၂၀၂၀ ရွေးကောက်ပွဲရလဒ် စစ်ကောင်စီခန့်ကော်မရှင်ဖျက်သိမ်း



Share/Bookmark
Myanmar Elections

မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို ပယ်ဖျက်လိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီ ခန့်အပ်တဲ့ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ဇူလိုင်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

တည်ဆဲ ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မတွေနဲ့အညီ မြို့နယ်ပေါင်း ၃၁၅ မြို့နယ်မှာ ကျင်းပခဲ့တဲ့ မဲစာရင်းတွေကို စစ်ဆေးခဲ့တာမှာ မဲမသမာမှု ၁၁ သန်းကျော် တွေ့ရှိခဲ့ရသလို၊ အရင် ရွေးကောက်ပွဲ ကော်မရှင်ဟာလည်း တရားဝင်အပ်နှံထားတဲ့ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားပြုပြီး ဥပဒေ၊ နည်းဥပဒေတွေကို ကျော်လွန် ဖောက်ဖျက် ဆောင်ရွက်ခဲ့တာကို တွေ့ရှိရတဲ့အတွက် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်ကြောင်း စစ်ကောင်စီက ခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးသိန်းစိုးက လက်မှတ်ထိုးပြီး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပြီးတဲ့နောက် နောက်ပိုင်း ကျင်းပတဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတိုင်းမှာလည်း မဲမသမာရှိခဲ့တဲ့ ကိစ္စရပ်တွေကို စုံစမ်း စစ်ဆေးနေတဲ့အကြောင်းအရာတွေကို ထည့်သွင်း ပြောဆိုနေခဲ့တာပါ။

ဒါပေမယ့် ပြည်တွင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေနဲ့ နိုင်ငံတကာက လေ့လာသူအားလုံးနီးပါးက ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိကြောင်း အကြိမ်ကြိမ် ပြောဆိုထားကြပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲမသာမာမှုကိုအကြောင်းပြပြီး မြန်မာစစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူခဲ့ပြီး၊ တနှစ်အတွင်း နောက်တကြိမ်ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ကြေညာထားပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် နောက်တကြိမ်ရွေးကောက်ပွဲတွေကျင်းပနိုင်ဖို့ နှစ်နှစ်အထိ ကြာသွားနိုင်တယ်လို့ ပြောလာပါတယ်။


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-election-2020/5979372.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