COVID-19 ကြောင့် မြန်မာနိုင်ငံက သုသာန်တွေမှာ ရုပ်အလောင်းတွေနဲ့ စေတနာ့ ဝန်ထမ်းတွေ ပြည့်နေ

မြန်မာနိုင်ငံရှိ သုသာန် တချို့ နဲ့ စေတနာ့ ဝန်ထမ်းတွေ ရုပ်အလောင်း သယ်ယူနေတဲ့ မြင်ကွင်း။

ရန်ကုန်၊ ဇူလိုင် ၂၂၊ ၂၀၂၁

လက်ရှိ မြန်မာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆေးရုံတွေမှာ ဆေးဝန်ထမ်းများစွာ လစ်လပ်နေပါတယ်။

Coronavirus ရောဂါ ကူးစက် ပျံ့နှံ့နေတာကြောင့် စေတနာ့ ဝန်ထမ်းတွေအနေနဲ့လည်း အလျင်အမြန် များပြားလာနေတဲ့ သေဆုံးသူတွေကို သယ်ယူဖို့အတွက် တအိမ်တက်ဆင်း သွားလာနေကြရပါတယ်။

စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ မနက်စောစောတိုင်းမှာ မသန်းသန်းစိုးရဲ့ ဖုန်းဟာ သေဆုံးသွားသူတွေ အတွက် အကူအညီ တောင်းခံမှုနဲ့ စတင်ပါတယ်။

သူက သေဆုံးသူရဲ့ အမည်၊ လိပ်စာနဲ့ ဆက်သွယ်ရမယ့် နံပါတ်ကို စာအုပ်ထဲမှာ ရေးမှတ်ပြီး အဖွဲ့တစ်ဖွဲ့ကို အဲဒီ သေဆုံးသူ ရဲ့ အိမ်ကို စေလွှတ်ရပါတယ်။

“ကျမတို့ရဲ့ဝန်ဆောင်မှုကို အနားမယူဘဲ လုပ်ကိုင်နေပါတယ်”လို့ သူက စေတနာ့ဝန်ထမ်းတွေ စည်ကားနေတဲ့ ရုံးခန်းထဲမှာ AFP ကို ပြောပါတယ်။

“နေ့တိုင်း ကျမတို့အဖွဲ့ဟာ လူသေအလောင်း ၃၀ ကနေ ၄၀ ကြား သယ်ယူပေးနေပြီး တခြား အဖွဲ့တွေကလည်း ကျမတို့ လိုပါပဲ”လို့ သူက ဆက်ပြောပါတယ်။

“တခါတရံမှာ အိမ်တအိမ်တည်းမှာတင် လူသေအလောင်းက ၂ လောင်း ရှိပါတယ်”လို့လည်း မသန်းသန်းစိုးက ဆိုပါတယ်။

စစ်အာဏာသိမ်း ဆန့်ကျင်ရေး ကြာရှည်စွာ သပိတ်မှောက်မှုကြောင့် နိုင်ငံတဝန်းရှိ ဆေးရုံတွေမှာ ဆရာဝန်တွေနဲ့ လူနာတွေ မရှိဘဲ ဖြစ်နေတယ်လို့လည်း AFP က ဆက်လက် ဖော်ပြပါတယ်။

စိုးရိမ် ကြောက်ရွံ့မှုတွေကြောင့် ဆေးဝန်ထမ်းအများစုဟာ စစ်တပ်က ဦးစီးတဲ့ ဆေးရုံတွေကနေ ဝေးကွာသွားခဲ့ပြီးနောက် စေတနာ့ ဝန်ထမ်းတွေက အောက်ဆီဂျင်တွေရရှိဖို့နဲ့ သေဆုံးသွားသူတွေကို မီးသင်္ဂြိုဟ်ဖို့ လုပ်ပေးနေကြရတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ကူးစက်ရောဂါ ပထမလှိုင်း မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့စဉ်က စေတနာ့ဝန်ထမ်း ယာဉ်မောင်း အဖြစ် စတင်လုပ်ကိုင်ခဲ့သူ ကိုစန်းဦးက ပုံမှန်အလုပ်ချိန်ဟာ အနည်းဆုံး ၁၃ နာရီ ကြာမြင့်တယ်လို့ ပြောပြပါတယ်။

