စစ်အာဏာသိမ်းပြီးနောက် ပြည်ပဝင်ငွေကို မြန်မာ့သစ်လုပ်ငန်းက ရှာဖွေပေးနေလို့ NUG ထုတ်ပြန်

စစ်အာဏာသိမ်းပြီးနောက် ပြည်ပဝင်ငွေကို မြန်မာ့သစ်လုပ်ငန်းက ရှာဖွေပေးနေလို့ NUG ထုတ်ပြန် ခုတ်ယူထားတဲ့ သစ်လုံးတွေကို တွေ့ရစဉ် / Photo: RFA

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း စစ်တပ်ပိုင် လုပ်ငန်းတွေနဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေကို အမေရိကန်နိုင်ငံက တားမြစ်ပိတ်ဆို့တာတွေ လုပ်ခဲ့ပေမယ့် ပြည်ပဝင်ငွေရအောင် မြန်မာ့သစ်လုပ်ငန်းက ဆောင်ရွက်ပေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာ့သစ်လုပ်ငန်းဟာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူတာ ခံရပေမယ့် စစ်ကောင်စီရဲ့ ဝင်ငွေ စီးဆင်းမှု ပိုအားကောင်းအောင်၊ ပြည်ပဝင်ငွေ ဆက်ပြီး စီးဆင်းအောင် ကူညီဆောင်ရွက်ပေးနေတာကို စိစစ် တွေ့ရှိရတယ်လို့ စစ်အုပ်ချုပ်ရေး ကာလများအတွင်း မြန်မာ့သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးမှုအား ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြည်ပရောင်းဝယ်ရေးနဲ့ သစ်စက်ဌာန ပြည်တွင်းရောင်းဝယ်ရေးနဲ့ သစ်စက်ဌာနတွေကလည်း ပြည်တွင်းမှာ အိတ်ဖွင့်တင်ဒါခေါ်တာ၊ တိုင်းနဲ့ပြည်နယ် ဒေသအလိုက် အိတ်ဖွင့်လေလံတွေခေါ်တာ၊ အသေးစား၊ အငယ်စားနဲ့ အလတ်စား လုပ်ငန်းရှင်တွေအတွက် သီးသန့်လေလံတွေခေါ်ပြီး သစ်လုံး/ခွဲသားတွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ဖြန့်ဖြူးရောင်းချပေးခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီး ကာလအတွင်း ပြည်တွင်းရောင်းဝယ်ရေးနဲ့ သစ်စက်ဌာနက ကျွန်း၊ သစ်မာ၊ သစ်လုံး၊ ခွဲသားရောင်းချငွေ ကျပ်သန်းပေါင်း ၈,၄၀၀ ကျော်ရရှိထားပြီး အဲဒီဝင်ငွေတွေဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ လုပ်ငန်းတွေ အထောက်ကူဖြစ်အောင် ပံ့ပိုးနေတာဖြစ်တယ်လို့လည်း အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တရားမဝင် သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးဖို့ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားပေမယ့်လည်း စစ်ကိုင်းတိုင်း အင်းတော်၊ ဗန်းမောက်၊ တန့်ဆည်၊ ဝန်းသို၊ မန္တလေးတိုင်း ကျောက်ဆယ်၊ ပဲခူးတိုင်း လက်ပံတန်း၊ တနင်္သာရီတိုင်းတွေမှာ တရားမဝင် သစ်ထုတ်တာတွေ ရှိနေတယ်လို့လည်း ရေးသားထားပါတယ်။

NLD အစိုးရလက်ထက်က သစ်တောကြိုးဝိုင်းတွေမှာ သစ်ခိုးခုတ်တာတွေကို ဖမ်းဆီးအရေးယူတာတွေ ရှိတာ ကြောင့် ခိုးထုတ်သူ နည်းပါးခဲ့ပေမယ့် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဝန်းသိုမြို့က သစ်တောကြိုးဝိုင်း တွေမှာ ထော်လာဂျီ၊ လှည်း အပါအဝင် ကားတွေနဲ့ပါ ခုတ်ပြီးသယ်နေကြတယ်လို့ ဝန်းသိုမြို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

အာဆီယံအမွေအနှစ်ဖြစ်တဲ့ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် နယ်မြေမှာလည်း သစ်ခိုးထုတ်သူတွေ များနေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက သတိပေးတားမြစ်တာတွေလည်း လုပ်လာ ကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/foreign-income-from-forestry-after-coup-07252021063618.html

စစ်အာဏာသိမ်းပြီးနောက် ပြည်ပဝင်ငွေကို မြန်မာ့သစ်လုပ်ငန်းက ရှာဖွေပေးနေလို့ NUG ထုတ်ပြန် စစ်အာဏာသိမ်းပြီးနောက် ပြည်ပဝင်ငွေကို မြန်မာ့သစ်လုပ်ငန်းက ရှာဖွေပေးနေလို့ NUG ထုတ်ပြန် Reviewed by THITHTOOLWIN on 05:10 Rating: 5

No comments:

Powered by Blogger.