ကလေးနဲ့ ရန်ကုန်မြို့တွေမှာ အောက်ဆီဂျင်လိုအပ်ချက် ကြီးမားနေဆဲ

အောက်ဆီဂျင်ဖြည့်ဖို့စောင့်ဆိုင်းနေသူများ (ဇူလိုင် ၁၁-၂၁)

မြန်မာနိုင်ငံတဝန်း ကိုဗစ်တတိယလှိုင်းနဲ့ အပြင်းအထန်ရင်ဆိုင်နေရတဲ့ မြို့တွေထဲက ကလေးမြို့နဲ့ တိုင်းပြည်ရဲ့ အဓိကမြို့ကြီးတမြို့ဖြစ်တဲ့ ရန်ကုန်မြို့တို့မှာ ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြု လူနာတွေအတွက်ရော၊ သံသယလူနာတွေအတွက်ပါ အောက်ဆီဂျင်လိုအပ်ချက် ကြီးမားနေဆဲရှိပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးကပြောပြပါမယ်။

ကပ်ရောဂါတတိယလှိုင်းမှာ ရောဂါကူးစက်ခံရသူနဲ့ သေဆုံးသူ တနေ့တက်တနေ့ တိုးလာနေပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ကြာသပတေးညအထိ ထုတ်ပြန်ချက်အရ ကပ်ရောဂါအတည်ပြုလူနာဦးရေဟာ ၂၁၀,၀၀၀ ကျော်အထိ ရှိလာပါပြီ။ ကူးစက်သူအရေအတွက်ဟာ လက်တွေ့မှာ ဒီ့ထက်မကများနေတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ ပရဟိတအဖွဲ့တွေက ပြောထားပါတယ်။

အတည်ပြုလူနာရော၊ ရောဂါသံသယရှိသူတွေပါ များနေပြီး သူတို့ကို ကုသပေးနိုင်ဖို့ ကျန်းမာရေးဝန်ထမ်းအားနဲ့ ပစ္စည်းကိရိယာ လိုအပ်ချက်တွေကလည်း ရောဂါဖြစ်ပွားရာဒေသ တော်တော်များများမှာ ရင်ဆိုင်နေရတာပါ။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်တဲ့ အရေအတွက်ထက် သံသယရှိသူဦးရေက တိုးလာနေပြီး သူတို့ကိုစစ်ဆေးပေးနိုင်ဖို့ အခက်တွေ့နေပါတယ်။ လူနာတွေ အများဆုံးလိုအပ်နေတာက အောက်ဆီဂျင်ဖြစ်ပြီးတော့ ဒါတွေကို ဒေသအခြေစိုက် ပရဟိတအသင်းတွေနဲ့ စေတနာရှင်တွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ ရှာဖွေပြီးဖြည့်တင်းပေးနေပါတယ်။

အရင်ကထက် သေဆုံးသူဦးရေ လျော့လာတယ်ဆိုပေမယ့် အောက်ဆီဂျင်အရေးပေါ်လိုအပ်ချက်ကတော့ ကြီးမားနေတုံးပဲလို့ ဒေသအခြေစိုက် ပရဟိတအသင်းတခုရဲ့ တာဝန်ခံတဦးက ပြောပါတယ်။

"အောက်စီဂျင်အခြေအနေက ပြတ်တုန်းလတ်တုန်းပါပဲဗျာ။ ရောက်တဲ့နေရာလေးမှာ ဖြည့်လိုက်၊ ကုန်သွားလိုက် အဲလိုမျိုးပါဗျ။ သူဆိုင်ရာ ပိုင်ရာပေါ့ဗျာ ကြိုးစားပြီးတော့ ရှာကြတာပေါ့။ မန္တလေး၊ မုံရွာမှာဆို တန်းစီရတယ်၊ ခခယယတောင်းရတယ်၊ အဲစနစ်တွေနဲ့ကို လုပ်နေရတာဗျ။ အရင်ထက်စာရင် သေတာတော့ နည်းနည်းလျော့သွားပြီ ပြောရမယ်ဗျ။ အောက်စီဂျင်လိုအပ်ချက်ကတော့ ဘူးဘယ်လောက်ရောက်ရောက် ကုန်တာပါပဲဗျ။ တချို့နေရာမှာဆို ၄ သိန်းဆိုလည်း ရောင်းရတာ ကုန်တာပါပဲ။ ၅ သိန်းဆိုလည်း ကုန်သွားတာပဲ၊ ရောင်းတဲ့ဘူးတွေက။ တချို့ဆိုရင် အောက်စီဂျင်ဖိုးကို မတတ်နိုင်လို့ အိမ်ဝင်းရောင်းပြီးတောင် ဝယ်ဖို့လုပ်တဲ့သူတွေကအစရှိတယ်။"

