NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်း အကျဉ်းချခံထားရစဉ် ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံး


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်တဲ့ ဦးဉာဏ်ဝင်းဟာ စစ်ကောင်စီက ဖမ်းဆီးထားစဉ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရရာက ဒီမနက် ၉ နာရီ ၁၅ မိနစ်မှာတော့ သူဆေးကု သမှု ခံယူနေတဲ့ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့ရှေ့နေ ဒေါ်စန်းမာလာညွန့်က RFA ကို အတည်ပြု ပြောဆိုပါတယ်။

ဦးဉာဏ်ဝင်းဟာ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်မှာပဲ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ အင်းစိန် ဗဟိုအကျဉ်းထောင်ရဲ့ သီးသန့်ခန်းမှာ ထိန်းသိမ်းခံထားရစဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာ ကြောင့် ဇူလိုင် ၁၁ ရက်နေ့မှာပဲ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသဆောင်မှာ ပြောင်းရွှေ့ဆေးကုသမှု ခံယူ နေရတာဖြစ်ပါတယ်။

လောလောဆယ်မှာ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်မှာထားပြီး မနက်ဖြန်မှာ ထိန်ပင်သုသာန် မှာ သင်္ဂြိုဟ်မယ်လို့ ဦးဉာဏ်ဝင်းရဲ့ရှေ့နေ ဒေါ်စန်းမာလာညွန့်က RFA ကို ပြောပါတယ်။

“ဘယ်သူမှမတွေ့ရဘူးလို့ မဟုတ်ဘူး သိလား၊ စောင့်တာကိုက ဆရာဦးဉာဏ်ဝင်းအမျိုးထဲကစောင့်တာ၊ ဘယ်သူမှမတွေ့ရဘူးဆိုတဲ့ စကားတွေဖြစ်မှာဆိုးလို့၊ ကိုဗစ်ကြောင့် ဘယ်သူမှမတွေ့ရဘူး၊ အခုအမတို့ အခုပဲ ဆရာ့ခန္ဓာကိုယ်ကို အအေးတိုက်ကိုပို့ခဲ့တယ်၊ ဒါပေမဲ့ အမတို့ကအခုမှပို့တယ် အခုချက်ချင်းယူဖို့ စာရွက်စာတမ်းကလိုတယ်၊ ဒီနေ့ကို ထိန်ပင်ကိုချဖို့မမီဘူး၊ မနက်ဖြန်မှချမယ် အဲဒါပဲ၊ ပုံမှန်ကတော့ နေ့ချင်းသင်္ဂြိုဟ်ကြတာပဲ ဒီရောဂါကို၊ ဒီနေ့ကတော့ သူတို့က အဲလိုသွားပြီးပြောတော့ မမီတော့ဘူးဆိုလို့ မနက်ဖြန်ကျမှ ဘယ်အချိန်ဆိုတော့ မသိသေးဘူး”

ကွယ်လွန်ချိန်မှာအသက် ၇၉ နှစ် ရှိပြီဖြစ်တဲ့ ဦးဉာဏ်ဝင်းဟာ ဆီးကျိတ်ရောဂါနဲ့ အစာအိမ်သွေးကြောနဲ့ ဆိုင်တဲ့ ရောဂါအခံရှိသူလည်းဖြစ်ပြီး ဇနီး၊ သမီးတစ်ယောက်နဲ့ မြေးနှစ်ယောက်ကျန်ခဲ့ပါတယ်။

    "အဓိကတရားခံက စစ်ကောင်စီပဲ၊ ကျွန်တော်တို့နိုင်ငံသားတွေ တကွဲတပြားစီဖြစ်ကြတယ် ရှင်ကွဲကွဲကြတယ် သေကွဲကွဲကြတယ်"

ဦးဉာဏ်ဝင်း သေဆုံးရတဲ့ အဓိကတရားခံဟာ စစ်ကောင်စီဖြစ်တာကြောင့် တူညီသောပေးဆပ်မှု ပြန်ပေးရမယ် လို့ ဦးဉာဏ်ဝင်းရဲ့ မိသားစုဝင်တစ်ယောက်က RFA ကိုပြောပါတယ်။

