မြန်မာနိုင်ငံတွင်း အလုပ်အကိုင် ၂ သန်းကျော်ဆုံးရှုံးခဲ့ ILO ထုတ်ပြန်

 

ရွှေပြည်သာရှိ အထည်ချုပ်စက်ရုံတခုမြင်ကွင်း။ ၁၈ စက်တင်ဘာ ၂၀၁၅

ကိုဗစ်ကပ်ရောဂါ ဆိုးရွားလာမှု၊ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် အလုပ်လက်မဲ့နှုန်းများလာတဲ့ မြန်မာနိုင်ငံဟာ အခုနှစ်ဝက်အတွင်းမှာ ခန့်မှန်းခြေအလုပ်အကိုင် ၂.၂ သန်းလောက် ဆုံးရှုံးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။ ဒီအပေါ် စစ်ကောင်စီဘက်နဲ့ အလုပ်သမားသမဂ္ဂဘက်က ဘယ်လိုတုံ့ပြန်ပါသလဲ၊ ရန်ကုန်ကပေးပို့ထားတဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းက ၂၀၁၉ ခုနှစ် စတုတ္ထလေးလပတ်ကာလနဲ့နှိုင်းယှဉ်မယ်ဆိုရင် ပိုပြီးကြီးထွားလာကြောင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်အခြေအနေနဲ့ ပတ်သက်လို့ ILO က ဇူလိုင်လ ၁၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ပထမနှစ်ဝက်အတွင်းမှာ ခန့်မှန်းခြေ အလုပ်ချိန် ၁၄% လောက်ဆုံးရှုံးခဲ့နိုင်ပြီး ဒါက အချိန်ပြည့်လုပ်သား အနည်းဆုံး ၂.၂ သန်းနဲ့ ညီမျှတယ်လို့ ILO ရဲ့ အစီရင်ခံစာမှာ ရေးသားထားတာပါ။ အခုလို ခန့်မှန်းတွက်ချက်ထားတဲ့ ရလာဒ်တွေက မြန်မာနိုင်ငံဟာ ဆင်းရဲတွင်းကို ကျရောက်နိုင်တယ်ဆိုတာ ပြသနေတာပဲလို့ ILO ရဲ့ မြန်မာပြည်ကိုယ်စားလှယ် Mr. Donglin Li က ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

စစ်အုပ်ချုပ်ရေးကောင်စီ၊ အလုပ်သမားဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ဦးညွန့်ဝင်းကတော့ ILO ရဲ့ အချက်အလက်ဟာ မှန်ကန်တယ်လို့ ယူဆလို့မရကြောင်း ဗွီအိုအေကို ပြောပါတယ်။ နိုင်ငံတကာစံနှုန်းကို အခြေခံပြီး တွက်ချက်ထားတဲ့ အချက်အလက်က ပြည်တွင်းအခြေအနေနဲ့ တထပ်တည်းမကျနိုင်ဘူးလို့ သူကတုံ့ပြန် လိုက်တာပါ။

“ ကျနော်တို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တွက်ချက်ထားတဲ့ စာရင်း မဟုတ်တာတော့ သေချာတယ်ပေါ့ဗျာ။ ဆိုတော့ ILO ကပြောတဲ့ဥစ္စာသည် လုံးဝဥဿုံမှန်တယ်လို့ ဒီဟာက ပြောဖို့တော့ခဲယဉ်းပါတယ်။ ပြောချင်တာက အလုပ်အကိုင်ဆုံးရှုံးမှုတွေ မရှိဘူးလားဆိုတော့၊ ရှိတယ်။ ဒါတော့ ကျနော်တို့ ဝန်ခံပါတယ်။ သို့သော်လည်းပဲ ပြောချင်တာက လူမှုစီးပွားပေါ့နော်၊ ဒီအခြေအနေကြီး တခုလုံး တကယ့်ကိုပဲ နာလန်ထူလို့မရအောင် ပြန်ပြီး အဖတ်ဆယ်လို့မရအောင် ဖြစ်နေတဲ့ အခြေအနေမျိုးကတော့ လတ်တလောမှာတော့ ကျနော်တို့ မတွေ့သေးဘူးလို့ဘဲ ဒီလိုပဲ ပြောနိုင်ပါတယ်။”