ပိုးတွေ့အတည်ပြုလူနာ အများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းထဲမှာလည်း ကပ်ရောဂါကူးစက်ခံရသူနဲ့ သံသယလူနာတွေအတွက် အောက်စီဂျင်လိုအပ်ချက် ရှိနေပါတယ်။ ရောဂါသံသယရှိသူတွေ စစ်ဆေးနိုင်ဖို့နဲ့ အတည်ပြုလူနာတွေ ဆေးရုံတင်ကုသမှု ခံယူနိုင်ဖို့အတွက်လည်း ကန့်သတ်ချက်တွေရှိနေပါတယ်။ ဒီရက်ပိုင်းတွေမှာ သေဆုံးသူအဆမတန်များလာလို့ မြို့နယ်အလိုက် သင်္ဂြိုလ်ဖို့ ခွဲခြားသတ်မှတ်ထားရပါတယ်။

အခြေခံလူတန်းစားနဲ့ စက်ရုံလုပ်သား၊ အဆောင်နေသူ အများဆုံးရှိနေတဲ့ လှိုင်သာယာမြို့နယ်ထဲမှာ လူနာတွေအရေးပေါ် လိုအပ်တဲ့ အောက်ဆီဂျင်ကို အလျင်မီအောင်ဆောင်ရွက်ပေမယ့် အသက်မမီတဲ့ဖြစ်ရပ်တွေ ကြုံရတာများလာတယ်လို့ ပရဟိတဆောင်ရွက်ပေးနေတဲ့ ဆရာတော်တပါးက မိန့်ပါတယ်။

"အခု ဘုန်းဘုန်းဆီမှာ အောက်ဆီဂျင်တောင်းတဲ့သူတွေကို လိုက်ပြီးကူညီတော့ ရွှေလင်ပန်းဆေးရုံက ဆရာဝန်တွေရဲ့ အကူအညီနဲ့ အရေးပေါ်လိုနေသူတွေအတွက် သွားယူနေတုန်းရှိသေးတယ်၊ အောက်ဆီဂျင်လည်း ဖြည့်ပြီးသွားပြီ၊ လာပို့မယ်လည်းလုပ်တော့ အဲလူတွေ ဆုံးသွားတယ်။ ဘုန်းဘုန်းတို့လည်း မနိုင်တော့တဲ့အတွက်ကြောင့်မို့ နီးစပ်ရာ ပရဟိတအသင်းတွေနဲ့ အကောင်းဆုံးပဲဆောင်ရွက်ပါလို့ အကြံဉာဏ်ပဲပေးလိုက်တော့တယ်။"

စစ်ကောင်စီကတော့ နိုင်ငံတွင်းမှာရှိတဲ့ ပြည်သူ့ဆေးရုံတွေ၊ တပ်မတော်ဆေးရုံတွေနဲ့ ကျန်းမာရေးဌာန၊ ကိုဗစ်စင်တာအပါအဝင် ဘာသာရေးနဲ့ စာသင်ကျောင်းတွေဆီ ကိုဗစ်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းတွေနဲ့ အောက်စီဂျင်အိုးတွေကို ဇူလိုင်လ ၁ ရက်နေ့ကစပြီး လှူဒါန်းပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုဗစ်လူနာတွေရဲ့ လိုအပ်ချက်နဲ့ သေဆုံးသူတွေကို သင်္ဂြိုလ်ဖို့အထိ လက်တွေ့ လိုက်လံ ဆောင်ရွက်ပေးနေသူတွေကတော့ သေဆုံးသူတော်တော်များများဟာ အောက်စီဂျင်အလုံအလောက် မရတာကနေ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ခဲ့ကြတာလို့ ပြောပါတယ်။


ခင်ဖြူထွေး/ VOA Burmese

https://burmese.voanews.com/a/oxygen-shortage-chin-and-Yangon-/5968136.html

ကလေးနဲ့ ရန်ကုန်မြို့တွေမှာ အောက်ဆီဂျင်လိုအပ်ချက် ကြီးမားနေဆဲ ကလေးနဲ့ ရန်ကုန်မြို့တွေမှာ အောက်ဆီဂျင်လိုအပ်ချက် ကြီးမားနေဆဲ Reviewed by THITHTOOLWIN on 22:33 Rating: 5

No comments:

Powered by Blogger.