“အန်ကယ်ဦးဉာဏ်ဝင်းကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ရတယ်၊ ဒီအတွက် အဓိကတရားခံကတော့ စစ်ကောင် စီပဲ၊ အခုနိုင်ငံတွင်းမှာ အားလုံးသော ကျွန်တော်တို့နိုင်ငံသားတွေဟာ တကွဲတပြားစီဖြစ်ကြတယ် ရှင်ကွဲကွဲ ကြတယ် သေကွဲကွဲကြတယ်၊ ဒီဟာရဲ့ အဓိကလက်သည်တရားခံဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီရဲ့ တာဝန်သာဖြစ်တယ်၊ အဲတော့ တူညီသောပေးဆပ်မှုမျိုး ပြန်လည် ပေးဆပ်ရလိမ့်မယ်လို့ ဒါပဲပြောချင်ပါတယ်”

ဦးဉာဏ်ဝင်းဟာ မွန်ပြည်နယ်၊ ကျိုက္ခမီဇာတိဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် ပေါင်မြို့နယ်ရဲ့ အရွေးချယ်ခံ လွှတ်တော် အမတ်လည်းဖြစ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင်၊ ဗဟိုပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌနဲ့ ဗဟို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ်သလို ပြီးခဲ့တဲ့နှစ် စစ်တပ်က အာဏာမသိမ်းခင် တရားလွှတ်တော်ရှေ့နေများကောင်စီဝင်အဖြစ် ရွေးချယ်ခံထားရသူလည်း ဖြစ်ပါတယ်။
nyan-win.jpg
(NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဥာဏ်ဝင်းကို ၂၀၁၄ ခုနှစ်က တွေ့ရစဥ်) AFP Photo

အဖမ်းခံရစဉ်က အခြားရောဂါအခံရှိပေမယ့် အကျဉ်းထောင်ထဲရောက်မှ ကိုဗစ်-၁၉ ကူးစက်ပြီး ကွယ်လွန်သွား တာဖြစ်လို့ ဖမ်းတဲ့သူတွေမှာပဲ တာဝန်ရှိတယ်လို့ NLD ပါတီရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ် သာစည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးကျော်သီဟက RFA ကို ပြောပါတယ်။

“ဦးဉာဏ်ဝင်းက ဝါရင့်နိုင်ငံရေးသမားကြီးဖြစ်တယ် အသက်ကလည်းကြီးပြီ၊ ဖမ်းသွားတုန်းက တခြား ကျန်းမာရေးရောဂါတွေရှိပေမယ့် ကိုဗစ်ရောဂါအခံမရှိခဲ့ဘဲ အဲဒီဖမ်းထားတဲ့နေရာရောက်တော့မှ ကိုဗစ် ရောဂါဝင်ပြီးတော့မှ အဲဒါကြောင့်မလို့ ဆုံးရှုံးရတယ်၊ အသက်ရှူခွင့်တွေ အခု သူတို့ကအကုန်လုံး အောက်ဆီဂျင်တွေရော လိုက်သိမ်း၊ ပြီးတော့ ဆေးဝါးပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့မှ ထိန်းချုပ်တာ တွေဖြစ်နေတဲ့အချိန်မလို့ အသက်ရှူခွင့်ကုန်သွားတာ၊ အစိုးရမှာပဲ တာဝန်ရှိတယ်၊ အဲလိုမျိုးတွေ ဆက်မ ဖြစ်ဖို့အတွက် ကမ္ဘာကြီးကနေပြီးတော့မှ ကျွန်တော်တို့နိုင်ငံကို စောင့်ရှောက်ပေးပါဦးလို့ RFA ကတဆင့် ပြောချင်ပါတယ်”

အသက်အရွယ်ကြီးပြီး ကျန်းမာရေးအခံမကောင်းတဲ့ နိုင်ငံခေါင်းဆောင်တွေကို ဖမ်းဆီးထားချိန် အခုလို ကိုဗစ်ကူးစက်ပြီး သေဆုံးရတာဟာ အင်မတန်နစ်နာပြီး ဝမ်းနည်းစရာဖြစ်ရတယ်လို့လည်း ဦးကျော်သီဟက ဆိုပါတယ်။

တန်ဖိုးရှိတဲ့ လူတစ်ယောက်ကို သေဆုံးသွားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာခံလိုက်ရတယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ယောက်လည်းဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က RFA ကို ပြောပါတယ်။

CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်

“အလွန်မတန်မှ ကြေကွဲဝမ်းနည်းစရာကောင်းတဲ့အပြင် အင်မတန်တန်ဖိုး ရှိတဲ့ လူတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ သေဆုံးခြင်းကိုဖြစ်မြောက်အောင် ဆောင်ရွက်တာ ခံလိုက်ရတယ်လို့ပဲ ကျွန်တော်တို့ သုံးသပ်ပါတယ်၊ အသက် အရွယ်ကြီးရင့်ပြီးတော့ ပြင်ပမှာဆိုရင် လူနေမှုအဆင့်အတန်းအရ ကိုယ့်ကို ကိုယ်ဂရုစိုက်ပြီးတော့ ကျန်းမာအောင်နေနိုင်တဲ့ အခြေအနေမျိုးမှာ ထောင် ထဲကို ဒီအရွယ်မှာပို့ထားပြီးတော့ ထောင်ထဲ မှာလည်း ဒီကိုဗစ်နဲ့ပတ်သက်လို့ ကြိုတင်ပြင်ဆင်မှုမရှိဘဲနဲ့ ထောင်ထဲကို ပို့ထားတဲ့အတွက်ကြောင့် မို့လို့ အခုလို အဖြစ်ဆိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ရတာပေါ့ဗျာ”

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ မန္တလေးအိုးဘိုထောင်မှာ ကင်ဆာရောဂါ ခံစားနေရတဲ့ ဒေါက်တာဇော်မြင့်မောင်၊ ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့အပြင် နှလုံးရောဂါပါရှိတဲ့ ဦးဖြိုးမင်းသိန်း အပါအဝင် အကျဉ်းထောင်ထဲမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရသူတွေကိုရော အဖမ်းခံထားရဲ့ နိုင်ငံရေးအကျဉ်းသားတွေ လူငယ် တက်ကြွလှုပ်ရှားသူတွေ အားလုံးကိုပါ စိုးရိမ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ကိုဗစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေမရှိဘဲ အားလုံးကိုဖမ်းဆီးပြီး သတ်ကွင်းထဲပို့ထား တာဖြစ်လို့ နိုင်ငံတကာအနေနဲ့လည်း လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုပါတဲ့ အကူအညီတွေကို အမြန်ဆုံးလုပ်သင့်တယ်လို့လည်း ဦးအောင်ကြည်ညွန့် က ပြောပါတယ်။

ဦးဉာဏ်ဝင်းဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာထုတ်ပြန်တဲ့ NLD ပါတီရဲ့ ကြေညာချက်ကို အကြောင်းပြုပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ စစ်တပ်က တရားစွဲတာ ခံထားရ တာပါ။

အဲဒီကြေညာချက်မှာ တရားဝင်အရပ်သားအစိုးရဆီက မတရားအာဏာသိမ်းတဲ့ စစ်တပ်ရဲ့အမိန့်၊ ညွှန်ကြား ချက်တွေဟာ တရားမဝင်ဘူးလို့ ဖော်ပြခဲ့တာကြောင့်ဖြစ်ပြီး ဒီကြေညာချက်ပါစာသားကြောင့်ပဲ အခြား NLD ပါတီ ခေါင်းဆောင်အများအပြားကိုလည်း စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆို ထားပါတယ်။

ဦးဉာဏ်ဝင်း ကွယ်လွန်သွားတဲ့အပေါ် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ မပြီးဆုံးသေးတဲ့ စစ်အာဏာရှင်စနစ်ကျရှုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုကြောင်း NLD ပါတီက ဝမ်းနည်းခြင်းသဝဏ်လွှာ ထုတ်ပြန်ခဲ့ပြီး မိသားစုထံ ပေးပို့ခဲ့ပါတယ်။

အလားတူ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကလည်း ဦးဉာဏ်ဝင်း ကွယ်လွန်ခဲ့တဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် သက်ဆိုင်ရာ မိသားစုဝင်တွေနဲ့ ထပ်တူဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ခဲ့ပါတယ်။

RFA Burmese



NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်း အကျဉ်းချခံထားရစဉ် ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံး NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်း အကျဉ်းချခံထားရစဉ် ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံး Reviewed by THITHTOOLWIN on 21:16 Rating: 5

No comments:

Powered by Blogger.