စစ်ကောင်စီနဲ့ CDF တို့တကျော့ပြန်တိုက်ပွဲတွေကြောင့် မင်းတပ်မှာ ဒုက္ခသည် တစ်သောင်းကျော် ထပ်တိုး


ချင်းပြည်နယ် မင်းတပ်မြို့မှာ ဒေသခံ ခုခံကာကွယ်ရေးတပ် CDF နဲ့ စစ်ကောင်စီတပ်တို့ကြား တကျော့ပြန် တိုက်ပွဲတွေပြန်ဖြစ်နေပါတယ်။

တိုက်ပွဲတွေနဲ့ အနီးမှာနေတဲ့ ကျေးရွာပေါင်း ၁၅ ရွာက ဒေသခံတွေ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင် နေကြတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ထွက်ပြေးရတဲ့ဟာက အခုလောလောဆယ်ကတော့ အနီးနားတောတောင်တွေကိုပဲ ခှိုလုံကြတာ။ သီးခြား အရင်တုန်းကလိုမျိုး သီးခြား Camp အနေနဲ့ တစုတစည်းနေတဲ့ ပုံစံမျိုးတော့ မရှိဘူး။ သူ့အစီစဉ် ကိုယ့်အစီ စဉ်နဲ့ပဲ နီးစပ်ရာမှာပဲ ထွက်ပြေတိမ်းရှောင်နေရတဲ့ အနေအထားမျိုးတော့ရှိတယ်။ ရွှေအောင်သာကနေ လှမ်ဗန်းလမ်းကြောတစ်လျှောက်လုံးကတော့ ကျေးရွာတွေ အကုန်လုံး ထွက်ပြေးရတာဆိုတော့ ကျေးရွာ ပေါင်း ၁၅ ရွာလောက်ကတော့ ထွက်ပြေးပြီး။ လောလောဆယ်ကတော့ ဒေသခံတွေ ထွက်ပြေးရတဲ့ အတွက် ကျွန်တော်တို့အိမ်မှာရှိတဲ့ စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ပဲ၊ ဆားတွေကိုပဲ သူတို့ ထမ်းပြီးတော့ သူတို့ တောတောင်တွေမှာ သူတို့နီးစပ်ရာ အိမ်နဲ့မလှမ်းမဝေးမှာပဲ ထွက်ပြေးတိမ်းရှောင်တဲ့ အနေအထားတော့ တွေ့ရတယ်”

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်က စတင်ခဲ့တဲ့ စစ်ကောင်စီနဲ့ ချင်း CDF တို့ကြား တိုက်ပွဲတွေကြောင့် မင်းတပ်မြို့မှာ စစ်ဘေးဒုက္ခသည် ငါးသောင်းလောက်ရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ဇွန်လကတည်းက တိုက်ပွဲတွေ ရပ်တန့်နေခဲ့ပြီး အခု ဇူလိုင်လလယ်ပိုင်းလောက်ကစလို့ တကျော့ပြန် တိုက်ပွဲတွေပြန်ဖြစ်နေတာပါ။

ဇူလိုင်လ ၂၁ ရက်နေ့က စတင်တဲ့ တိုက်ပွဲကြောင့် ဒုက္ခသည် တစ်သောင်းကျော် ထပ်တိုးလာပါတယ်။

အရင်ကရှိတဲ့ ဒုက္ခသည်နဲ့ပေါင်းရင် မင်းတပ်မှာ စုစုပေါင်း ဒုက္ခသည် ခြောက်သောင်းလောက်အထိ ရှိနေ တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

    "တောမှာနေတဲ့သူတွေရော မြို့မှာနေတဲ့သူတွေရော မလုံခြုံသလို ဘယ်ကိုပြေးရမှန်းမသိ"

ဒုက္ခသည်အများစုဟာ ဘေးလွတ်ရာ တောတောင်တွေထဲမှာ ခိုလှုံနေကြရပြီး တချို့ကတော့ မြို့ပေါ် ဘာသာရေးကျောင်းတွေနဲ့ ရပ်ကွက်တွေမှာ ခိုလှုံနေကြရပါတယ်။

ဇူလိုင် ၂၁ ရက်နေ့ကစပြီး မင်းတပ် CDF နဲ့ စစ်တပ်တို့အကြား နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု ၄ ကြိမ် ဖြစ်ပွား ခဲ့ပြီး နှစ်ဖက်စလုံး အထိအခိုက်အကျအဆုံးရှိခဲ့ပါတယ်။

ဒေသခံ CDF အဖွဲ့ဘက်က တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ CDF အဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ အကျအဆုံးစာရင်း ထုတ်ပြန်တာမရှိပါဘူး၊ မင်းတပ်မြို့တိုက်ပွဲ အခြေအနေတွေ သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီကနေ့ညနေပိုင်းက ဖုန်းဆက်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

မင်းတပ်ရဲ့ တကျော့ပြန်တိုက်ပွဲမှာ ဒေသခံ CDF ဘက်က အရင်လို ထိုးစစ်မဆင်နိုင်ဘဲ ခုခံကာကွယ်တဲ့ အဆင့်လောက်ပဲ လုပ်နိုင်နေတယ်လို့ CDF တပ်ဖွဲ့ဝင်တစ်ဦး က RFA ကို ပြောပါတယ်။

