ကိုဗစ်ကာကွယ်ကုသရေး ဆေးဝါးနဲ့ကိရိယာတွေ တင်သွင်းခွင့်ရပ်ဆိုင်းစာ အတုလို့ငြင်းဆို

နယ်စပ်ကနေ ကိုဗစ်ဆက်စပ်ကာကွယ်ရေးပစ္စည်းတွေတင်ပို့မှု ပိတ်မထားလို့ ဆို

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနဲ့ ကုသရေးဆိုင်ရာ ဆေးဝါးတွေနဲ့ဆေးကိရိယာတွေ ပြည်ပကနေ တင်သွင်းတာကို ရပ်ခိုင်းခြင်းမရှိဘူးလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဘီဘီစီကို ပြောပါတယ်။

ဝန်ကြီးဌာနအောက်က ကုန်သွယ်ရေးဦးစီးဌာနက မြဝတီကုန်သွယ်ရေးဇုန် အကောက်ခွန် ညွှန်ကြားရေးမှူးကို အဲဒီဆေးပစ္စည်းတွေနဲ့ဆေးဝါးတွေကို နယ်စပ်ဒေသတွေကနေ တင်သွင်းခွင့်ယာယီရပ်ဆိုင်းဖို့ ညွှန်ကြားတဲ့ စာတစ်စောင်လူမှုကွန်ယက်ပေါ်မှာ ဒီနေ့ ဇူလိုင်လ ၁၁ ရက်မှာ ပျံ့နှံ့လာခဲ့အပြီးမှာ စီးပွားကူးသန်းဘက်က အခုလိုပြောလာတာပါ။

အဲဒီစာထဲမှာတော့ နိုင်ငံခြားသုံးငွေကြေးလျှော့ချဖို့၊ ပြည်တွင်းလုပ်ငန်းတွေက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေအပေါ် ဈေးကွက်ယှဉ်ပြိုင်နိုင်မှု အကာအကွယ်ပေးဖို့ နယ်စပ်ကနေ နှာခေါင်းစည်း၊ လက်အိပ်၊ PPE၊ အောက်စီဂျင်ဘူး၊ အောက်စီဂျင်စက် စတာတွေကို အခုလ ၇ ရက်ကနေစလို့ တင်သွင်းခွင့် ရပ်ဆိုင်းညွှန်ကြားထားတယ်လို့ ပါရှိပါတယ်။

''ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ကုသရေးပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ဆိုရင် ကျွန်တော်တို့ ဝန်ကြီးဌာနက ပြီးခဲ့တဲ့ မေလအထိ ဆေးပစ္စည်းတွေဆိုရင် FDA နဲ့ညှိပြီးတော့ သက်တမ်းကုန်တဲ့သွင်းကုန်လုပ်ငန်းရှင်တွေကို တောင် ဒီဆေးကို သွင်းဖူးတယ်ဆိုရင် သတင်းလွှာထုတ်ပြန်ပြီး ဆက်သွင်းနိုင်အောင် ဖြေလျှော့ပေးခဲ့တာရှိတယ်။ အဲဒီစာကတော့ အတုပါ။ စာမှာလက်မှတ်ထိုးထားတယ်ဆိုတဲ့ အရာရှိကလည်း မြဝတီမှာ တာဝန်မထမ်း ဆောင်တော့ဘူး။ ရုံးချုပ်ကို ပြောင်းလာတာ လကုန်ပိုင်းကတည်းပါ။''လို့ စီးပွားကူးသန်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

လက်ရှိမှာ မြဝတီနယ်စပ်ကနေ မျက်နှာဖုံးနှာခေါင်းစည်းတွေ၊ PPE တွေနဲ့ အောက်စီဂျင်စက်တွေ ပြည်တွင်းကို သွင်းဖို့ ခက်နေတယ်လို့ ကုန်သွယ်တွေဘက်က ပြောဆိုနေကြပေမဲ့ စီးပွားကူးသန်းဘက်ကတော့ ဒီလိုကြန့်ကြာ မှုတွေ မရှိအောင် ဖြေလျော့နိုင်သလောက် ဖြေလျှော့ပေးနေပြီး သုံးစွဲရာမှာ ဘေးကင်းလုံခြုံမှု အပိုင်းနဲ့ ပတ်သက်ပြီး အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေး(FDA)ဘက်က စီမံရတဲ့အပိုင်းရှိနေတယ်လို့ အတွင်းဝန်က ပြောပါတယ်။

တရုတ်နယ်စပ်ဘက်မှာတော့ ကုန်သွယ်ရေး ရပ်နားထားပေမဲ့ ဆေးဝါးတင်သွင်းမှုကိုတော့ ချွင်းချက်အနေနဲ့ နှစ်နိုင်ငံ သဘောတူထားတယ်လို့သိရပါတယ်။

လက်တွေ့ ထိုင်းမြန်မာနယ်စပ်ကနေ Mask နဲ့ ကာကွယ်ရေးပစ္စည်းတွေတင်သွင်းဖို့ လုပ်ဆောင်နေသူအချို့ ကတော့ တင်သွင်းခွင့်မရလို့ အခက်ကြုံနေရတယ်လို့ လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ဖော်ပြောဆိုနေကြတာ တွေလည်းရှိနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57652919

ကိုဗစ်ကာကွယ်ကုသရေး ဆေးဝါးနဲ့ကိရိယာတွေ တင်သွင်းခွင့်ရပ်ဆိုင်းစာ အတုလို့ငြင်းဆို ကိုဗစ်ကာကွယ်ကုသရေး ဆေးဝါးနဲ့ကိရိယာတွေ တင်သွင်းခွင့်ရပ်ဆိုင်းစာ အတုလို့ငြင်းဆို Reviewed by THITHTOOLWIN on 21:28 Rating: 5

No comments:

Powered by Blogger.