“လူနာတွေကို ဆေးရုံတွေကို ပို့ခဲ့ဖူးတယ်။ လူနာတွေကို ကျနော်တို့က ဘယ်ဆေးရုံကို သွားချင်လဲလို့ မေးရတယ်”လို့ သူက AFP ကို ပြောပါတယ်။

ဒါပေမယ့် အခုတော့ပြောင်းလဲသွားပြီး ဝင်လာတဲ့ ဖုန်းခေါ်ဆိုမှုတွေကို လက်ခံတဲ့အခါ “ဘယ်သင်္ချိုင်းလဲ ပြောင်းမေးရ တယ်”လို့ သူက ဆက်ပြောပါတယ်။ 

မေလ အစောပိုင်းမှာ ၁ ရက်ကို လူ ၅၀ ခန့်ကူးစက်ခဲ့ပြီး အခု လူ ၅၅၀၀ ခန့် ကူးစက်နေတယ်လို့ အာဏာပိုင်တွေက ဇူလိုင် ၁၇ ရက်က ပြောကြားကြောင်းလည်း သတင်းမှာ ပါရှိပါတယ်။

လေ့လာ သုံးသပ်သူတွေကတော့ သေဆုံးသူ အရေအတွက် အခုထုတ်ပြန်ထားတာထက် ပိုမို များပြားနိုင်တယ်လို့ ပြောဆို ကြပါတယ်။

သေဆုံးသူ ၁ ဦးရဲ့အိမ် ၁ အိမ်မှာ ကိုစန်းဦးနဲ့ အဖွဲ့ဟာ အလောင်းကို စောင်နဲ့ထုပ်၊ ထမ်းစင်ပေါ်မှာ ကြိုးနဲ့ချည်ပြီး လမ်းပေါ် ကို ကျဉ်းမြောင်းတဲ့ သစ်သားလှေကားက တဆင့် သယ်ခဲ့ရတယ်လို့ ဆိုပါတယ်။

သူတို့က ထမ်းစင်ကို ဗင်ကားပေါ်ကို တင်နေစဉ်မှာ အခြားစေတနာ့ဝန်ထမ်း ၁ ဦးက ဗုဒ္ဓဘာသာ အသုဘ အခမ်းအနား တွေမှာ တီးတဲ့ ကြေးစည်ကို တီးခတ်ရပါတယ်။

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ ကျီစု သုသာန်က မီးသင်္ဂြိုဟ်စက်ကို သူတို့ရောက်တဲ့အခါ အပြင်ဘက်မှာ တန်းစီ ရပ်ထားတဲ့ အခြားလူနာတင်ယာဉ်တွေ အနည်းဆုံး ၈ စီးရှိပါတယ်။

အသုဘယာဉ် ဆိုတဲ့စာလုံးက ကား ၁ စီးရဲ့ လေကာမှန်မှာ ရေးထားတာကိုလည်း တွေ့ရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မတိုင်ခင် အစာပိုင်းက COVID-19 ကာကွယ်ရေးမှာ ရှေ့တန်းက ပါဝင် ဆောင်ရွက်ခဲ့ကြတဲ့ ဆေးဘက် ဝန်ထမ်းတွေဟာ အာဏာသိမ်း ဆန့်ကျင်မှုတွေကြောင့် အခုအခါမှာ ပစ်မှတ်ထား ဖမ်းဆီးခံနေကြရတယ်လို့လည်း AFP သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံ ကာကွယ်ဆေးထိုးရေး အစီအစဉ် တာဝန်ရှိသူ အကြီးအကဲ ၁ ဦး အပါအဝင် ထိပ်တန်း ကျန်းမာရေး အရာရှိ တွေလည်း ဖမ်းဆီးခံခဲ့ရပြီး ရာပေါင်းများစွာသော အခြားသူတွေလည်း ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့လည်း သတင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (နစက) က COVID-19 ကာကွယ်ရေး အတွက် ဆရာဝန်တွေနဲ့ သူနာပြုတွေကို စေတနာ့ဝန်ထမ်း လုပ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။

