ရန်ကုန်မှာ ကိုဗစ်ကြောင့် သေဆုံးမှု နေ့စဉ် ၅၀၀ ကျော်ရှိ


မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ များနေပြီး အဲဒီ လူနာတွေထဲက အောက်ဆီဂျင်ပြတ်လို့ အသက်ဆုံးရှုံးနေရတာ ရန်ကုန်မြို့တစ်မြို့ထဲမှာတင် နေ့စဉ် လူပေါင်း ၅၀၀ ဝန်းကျင်လောက် ရှိတယ်လို့ အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တွေက RFA ကို ဒီနေ့ပြောကြပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ သုသာန်လေးခုမှာ နေ့စဉ်လူသေဆုံးမှုဟာ ၅၀၀ နဲ့အထက်ရှိနေပြီး အဲဒီ အထဲက ၉၅ ရာခိုင် နှုန်းလောက်ဟာ အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် သေဆုံးသူတွေ ဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ရန်ကုန်မြို့က လူမှုကူညီရေး အသင်းတစ်သင်းရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“ရန်ကုန်မှာက သုသာန်က လေးခုရှိတယ်လေ။ ရေဝေး၊ ထိန်ပင်၊ ကျီစု၊ ကျူချောင် ရယ်ပေါ့။ ရန်ကုန် တစ်မြို့လုံးမှာ အဲဒီ သုဿာန်လေးခုကို ပို့ရတာ တစ်နေ့ တစ်နေ့ကို ၅၀၀ အထက်မှာရှိတယ်။ နေအိမ်မှာ ဆုံးသူတွေရဲ့ ၉၅ ရာခိုင်နှုန်းဟာ အောက်ဆီဂျင် ပြတ်ပြီးဆုံးသွားတာ များတယ်။ ကျွန်တော်တို့က အဲဒီ အလောင်းအကုန်လုံးကို PPE တွေဝတ်ပြီး တောက်လျှောက်သွားသယ်နေရတာ။ အဲဒီ ၅၀၀ လောက်မှာ ၄၅၀ လောက်က အိမ်မှာပဲဆုံးကြတာလေ။ ကျွန်တော်တို့ အခု မနက် ၁၀ နာရီခွဲ ၁၁ နာရီလောက်ဆိုရင် လမ်းကြောင်းတွေကို ပိတ်လိုက်ရတယ်။ အလောင်းတွေကို လက်ခံသင်္ဂြိုဟ်ပေးလို့ မရတော့ဘူး”

ရေဝေးသုသာန် တစ်ခုတည်းမှာတင် သင်္ဂြိုဟ်ပေးနေရသူဟာ တစ်နေ့ကို ၂၀၀ ကျော်လောက်ရှိပြီး အလောင်း တွေကို သင်္ဂြိုဟ်ဖို့အတွက် တန်းစီထားကြရတယ်လို့ ဆိုပါတယ်

အခုလို တစ်နေ့ကိုလူ ၅၀၀ နဲ့အထက် သေဆုံးမှုဟာ လွန်ခဲ့တဲ့ ငါးရက်လောက်ကတည်းက ကြုံနေရတာ လို့လည်း သူကပြောပါတယ်။

အလောင်းတွေကို သုသာန်တွေဆီပို့ဆောင်ဖို့ အရင်က နာရေးကား သီးသန့်ရှိပေမယ့် အခုနောက်ပိုင်း လူနာတင်ကားတွေကိုပါ နာရေးကားအဖြစ် အသုံးပြုနေကြရပါတယ်။

သုသာန်မှာ သင်္ဂြိုဟ်ဖို့ အခက်အခဲတွေရှိလို့ လူမှုကူညီရေးအသင်း တစ်သင်းဟာ တစ်နေ့ကို အလောင်း ၅၀ လောက်ကိုပဲ လက်ခံကူညီနေကြရပါတယ်။