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖြစ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်နေတဲ့ မြန်မာ့စီးပွားရေးက ပြည်တွင်း ကုန်ထုတ်လုပ်ငန်းတွေနဲ့ အလုပ်သမားတွေအပေါ်မှာ သက်ရောက်မှု ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့တယ်လို့ ILO ကပြောပါတယ်။ အထူးသဖြင့် အလုပ်အကိုင်ပေါင်း သိန်းနဲ့ချီပေးထားတဲ့ အထည်ချုပ်ကဏ္ဍကို ဆိုးဆိုးရွားရွား ရိုက်ခတ်နိုင်ကြောင်း ILO နဲ့လက်တွဲဆောင်ရွက်နေတဲ့ ပြည်တွင်းက အလုပ်သမားသမဂ္ဂတခုရဲ့ တာဝန်ခံ ဒေါ်ပြုံးကေသီနိုင်က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အထည်ချုပ်ကဏ္ဍ ဆက်လက်ရပ်တည်ဖို့အတွက်၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်၊ အများကြီး အခက်အခဲတွေ ဖြစ်သွားပြီ။ အများကြီး ထိခိုက်သွားပြီပေါ့နော်။ အထည်ချုပ်ကဏ္ဍက ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကိုဗစ် ဒုတိယလှိုင်းလောက်ကတည်းက ရပ်တည်ဖို့ရာ အများကြီးခက်ခဲနေပြီ။ ပြည်တွင်းလုပ်ငန်းရှင်တွေအတွက်ဆို ပိုဆိုးသွားပြီပေါ့နော်။ အခုက နိုင်ငံတကာ Brand တွေကို ချုပ်လုပ်နေတဲ့ နိုင်ငံတကာ စက်ရုံကြီးတွေကလည်း ထွက်ခွာမှုတွေ ဆက်တိုက်ရှိလာနိုင်တယ်လို့ ကျမတို့အနေနဲ့ ခန့်မှန်းရပါတယ်။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ရှေ့ဆက်ပြီးတော့မှ နိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ ဆိုးကျိုးကတော့ အလုပ်လက်မဲ့တွေ ဆက်ပြီးတော့ ဖြစ်နိုင်တယ်လို့ သုံးသပ်မိပါတယ်။”

ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ခရီးသွားလုပ်ငန်း စတဲ့ကဏ္ဍတွေမှာ ဆုံးရှုံးမှုတွေရှိပြီး ၂၀၂၁ ပထမ ၆ လအတွင်းမှာ အထည်ချုပ်ကဏ္ဍက အလုပ်အကိုင် ၂၅၀,၀၀၀ လောက် ဆုံးရှုံးသွားတယ်လို့ ILO က ခန့်မှန်းထားပါတယ်။ ဒီအရေအတွက်ထဲမှာ အမျိုးသမီးတွေက အများဆုံးလို့ ဆိုပါတယ်။ ခရီးသွားလုပ်ငန်းမှာတော့ အလုပ်အကိုင် ၆၅,၀၀၀ လောက်ဆုံးရှုံးခဲ့နိုင်ပါတယ်။ ဆောက်လုပ်ရေးကဏ္ဍမှာလည်း အလုပ်အကိုင်ပေါင်း သိန်းနဲ့ချီဆုံးရှုံးခဲ့နိုင်တယ်လို့ ILO ကခန့်မှန်း တွက်ချက်ထားပါတယ်။


ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/myanmar-military-council-argues-ilo-employment-loss-estimation-for-myanmar/5973753.html

မြန်မာနိုင်ငံတွင်း အလုပ်အကိုင် ၂ သန်းကျော်ဆုံးရှုံးခဲ့ ILO ထုတ်ပြန် မြန်မာနိုင်ငံတွင်း အလုပ်အကိုင် ၂ သန်းကျော်ဆုံးရှုံးခဲ့ ILO ထုတ်ပြန် Reviewed by THITHTOOLWIN on 21:49 Rating: 5

No comments:

Powered by Blogger.