COVID-19 တတိယလှိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေကြသော ပြည်သူ့ကျန်းမာရေး သူရဲကောင်းများအား အကြမ်းဖက်စစ်ကောင်စီမှ မတရား ဖိနှိပ်၊ ဖမ်းဆီး၊ ချုပ်နှောင်ခြင်း၊ ပြည်သူများလိုအပ်နေသည့် ဆေးဝါးများကို ဖျက်ဆီးသိမ်းယူခြင်းများကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချခြင်း



၂၀  ဇူလိုင်လ ၂၀၂၁ ခုနှစ် 

COVID-19 တတိယလှိုင်းသည် လျှင်မြန်စွာပြန့်ပွါးလျက်ရှိပြီး ပြည်သူအပေါင်း ပူဆွေးသောက ရောက်နေကြရပါသည်။ COVID-19 ပထမလှိုင်း၊ ဒုတိယလှိုင်းတို့တွင် မိမိ အသက်ကို ပဓာနမထားပဲ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြသည့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် အကြမ်းဖက်စစ်ကောင်စီ၏ မတရားအုပ်ချုပ်မှုကို တော်လှန်သည့် နွေဦးတော်လှန်ရေးတွင် ပါဝင်၍ အကြမ်းမဖက် အာဏာဖီဆန်ရေးကို လုပ်ဆောင်နေကြသော်လည်း၊ ပြည်သူများ ကျန်းမာရေး စောင့် ရှောက်မှု လိုအပ်နေသည့် COVID-19 တတိယလှိုင်းတွင်လည်း ကျန်းမာရေးသူရဲကောင်းများပီပီ ကျန်းမာရေးစောင့်ရှောက်မှု များကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိပါသည်။ အမျိုးသား ညီညွတ် ရေး အစိုးရအနေဖြင့် မိမိအသက်ကို ပဓာနမထားပဲ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသော ကျန်းမာရေးဝန်ထမ်း သူရဲကောင်းများကို ဤနေရာမှနေ၍ လေးလေးနက်နက် ချီးကျူးဂုဏ်ပြု၍ မှတ်တမ်းတင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ပြည်သူ့ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ ပြည်သူ့ကျန်းမာရေးကို အဓိကမထားဘဲ မိမိတို့အာဏာ တည်မြဲ ရေးကိုသာ ရှေးရှုနေသည့် အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ့ကျန်းမာရေးကို စောင့်ရှောက်နေ ကြသော ကျန်းမာရေးသူရဲကောင်းများအား မတရားဖမ်းဆီး၊ နှိပ်စက်၊ ချုပ်နှောင်မှုများကို ဆက်လက် လုပ်ဆောင်လျက် ရှိနေပါသည်။ ယခုလက်ရှိ ရရှိထားသော သတင်းအချက်အလက်များအရ အောက် ပါ ဖြစ်စဉ်များသည် ပြည်သူ့ ကျန်းမာရေးကို အလေးမထားဘဲ စေတနာမဲ့စွာ လျစ်လျူရှုနေသည့် ထင်ရှားသော လုပ်ရပ်များ ဖြစ်ပါသည်။ 

• (၁၁-၇-၂၀၂၁) ရက်နေ့မှ (၁၆-၇-၂၀၂၁) တွင် မန္တလေးမြို့၌ COVID-19 ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ဆရာဝန် (၄) ဦးကို အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်ခဲ့ပါသည်။

• (၁၉-၇-၂၀၂၁) ရက်နေ့တွင် မြောက်ဒဂုံမြို့နယ်အတွင်းရှိ ကိုဗစ်ဖြစ်ပွားနေသည့် ပြည်သူများကို အွန်လိုင်း ကုသရေးလမ်းညွှန်ပေးနေသည့် ဆရာဝန် (၂) ဦးနှင့် မြေပြင်ကုသရေး စေတနာ့ ဝန်ထမ်း ဆရာဝန် (၃) ဦး စုစုပေါင်းဆရာဝန် (၅) ဦး တို့ကို အကြမ်းဖက်စစ်ကောင်စီက ကိုဗစ် လူနာ ဟန်ဆောင်ကာ ဆက်သွယ်ခေါ်ယူပြီး ဖမ်းဆီးခဲ့ပါသည်။ အောက်စီဂျင် ၄ဝ လီတာ (၅) အိုး၊ ၁၅ လီတာ အိုး (၁၈) အိုး၊ အောက်စီဂျင်အိုး ပစ္စည်းအစုံ (၁၂) စုံနှင့် PPE များ၊ ဆေးဝါး ပစ္စည်းများကိုလည်း အဓမ္မ သိမ်းဆည်း ယူဆောင်သွား ပါသည်။ 

ထိုလုပ်ရပ်များသည် ပြည်သူများ၏ အခွင့်အရေးဖြစ်သော လွတ်လပ်စွာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိခွင့်ကို ပိတ်ပင်ထားဆီးသော လူမဆန်သည့် လုပ်ရပ်များဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ဖျက်ဆီးနေမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချလိုက်ပါသည်။ ထို့သို့ ပြည်သူတို့ အား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို မတရားချုပ်ချယ်၊ နှောင့်ယှက်၊ ဖျက်ဆီးနေသော အကြမ်းဖက် စစ်ကောင်စီနှင့် အပေါင်းအပါအလိုတော်ရိများအား ပြည်သူ့ကိုသတ်သော တရားခံအဖြစ် သတ်မှတ်ပြီးလျှင် တရားဥပဒေနှင့်အညီ ထိုက်သင့်သော အပြစ်ဒဏ်များပေးသွားမည် ဖြစ်ပါသည်။ ထိုဖြစ်စဉ်များကို အချိန်နှင့်တပြေးညီ နိုင်ငံတကာကျန်းမာရေး အဖွဲ့အစည်းများဖြစ်သည့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)၊ ကမ္ဘာ့ကုလသမ္မဂ္ဂအဖွဲ့နှင့် အခြားသော နိုင်ငံတကာအဖွဲ့အစည်းများသို့ တင်ပြသွားမည်ဖြစ်၍ လက်ရှိကာလ၌ ပြည်သူများ၏ အဓိက လိုအပ်ချက်ဖြစ်သော အခြေခံ ကျန်းမာ ရေးစောင့်ရှောက်မှု ရရှိရန် ဆက်လက်၍ အစွမ်းကုန် ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


National Unity Government of Myanmar 

https://www.facebook.com/NUGmyanmar

COVID-19 တတိယလှိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေကြသော ပြည်သူ့ကျန်းမာရေး သူရဲကောင်းများအား အကြမ်းဖက်စစ်ကောင်စီမှ မတရား ဖိနှိပ်၊ ဖမ်းဆီး၊ ချုပ်နှောင်ခြင်း၊ ပြည်သူများလိုအပ်နေသည့် ဆေးဝါးများကို ဖျက်ဆီးသိမ်းယူခြင်းများကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချခြင်း COVID-19 တတိယလှိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေကြသော ပြည်သူ့ကျန်းမာရေး သူရဲကောင်းများအား အကြမ်းဖက်စစ်ကောင်စီမှ မတရား ဖိနှိပ်၊ ဖမ်းဆီး၊ ချုပ်နှောင်ခြင်း၊ ပြည်သူများလိုအပ်နေသည့် ဆေးဝါးများကို ဖျက်ဆီးသိမ်းယူခြင်းများကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချခြင်း Reviewed by THITHTOOLWIN on 21:11 Rating: 5

No comments:

Powered by Blogger.