အစိုးရမီဒီယာတွေမှာ အာဏာပိုင်တွေက အိမ်နီးချင်း ထိုင်းနဲ့ တရုတ်နိုင်ငံတို့က အောက်ဆီဂျင်တွေ အလျင်အမြန် ပို့ပေးနေ တယ်လို့ ဇူလိုင် ၁၇ ရက်က ဖော်ပြခဲ့ပါသေးတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကတော့ ပြီးခဲ့တဲ့အပတ်မှာ မြန်မာဟာ COVID-19 အလွန်အမင်း ပျံ့နှံ့တဲ့ နိုင်ငံ ဖြစ်လာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

မသန်းသန်းစိုးကလည်း သူ့အဖွဲ့က ၂ ဦးဟာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ COVID-19 အရှိန် မြင့်လာမှုမှာ ပိုးစစ်ဆေးတွေ့ရှိခဲ့ပြီး ၁ ဦး သေဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။

“ကျမ ကြားသမျှအားလုံးဟာ သတင်းဆိုးတွေပဲ”လို့လည်း သူက ဖြည့်စွက် ပြောကြားပါတယ်။

သူ့ရုံးခန်းက ကူညီပေးခဲ့တဲ့ လူတစ်ယောက်က သူ့အမေကို မီးသင်္ဂြိုဟ်မယ့် ကျီစု သုသာန်က သူ့အစ်ကိုကို ဖုန်းဆက်ရာမှာ ဖခင် ဖြစ်သူ မကြာခင်က သေဆုံးသွားခဲ့လို့ အလောင်းသယ် လာမယ့် လူနာတင်ကားကို စောင့်နေဖို့ ပြောခဲ့ရတယ်လို့ ပြောဆိုပါတယ်။

“သူတို့ကို နောက်ဆုံးအကြိမ်အဖြစ် တွေ့သွားစေချင်တယ်”လို့လည်း သူက ငိုရှိုက်ရင်း ဖုန်းပြောပါတယ်။

မသန်းသန်းစိုးအတွက်တော့ ဒီလိုမြင်ကွင်းတွေဟာ ရိုးလာပြီး အမြဲတမ်းလို ဖြစ်နေပါတယ်။

“တခါတလေ ဖုန်းမကိုင်တော့ဘူး။ ဖုန်းခေါ်တာကို မဖြေချင်တော့ဘူး”လို့လည်း သူက ပြောပါတယ်။

“ဒါက ကျမတာဝန်ကို မထမ်းဆောင်ချင်လို့ မဟုတ်ပါဘူး၊ ကျမ နာကျင်မှုတွေများစွာကို ခံစားနေရလို့ပါပဲ”လို့လည်း သူက ဆက်လက် ပြောဆိုလိုက်ပါတယ်။


ရွှေတြိဂံဒေသ သတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews


COVID-19 ကြောင့် မြန်မာနိုင်ငံက သုသာန်တွေမှာ ရုပ်အလောင်းတွေနဲ့ စေတနာ့ ဝန်ထမ်းတွေ ပြည့်နေ COVID-19 ကြောင့် မြန်မာနိုင်ငံက သုသာန်တွေမှာ ရုပ်အလောင်းတွေနဲ့ စေတနာ့ ဝန်ထမ်းတွေ ပြည့်နေ Reviewed by THITHTOOLWIN on 23:46 Rating: 5

No comments:

Powered by Blogger.