“ပြင်းထန်ဒဏ်ရာကတော့ ခြောက်ယောက်ရှိတယ်။ သေဆုံးတာ တစ်ယောက်ရှိတယ်။ ပြီးလို့ရှိရင် စစ်တပ်ဘက်က သေဆုံးတာကတော့ မသိရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကလိုမျိုး ကျွန်တော်တို့က တိုက်ပြီးတော့ သူတို့ရှိတဲ့နေရာမှာ သွားတိုက်တာမျိုး မဟုတ်တော့ သူတို့တိုက်တာကို ခုခံကာကွယ်တဲ့ အနေအထားမှာ ဆုတ်ရင်းဆုတ်ရင်းနဲ့ခုခံ ကာကွယ်တာဖြစ်တဲ့ အတွက်သူတို့ အကျဆုံးက မသိရဘူး။ မနေ့ ကအခြေနေက မနေ့က တိုက်ပွဲမှာတော့ စစ်တပ်ဘက်က တစ်ယောက်လောက် ဒဏ်ရာရ တာကို ပြန်သယ်သွားတာမျိုး တွေ့ရတယ်”

ဇွန်လ ၂၀ ရက်နေ့စပြီး မင်းတပ်မြို့မှာ CDF အဖွဲ့နဲ့ စစ်တပ်တို့အကြား သဘောတူညီထားတဲ့ ယာယီအပစ် အခတ်ရပ်စဲရေးဟာ ဇူလိုင် ၂၁ ရက်နေ့ကစပြီး ပျက်ပြယ်သွားပြီးတဲ့နောက် နှစ်ဖက်စလုံး အပစ်အခတ်တွေ ပြန်လည်ဖြစ်နေတာပါ။
mindat-refugees-flee.jpg
(မင်းတပ်က စစ်ဘေးရှောင်များ - Photo: CJ)

တကျော့ပြန် တိုက်ပွဲတွေပြန်ဖြစ်နေတဲ့ မင်းတပ်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကလည်း အတော်ဆိုး နေတာမို့ ဒေသခံတွေ အတော်ဒုက္ခရောက်ပြီး ဘယ်ပြေးလို့ ပြေးရမှန်းမသိတော့ဘူးလို့ အမည်မဖော်လိုတဲ့ မင်းတပ်မြို့ခံတစ်ဦး က RFA ကို ပြောပါတယ်။

“အခြေနေကတော့ ကျွန်တော်တို့ အပြင်တိုက်ပွဲတွေကလည်း ပြန်စတယ်ဆိုတော့ ကျွန်တော်တို့ ပြည်သူတွေကလည်း အင်မတန်မှ စိုးရိမ်နေကြတယ်။ တောမှာနေတဲ့သူတွေရော မြို့မှာနေတဲ့သူတွေရော မလုံခြုံသလို ဘယ်ကိုပြေးရမှန်းမသိ။ အဲတော့ တော်တော်များများ ဒုက္ခရောက်နေကြတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပခုက္ကူပြန်တွေကနေ သူတို့ဆီက တွေ့ရတာခင်ဗျ။ အခု ကိုဗစ် positive က ရှစ်ယောက်လောက်ရှိတယ်။ လက်ရှိ မင်းတပ်ပြည်သူ့ဆေးရုံမှာ ထားရတယ်”

ဇူလိုင် ၂၀ ရက်နေ့ကစပြီး ဒီနေ့ ဇူလိုင် ၂၅ ရက်နေ့အထိ မိုးကလည်းအဆက်မပြတ်ရွာနေလို့ တိုက်ပွဲတွေ ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေအတွက် နေထိုင်စားသောက်ရေးနဲ့ ကျန်းမာရေး အခက် အခဲတွေဖြစ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောကြပါတယ်။

အရင်ကလိုမျိုး တောတောင်ထဲမှာ တစ်စုတစ်ဝေးတည်း နေထိုင်လို့ရတဲ့ အခြေအနေမဟုတ်တော့ဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် သီးခြားစီ အဆင်ပြေသလို ထွက်ပြေးတိမ်းရှောင်နေရတာမို့ တစ်ဦးအခက်အခဲကို တစ်ဦးက မကူညီနိုင်ဖြစ်နေတယ်လို့ ကယ်ဆယ်ရေးလုပ်ပေးနေသူတွေက ပြောကြပါတယ်။

RFA Burmese



စစ်ကောင်စီနဲ့ CDF တို့တကျော့ပြန်တိုက်ပွဲတွေကြောင့် မင်းတပ်မှာ ဒုက္ခသည် တစ်သောင်းကျော် ထပ်တိုး စစ်ကောင်စီနဲ့ CDF တို့တကျော့ပြန်တိုက်ပွဲတွေကြောင့် မင်းတပ်မှာ ဒုက္ခသည် တစ်သောင်းကျော် ထပ်တိုး Reviewed by THITHTOOLWIN on 05:12 Rating: 5

No comments:

Powered by Blogger.