RFA က ဒီနေ့မနက်က ဆက်သွယ်မေးမြန်းခဲ့တဲ့ ရန်ကုန်မြို့ လူမှုကူညီရေးအသင်းတစ်ခုက တာဝန်ရှိသူ တစ်ဦးက ဆိုရင် ဒီနေ့မနက် ၁၀ နာရီလောက် ကတည်းက သူတို့လက်ခံကူညီမယ့် နာရေးအလောင်း ၅၀ ပြည့်သွားလို့ ဒီနေ့အတွက် ဆက်လက်မခံနိုင်တော့ပဲ ရပ်ထားရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီဟာ အောက်စီဂျင်ထုတ်တဲ့ စက်ရုံတွေကို ပုဂ္ဂလိကတွေကို ထုတ်မရောင်းဖို့ ပိတ်ပင်လိုက်တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစလို့ ရန်ကုန်မြို့မှာ အောက်ဆီဂျင် ရှားပါးပြတ်လပ်မှု ပြဿနာကို နေ့စဉ် ရင်ဆိုင် ကြုံတွေ့နေရတယ်လို့ ရန်ကုန်မြို့က လူမှုကူညီရေး အသင်းအဖွဲ့တွေက ပြောပါတယ်။

ဒါကြောင့် ပုဂ္ဂလိကဆေးရုံအချို့မှာ အောက်ဆီဂျင် ပေးရမယ့်လူနာတွေကို လက်မခံကြတော့သလို အစိုးရဆေးရုံတွေမှာလည်း အကန့်အသတ်နဲ့ပဲ လက်ခံကြတော့တယ်လို့ ရန်ကုန်မြို့က ကိုဗစ်လူနာတွေကို ကူညီနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“အောက်ဆီဂျင် အရမ်းပေးရမယ့် သူတွေအတွက် အခက်အခဲဖြစ်တာက ဆရာဝန်အင်အားနဲ့ စေတနာ့ ဝန်ထမ်း အင်အားမရှိတာပေါ့။ အဲဒါတွေ မရှိတဲ့အခါကျတော့ လက်မခံကြဘူးခင်ဗျ။ ပုဂ္ဂလိကဆေးရုံတွေနဲ့ အစိုးရဆေးရုံတွေမှာပါ လက်မခံကြတာ။ ရန်ကုန်ဆေးရုံကြီး၊ စံပြဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံကြီး တို့ကတော့ လက်ခံတယ်။ ဒါပေမဲ့ လူနာအကန့်အသတ်နဲ့ လက်ခံတာ”

လူနာတွေကို လက်ခံမယ့် ဆေးရုံတွေကို လိုက်ရှာရင်း မရတဲ့အဆုံး၊ သူ့ရဲ့အိမ်ကိုပဲ ပြန်ပို့လိုက်ရတဲ့ အဖြစ် တွေလည်း ရှိတယ်လို့ အကူအညီပေးနေသူ တစ်ဦးကလည်း ပြောပါတယ်။

အောက်ဆီဂျင် လိုအပ်တဲ့ လူနာ ၁၀၀ မှာ ၁၅ ယောက်လောက်ကိုပဲ အလုံအလောက် ပေးနိုင်တယ်လို့လည်း ပြောကြပါတယ်။

ရန်ကုန်မြို့မှာ စစ်ကောင်စီက ညမထွက်ရ အမိန့်ထုတ်ထားတာလည်း မရုတ်သိမ်းသေးတဲ့အတွက် အောက်စီဂျင်လိုတဲ့သူတွေရဲ့မိသားစုတွေဟာ မနက် ၄ နာရီကို စောင့်ပြီးမှ အပြင်ထွက်ရှာရလေ့ရှိပါတယ်။

အောက်ဆီဂျင် တစ်အိုးရဖို့ နေ့စဉ် မနက် ၄ နာရီ လောက်ကတည်းက စက်ရုံတွေရှေ့မှာ တန်းစီစောင့်နေ ကြရတယ်လို့ အမည်မဖော်လိုတဲ့ ပရဟိတအသင်းသား တစ်ဦးကလည်း ပြောပါတယ်။

