ကိုဗစ်ဖြစ်ပွားမှု ကြိုတင်ကာကွယ်ပြီး ကျေးရွာအချို့ Lockdown ချမည်


ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာအချို့တွေမှာ ကိုဗစ် တတိယလှိုင်း ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျေးရွာ အဝင်အထွက်တွေကို Lockdown ချသွားမယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါအခြေအနေအပေါ်  မူတည်ပြီး သက်တမ်းတိုး/လျော့သွားမှာ ဖြစ်ပြီး သတ်မှတ်ထားတဲ့ ကာလအတွင်း မည်သည့်ပုဂ္ဂိုလ်ကိုမှ ကျေးရွာမှာ ဝင်ထွက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာအချို့က ထုတ်ပြန်ထားပြီး စစ်ဘေးရှောင်သူများ (သို့မဟုတ်) စစ်ဘေးရှောင်လာကြသူများအနေနဲ့ ဇူလှိုင်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး  အဝင်/အထွက် ခွင့်ပြုမယ်လို့ ပြောဆိုထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ပစ်ခတ်တဲ့တိုက်ပွဲကြောင့် ဒီမော့ဆိုမြို့ပေါ်အတွင်းက စစ်ဘေးရှောင်ပြည်သူလူထုတွေ ကျေးလက်တောရွာတွေမှာ စစ်ဘေးရှောင်ကြရပြီး ကျေးရွာအတွင်းမှာ စစ်ဘေးရှောင်လာကြတဲ့သူ ၁၀၀၀ ဝန်းကျင်ရှိနေပြီး Mask၊ လက်သန့်ဆေးရည်၊ ပိုးသတ်ဆေးရည် စတဲ့ ကိုဗစ်ကာကွယ်ပစ္စည်း လုံလောက်မှုမရှိတာကြောင့် ရောဂါ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားမှာကို စိုးရိမ်တယ်လို့ ဒီမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းက ကျေးရွာအချို့က ပြောဆိုကြပါတယ်။

“Mask လုံလုံလောက်လောက်မရှိတဲ့ခါကျတော့ ကျတော်တို့ သတ်မှတ်ချင်တဲ့ စံနှုန်းအတိုင်း သတ်မှတ်လို့မရဘူးပေါ့နော။ ကျတော်တို့ စည်းကမ်းတင်းကြပ်မယ် Mask မတပ်ရင် တစ်ခု ၅၀၀နဲ့ ဒဏ်ဆောင်ပြီးတော့ ပေးဝယ်ရမယ် စာတော့ စည်းကမ်းချက်တော့ ထုတ်ထားတယ်ပေါ့နော ဒါပေမယ့်  Mask လုံလုံလောက်လောက်မရှိတဲ့ခါကျတော့ ကျတော်တို့က အဲဒီ စည်းကမ်းချက်ကို ပြည့်ပြည့်ဝဝကိုင်လို့မရဘူးပေါ့ အဲလိုမျိုး အခက်အခဲရှိတယ်။ နောက် ရွာမှာလည်း Mask လုံလုံလောက်လောက် မရှိတဲ့ခါကျတော့ ရောဂါပျံ့မှာလည်း စိုးရိမ်တယ်။” လို့ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ လိုဘာခိုကျေးရွာမှ အကျိုးတော်ဆောင်တစ်ဦးက ပြောပါတယ်။ 

ကျေးရွာအဝင်အထွက်ဂိတ်လုပ်ထားကာ မလိုအပ်ဘဲ ကျေးရွာအပြင်ကို မသွားလာဖို့ ပြောဆိုထားပြီး အိမ်ပြင်ထွက်ပါက Mask မဖြစ်မနေ သုံးစွဲဖို့ လက်ခနခဏဆေးဖို့ တစ်ဦးနဲ့တစ်ဦး ခပ်ကွာကွာနေဖို့ စသဖြင့် ကျေးရွာအတွင်း အသိပညာပေးထားပြီး  ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ကိုဗစ်စစ်ဆေးဂိတ် ထားချင်ပေမယ့် လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် ဂိတ်မထားရဲဘူးလို့ ဆိုပါတယ်။

“နိုင်ငံရေးကြောင့် လက်နက်ကိုင်အဖွဲ့အစည်းလား စစ်ကောင်စီအဖွဲ့ကလား ကျတော်တို့ကို အမြင်မတော်လို့ ကျတော်တို့ကို ပစ်သွားမှာလည်း ရိုက်သွားမှာလည်း လမ်းမကြီးပေါ်တော့ ဂိတ်တော့မစောင့်ရဲဘူးပေါ့နော အမှန်ဆို ကျတော်တို့ ကိုဗစ်ကာကွယ်တယ်ဆိုရင် လမ်းမကြီးကတည်းက ရွာဝင်တိုင်း ရွာထွက်တိုင်း ကျတော်တို့လုပ်ချင်တဲ့ ဆန္ဒရှိတယ်။ ဒါပေမယ့် ဒီနိုင်ငံရေးအခြေအနေကြောင့် ကျတော်တို့မလုပ်ရဲဘူး။” လို့ အဆိုပါ ကျေးရွာအကျိုးဆောင်တစ်ဦးက ဆက်ပြောပါတယ်။

ကိုဗစ်ဖြစ်ပွားမှုကြိုတင်ကာကွယ်တဲ့အနေနဲ့ သုံးတဲ့ ပစ္စည်းတွေဖြစ်တဲ့ Mask ၊ လက်သန့်ဆေးရည်၊ ကိုယ်ပူချိန်တိုင်း၊ ပိုးသတ်ဆေးဖျန်းရည် လိုအပ်ချက်ရှိနေသလို နယ်စပ်ဒေသတွေမှာ ကျန်းမာရေး အင်အားအပြည့်အစုံနဲ့ ကိုဗစ်စစ်ဆေးရေးဂိတ်ထားရှိဖို့ ဒေသခံတွေက တောင်းဆိုထားပါတယ်။

“လိုအပ်ချက်ကတော့ အများကြီးပေါ့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဂိတ်တစ်ခုလောက် ချနိုင်ရင်တော့  ပိုအဆင်ပြေမယ်လို့ ကျတော်တို့ကတော့ ယူဆပါတယ်။ ဒီဖက် တောင်ကြီးဖက်ကနေ တက်လာတဲ့ လူတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့်မလို့ ရှမ်းနဲ့ကယားနယ်စပ်မှာ ဂိတ်တစ်ခုလောက် ကျန်းမာရေးစစ်ဆေးတဲ့ဂိတ်မျိုးပေါ့ ဆရာတို့ ဝန်ထမ်းနဲ့ ဂိတ်ထားနိုင်ရင်တော့ အဆင်ပြေမယ်လို့ အဲလိုမျိုး မျှော်လင့်ပါတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ ကရင်နီပြည်နယ်မှာ ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၈၅ ဦး ရှိနေပြီး သေဆုံးသူ ၃ ဦး ရှိလာတယ်လို့ သိရပါတယ်။


Kantarawaddy Times 

https://www.facebook.com/KantarawaddyTimes

ကိုဗစ်ဖြစ်ပွားမှု ကြိုတင်ကာကွယ်ပြီး ကျေးရွာအချို့ Lockdown ချမည် ကိုဗစ်ဖြစ်ပွားမှု ကြိုတင်ကာကွယ်ပြီး ကျေးရွာအချို့ Lockdown ချမည် Reviewed by THITHTOOLWIN on 20:43 Rating: 5

No comments:

Powered by Blogger.