ရွှေကူ မြို့လှရွာတွင် စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် KIA ကို ဗုံးကျဲ တိုက်ခိုက်နေ


July 9, 2021/ Kachin News Group

 ရွှေကူမြို့နယ် မြို့လှရွာတွင် ယနေ့ မွန်းလွဲပိုင်းမှစတင်ကာ အာဏာသိမ်းစစ်တပ်က ဂျက်လေယာဉ် ၂ စီးဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ကို လာရောက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။

အုပ်ချီသစ်အုပ်စု တစ်လုံးကွင်း ကျေးရွာတွင်ရှိနေသော ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်နေပြီး လက်ရှိချိန်ထိလည်း ပစ်ခတ်မှု ရှိနေကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောသည်။

“စစ်တပ်ဘက်က ဂျက်လေယာဉ်နဲ့ ဗုံးသီး လာပစ်တာ အလုံး ၃၀ လောက်ရှိမယ်။ အခုက KIA နဲ့ PDF ဘက်က ၆ ယောက်လောက်ကျသွားတယ်လို့ သိရတယ်။ အဲ့ ၆ယောက်ထဲမှာ KIA စစ်ဗိုလ်အရာရှိတစ်ဦးလည်းပါတယ်တဲ့။ တိုက်ပွဲက အခုထိမပြီးသေးဘူး။ အခုထိတိုက်နေကြတုန်း” ဟု ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်က ဂျက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့သည့်အတွက် မြေပြင်တွင်လည်း လက်နက်ကြီးများဖြင့် အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေသည်မှာ ၄ နာရီခန့်ကြာနေပြီ ဖြစ်ကြောင်း သိရသည်။

ယနေ့ မနက်ပိုင်းက မြို့လှ ဘက်သို့ဝင်ရောက်လာသော စစ်ကောင်စီ တပ်မ ၈၈ တပ်ဖွဲ့ကို KIA နဲ့ PDF က ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က အကျအဆုံးများခဲ့ကြောင်း KIA ရှေ့တန်းသတင်းအချို့တွင် ဖော်ပြထားသည်။ 

လက်ရှိ စစ်ကောင်စီတပ်မှာ သွားရောက်ပစ်ခတ်နေသော နေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ နယ်မြေ ဖြစ်သည်။

upadate: လက်ရှိ မြန်မာစံတော်ချိန် ည ၇ နာရီကလည်း ဂျက်လေယာဉ် ၂ စီးဖြင့် လာရောက် ဗုံးကျဲသွားသည်ဟု သိရသည်။


Kachin News Group 

https://www.facebook.com/theKachinNews

ရွှေကူ မြို့လှရွာတွင် စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် KIA ကို ဗုံးကျဲ တိုက်ခိုက်နေ ရွှေကူ မြို့လှရွာတွင် စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် KIA ကို ဗုံးကျဲ တိုက်ခိုက်နေ Reviewed by THITHTOOLWIN on 19:48 Rating: 5

No comments:

Powered by Blogger.