“ကျွန်တော်တို့ အခုလမ်းမှာပဲ ရှိသေးတယ်။ ကျွန်တော်တို့က တောင်ဒဂုံကို သွားနေကြတာပေါ့နော်။ သွားတာက အောက်ဆီဂျင်အိုးတွေကို ကျွန်တော်တို့ လိုက်ဝယ်နေတာပေါ့။ လိုက်ဝယ်တဲ့အခါမှာ လွယ်လွယ်ကူကူနဲ့ ဝယ်လို့ မရဘူးခင်ဗျ။ တန်းစီရတာ။ တန်းစီရတာက မနက်အစောကြီး ၄ နာရီလောက် ကပင် ထပြီးတော့ တန်းစီရတာ။ အဲလိုတန်းစီတာလည်း တစ်ခါတလေ ရချင်မှရတယ် ဝယ်တာတောင်မှ။ ဒီတောင်ဒဂုံစက်မှုဇုန်ကလည်း အလုံအလောက် မထုတ်ပေးနိုင်ဘူးပေါ့နော်။ တစ်နေ့ကို အလုံး ၁၀၀ ပေါ့။ တစ်ခါတစ်လေကျတော့လည်း အလုံး ၁၅၀ မမှန်ဘူးပေါ့နော်။ သူတို့မှာ ပစ္စည်းရှိရင် ရှိသလောက်ပေါ့။ တန်းစီရတဲ့လူက အယောက် ၂၀၀ နဲ့ ၂၅၀ ကြားမှာရှိတယ်။ ကျွန်တော်တို့ကတော့ ဒီစက်ရုံက မရလို့ရှိရင် နောက်စက်ရုံမှာ လူခွဲပြီးတော့ တန်းစီရတာပေါ့နော်။ အိုးကြီးတွေ ဆိုလို့ရှိရင် တစ်ရက်တည်းနဲ့ မရဘူးဗျ။ နောက်နေ့မှရတာ”

ကိုရိုနာဗိုင်းရပ်စ် သံသယတွေနဲ့ တစ်လကျော်အတွင်း လူ ၈၀၀ လောက်သေခဲ့ရတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ မှာလည်း သေဆုံးမှုတွေက နေ့စဉ် ဆယ်ဂဏန်းနီးပါး ရှိနေသေးတယ်လို့ အကူအညီပေးနေတဲ့ မြို့ခံ လူမှု အဖွဲ့အစည်းတွေက ပြောပါတယ်။ ဇူလိုင်လ ၁ ရက်နေ့ကနေ မနေ့က ၁၃ ရက်နေ့အထိ သေဆုံးမှုက ၃၃၀ ကျော်အထိရှိတယ်လို့လည်း လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

    "အဲလိုတန်းစီတာလည်း တစ်ခါတလေ ရချင်မှရတယ်။"

အောက်ဆီဂျင်ရဖို့အတွက် ရန်ကုန်၊ မန္တလေးမြို့တွေက မှာယူတဲ့အခါမှာ ကလေးမြို့ကို ရောက်ဖို့ ခြောက်ရက် လောက်အထိ စောင့်ဆိုင်းရတာကြောင့် မြို့ပေါ်မှာ အောက်ဆီဂျင် လိုအပ်ချက်ပြဿနာက ပိုမိုကြီးမား လာတယ်လို့ ကလေးမြို့ ကာယံမေတ္တာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ကိုရဲသီဟအောင်က ပြောပါတယ်။

“ကလေးမြို့နယ်မှာတော့ ဒီရက်ပိုင်းမှာလည်း သေဆုံးမှုကရှိနေဆဲပါဗျ။ တစ်နေ့ကို ၁၀၊ ၁၅၊ ၂၀ အဲဒီဝန်းကျင် သေဆုံးမှုတွေရှိနေဆဲပါ။ ကျွန်တော်တို့အတွက် စိုးရိမ်ရတဲ့ပြဿနာက အောက်ဆီဂျင် မလုံလောက်တဲ့ ပြဿနာပါခင်ဗျ။ အောက်ဆီဂျင်က မန္တလေး၊ ရန်ကုန်၊ မုံရွာတွေမှာ တန်းစီပြီးတော့မှ စောင့်ရတဲ့ အနေအထားရှိတယ်။ အသင်းတစ်သင်းကစောင့်တာဆိုရင် ခြောက်ရက်လောက်ကြတယ် တန်းစီရတာ။ အဲဒါဆိုတော့ ကျွန်တော်တို့ ဒီဘက်မှာ အောက်ဆီဂျင် မလောက်ငှတဲ့ ပြဿနာလေးရှိတယ်ဗျ”

