တောင်တွင်းကြီးမှာ ကိုဗစ်ရောဂါကူးစက်ခံရသူတွေ ဆေးရုံမှာ အခက်အခဲဖြစ်နေ

တောင်တွင်းကြီးမှာ ကိုဗစ်ရောဂါကူးစက်ခံရသူတွေ ဆေးရုံမှာ အခက်အခဲဖြစ်နေ တောင်တွင်းကြီးဆေးရုံရှေ့မှာ ရပ်ထားတဲ့ လူမှုကူညီရေးအသင်းကားတွေကို တွေ့ရစဥ် / Photo CJ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ ကိုရိုနာကပ်ရောဂါပိုး ကူးစက်ခံရပြီး ဆေးရုံရောက်နေသူတွေဟာ အခန်း ကျဥ်းတစ်ခုတည်းမှာ လူပေါင်းများစွာ ပိတ်လှောင်ထားသလို ဖြစ်နေတာကြောင့် ရောဂါအခြေအနေ ပိုဆိုးပြီး နေထိုင်စားသောက်ရေး အခက်တွေ့နေတယ်လို့ ဆေးရုံတက်ရောက်နေသူတွေက ပြောပါတယ်။

လူနာအများကြီးကို အခန်းကျဥ်းတစ်ခုတည်းမှာ ပိတ်လှောင်ထားသလို ဖြစ်နေတာကြောင့် အသက်ရှူပိုကြပ် ပြီး ရေအလုံအလောက် မရဘူးလို့ တောင်တွင်းကြီးမြို့နယ်ဆေးရုံမှာ တက်ရောက်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ရောဂါပိုးကူးစက်ခံရသူတစ်ယောက်က RFA ကို ပြောပါတယ်။

''နေရတာဆိုးတယ်။ ပြတင်းပေါက်တွေကိုဗျာ သံချွန်အသေရိုက်ပြီး ပိတ်ထားတယ်။ တံခါးမကြီးကိုလည်း အပြင်ကနေ ဂလန့်ထိုးထားတယ်။ အပြင်လည်းမထွက်ရဘူး။ အခန်းကျဉ်းကလေးကို ၁၈ ယောက်လောက် ထားတယ်။ လေဝင်လေထွက်လည်း မကောင်းဘူး။ ဆေးရုံရောက်ထဲရောက်မှ အသက်ရှူကြပ်နေသလို ခံစားရတယ်။ သောက်စရာရေတောင် စီစဉ်မပေးဘူး။ အပြင်ကနေ မှာသောက်ရတယ်။ ချိုးစရာရေလည်း မရှိဘူး။ နောက်ဆုံးဗျာ အိမ်သာတောင် ရေမရှိဘူး''

မြို့နယ်စစ်ကောင်စီက ကိုဗစ်လူနာတစ်ယောက်အတွက် တနေ့ကို ထမင်းဖိုး ၂၅၀၀ ချပေးထားပေမယ့် လူနာ တွေအတွက် ပြင်ပအလှုရှင်တွေ ရှိနေတာကြောင့် အဲဒီငွေကို အုပ်ချုပ်ရေးပိုင်းက ယူထားပြီး လူနာတွေအတွက် အသုံးမပြုဘူးလို့လည်း ဆေးရုံတက်နေသူတွေကို ကူညီပေးနေတဲ့ CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

တောင်တွင်းကြီးမြို့မှာ ကိုဗစ်လူနာတွေကို တောင်တွင်းကြီး ပြည်သူ့ဆေးရုံနဲ့ ပရပ်ကြယ် တိုက်နယ်ဆေးရုံ တွေမှာ ထားရှိရာက နေ့စဥ်လူနာဦးရေ များပြားလာတဲ့အတွက် စစ်ကောင်စီက တောင်တွင်းကြီးမြို့က တစညပါတီရုံးကို ကိုဗစ်လူနာတွေထားဖို့ စီစဥ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၂၂ ရက်ကနေ ဇူလိုင်လ ၂၁ ရက်ညပိုင်းအထိ တစ်လအတွင်း တောင်တွင်းကြီးမြို့မှာ ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၃၀၀ ကျော်ရှိနေပြီး သေဆုံးသူ နှစ်ဦးရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပေမယ့် လက်တွေ့မှာ ရောဂါပိုးကူးစက်ခံရသူ ဒီထက်ပိုများနိုင်တယ်လို့ ဒေသခံ ပရဟိတအဖွဲ့တွေက ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/many-covid-patients-in-taung-twin-gyi-hospital-07222021084950.html

တောင်တွင်းကြီးမှာ ကိုဗစ်ရောဂါကူးစက်ခံရသူတွေ ဆေးရုံမှာ အခက်အခဲဖြစ်နေ  တောင်တွင်းကြီးမှာ ကိုဗစ်ရောဂါကူးစက်ခံရသူတွေ ဆေးရုံမှာ အခက်အခဲဖြစ်နေ Reviewed by THITHTOOLWIN on 23:52 Rating: 5

No comments:

Powered by Blogger.