရှိစွာနဲ့ သွားလာနေထိုင် ကြဖို့လည်း ကလေး PDF က မေတ္တာရပ်ခံ သတိပေးထားပါတယ်။

RFA Burmese
ကလေးမြို့ တိုက်ပွဲ စစ်ကောင်စီဘက်က ၁၉ ဦးထက်မနည်း ကျဆုံးလို့ PDF ပြော ကလေးမြို့ တိုက်ပွဲ စစ်ကောင်စီဘက်က ၁၉ ဦးထက်မနည်း ကျဆုံးလို့ PDF ပြော Reviewed by THITHTOOLWIN on 22:55 Rating: 5

No comments:

Powered by Blogger.