ကလေးမြို့မှာ အခုရက်ပိုင်းတွေအတွင်း အောက်ဆီဂျင်အိုး တစ်နေ့ကို ၅၀၀ လောက်လိုအပ်ပြီး မြို့ပေါ်မှာ ဆေးရုံတွေနဲ့ အလှူရှင်တွေရဲ့အကူအညီနဲ့ လည်ပတ်နေတဲ့ အောက်ဆီဂျင်စက်ရုံတွေက တစ်နေ့ကို အိုး ၁၀၀ ဝန်းကျင်လောက်သာ ထုတ်လုပ်နိုင်တဲ့အတွက် တစ်ရက်ကို အိုးလေးရာလောက် လိုနေပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခု ရက်ပိုင်းတွေအတွင်း အောက်ဆီဂျင်တွေ ပြတ်သွားပြီဆိုတဲ့ သတင်းမဟုတ်မမှန်တဲ့အကြောင်းနဲ့ အောက်ဆီဂျင် လုံလုံလောက်လောက် ရှိတဲ့အကြောင်း ဇူလိုင်လ ၁၂ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်ဟာ လက်တွေ့နဲ့ ပြောင်းပြန်ဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန် တစ်ဦးက ဝေဖန်လိုက်ပါတယ်။

“သူတို့ကတော့ အောက်ဆီဂျင်ကို လောက်တယ်လို့ပြောပေမယ့် ကျွန်တော်တို့ လက်တွေ့မှာ မြင်နေ ရတာက အောက်ဆီဂျင်ထုတ်တဲ့ ပုဂ္ဂလိကစက်ရုံတွေကို အပြင်ကိုမရောင်းဖို့ စစ်ကောင်စီက ကွပ်ကဲ နေတယ် ဆေးရုံတွေကိုပဲ ရောင်းဖို့ပေါ့။ အဲဒါမျိုးနဲ့ သူတို့ ဆောင်ထားတာမျိုးတွေ ရှိတယ်ပေါ့နော်။ ဒါပေမဲ့ အမှန်တကယ် အပြင်မှာ မြင်တာကတော့ အထူးသဖြင့် ကလေးမြို့ကို ကြည့်လိုက်မယ်ဆိုရင် အားလုံး ထင်သာမြင်သာ ရှိတယ်ပေါ့နော်။ ကိုယ့်ဟာကိုယ် စက်ရုံတည်ပြီးမှ လုပ်နေတယ်။ ဒါပေမဲ့ လိုအပ်ချက် တွေက တောက်လျှောက် ရှိနေတာကိုတွေ့ရတယ်။ သေဆုံးတာတွေလည်း ကြောက်ခမန်းလိလိ ဖြစ်နေတာပေါ့နော်။ ဒါတွေက လူထုထဲမှာ အမှန်တကယ် အောက်ဆီဂျင် လိုအပ်နေတဲ့သဘောပါပဲ”

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၁၃ ရက် မနေ့ည ၈ နာရီအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၉ ဦးရှိခဲ့ပြီး သေဆုံးသူစုစုပေါင်းက ၄,၀၃၆ ဦးအထိ ရှိနေတယ်လို့သိရပါတယ်။

RFA Burmese

(ဒေါပုံက နွယ်အေးဗလီမှာ ကိုဗစ်လူနာများအတွက် အောက်ဆီဂျင်ဘူးများ လာရောက်ဖြည့်သွင်းစဉ်) Photo: CJ


ရန်ကုန်မှာ ကိုဗစ်ကြောင့် သေဆုံးမှု နေ့စဉ် ၅၀၀ ကျော်ရှိ ရန်ကုန်မှာ ကိုဗစ်ကြောင့် သေဆုံးမှု နေ့စဉ် ၅၀၀ ကျော်ရှိ Reviewed by THITHTOOLWIN on 20:52 Rating: 5

No comments:

Powered by Blogger.