မင်းကင်းမြို့နယ်မှာ ရွာကို ရိက္ခာလာသယ်တဲ့ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ

မင်းကင်းမြို့နယ်မှာ ရွာကို ရိက္ခာလာသယ်တဲ့ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ မင်းကင်းမြို့ကို Goolge Map မှ မြင်တွေ့ရစဉ် / Photo: Google Map


စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ဇင်ကလဲကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အသက် ၄၀ ကျော် အရွယ် ဦးဆန်းဝင်းဟာ မိသားစုအတွက် သူ့ရဲ့နေအိမ်မှာ ကျန်ခဲ့တဲ့ ဆန်ရိက္ခာကို သယ်ဖို့သွားရာမှာ သတ်ဖြတ် ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ညနေက ပြောပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က စစ်ကောင်စီ တပ်သားတွေရှိနေလို့ မသွားဖို့ တားတဲ့ကြားက သူ့ရဲ့ ရွာကို သွားရောက်ခဲ့ရာကနေ ပြန်ရောက်မလာတာကြောင့် ဒီနေ့မနက်က မိသားစုက သွားရောက်ရှာဖွေရာမှာ သတ်ဖြတ်ခံရပြီး သေဆုံးနေတဲ့ သူ့ရဲ့ရုပ်အလောင်းကို ဇင်ကလဲရွာအနီးမှာ တွေ့ရှိခဲ့ကြတာလို့ ဆိုပါတယ်။ 

သေဆုံးနေတဲ့ ဦးဆန်းဝင်းမှာ ကြိုးတုပ်ပြီး မျက်နှာနဲ့ဦးခေါင်းကို ထုရိုက်ထားတဲ့ ဒဏ်ရာတွေ တွေ့ရပြီး သေနတ် ကျည်ဒဏ်ရာတွေတော့ မတွေ့ရဘူးလို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

ဇင်ကလဲရွာနဲ့ အနီးဝန်းကျင်တွေမှာ စစ်ကောင်စီတပ်သားတွေ လှုပ်ရှားသွားလာ တာတွေရှိလို့ ဒါဟာ သူတို့ လက်ချက်ဖြစ်နိုင်တယ်လို့ ဒေသခံတွေအကြားမှာ သုံးသပ်ပြောဆိုကြပေမယ့် ဒီသတ်ဖြတ်ခံရမှုအတွက် ခိုင်မာတဲ့ သက်သေ အထောက်အထား မရသေးတာကြောင့် ဘယ်သူ့လက်ချက်ဆိုတာကို RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

ဇင်ကလဲရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ရွာဖြစ်ပြီး စစ်ကောင်စီတပ်တွေက မင်းကင်းဒေသ အရှေ့ဘက်ခြမ်း နဲ့ အနောက်ဘက်ခြမ်းတွေမှာ လှုပ်ရှားမှုတွေရှိနေလို့ ပြီးခဲ့တဲ့ အချိန်တစ်လလောက်ကပင် နီးစပ်ရာ တောတွေ ထဲမှာ ထွက်ပြေး ခိုလှုံနေကြရတဲ့ ကျေးရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းကင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုတွေကြောင့် ကျေးရွာပေါင်း ၂၀ ကျော်လောက် က ဒေသခံတွေဟာ သူတို့ရဲ့ ကျေးရွာတွေထဲကနေ မကြာခဏဆိုသလို ထွက်ပြေးနေကြရတယ်လို့လည်း ပြောကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/minkin-villagers-murdered-07132021075212.html

မင်းကင်းမြို့နယ်မှာ ရွာကို ရိက္ခာလာသယ်တဲ့ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ  မင်းကင်းမြို့နယ်မှာ ရွာကို ရိက္ခာလာသယ်တဲ့ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ Reviewed by THITHTOOLWIN on 21:20 Rating: 5

No comments:

Powered by Blogger.