စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သေဆုံးသူဦးရေတိုးလာ

မြန်မာစစ်အာဏာရှင်ကို အာခံဆန့်ကျင်တဲ့လက္ခဏာများ

စစ်ကောင်စီက အာဏာထိန်းပြီး ၅ လကျော်ကြာတဲ့အထိ ဆန္ဒပြပွဲတွေ ပေါက်ကွဲမှုတွေ ဆက်တိုက်ရှိနေပြီး စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူများကို စစ်ကောင်စီကဆက်ပြီး နှိပ်ကွပ်နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်ကောင်စီရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ပြည်မြို့ ပြည်သူတဦးနဲ့ မုံရွာက ပြည်သူတဦး အလောင်းပဲ ပြန်ရခဲ့ပါတယ်။ ကချင်ပြည်နယ် ဝိုင်းမော်မှာလည်း အိမ်သစ်တက်ပွဲကျင်းပနေတဲ့အိမ် စစ်တပ်က ဝင်စီးလို့ သေဆုံးမှုရှိခဲ့ပြီး ၃၀ အဖမ်းခံခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေး တင်ပြပေးပါမယ်။

ဇူလိုင် ၂ရက် ဒီကနေ့ မနက် ၈ နာရီဝန်းကျင်လောက်က ရန်ကုန်မြို့ မြေနီကုန်း ဂုံးကျော် တံတားပေါ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ တံတားပေါ်မှာ ချိတ်ဆွဲထားတဲ့ ဆန္ဒပြစာသားကို ရဲတွေ လာဖြုတ်တဲ့အချိန် ရဲကားထဲမှာပေါက်ကွဲခဲ့တာလို့ မြေနီကုန်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“ဗီနိုင်းကိုလာဖြုတ်တယ်လေ၊ တံတားပေါ်မှာ ချိတ်ထားတဲ့ ဗီနိုင်းကို အဲ့ဒါကို လာဖြုတ်တော့ ရဲကားရောက်လာတဲ့ အချိန်ကျမှ အဲ့ဟာနဲ့ ကွက်တိနီးပါးလောက်ကို ပေါက်သွားတဲ့ အနေအထားပါဗျ။ ထိခိုက်မှုတော့ သိပ်မရှိပါဘူးဗျ။ ၈ နာရီ ၁၀ မိနစ်လောက်က ဖြစ်တာဆိုတော့ သူတို့ လမ်းပိတ်ထားတာ ၉ နာရီ ခွဲလောက်ထိကို ဂုံးကျော်တံတားပေါ်ကို လုံးဝ ကားတွေ ပေးမဖြတ်ဘူးပေါ့နော်၊ အဲ့လို အနေအထားထိကို ပိတ်ပစ်လိုက်တာဗျ။ ကားတွေကော ဖြတ်သွားတဲ့လူတွေကော အကုန်လုံးရုံးသွားရုံးတက်သူတွေကော ကျောပိုးအိတ်တွေဘာတွေ စစ်တဲ့အထိ အဲ့လောက်ထိကို စစ်တယ်ဗျ။”

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး-ဂုံးတံတားပေါ်က ချိတ်ဆွဲထားတဲ့ ဆန္ဒပြအဝတ်စကို ဖြုတ်သိမ်းပြီး ရဲကင်းလှည့်ယာဉ်နောက်ဖုံးအတွင်း ထည့်ချိန်မှာ လက်လုပ်မိုင်းပေါက်ကွဲခဲ့ပြီး ကားအနောက်ဖုံး အနည်းငယ် ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ ဒီ မိုင်းဖောက်ခွဲခဲ့တဲ့ တရားခံကို ဖမ်းဆီးရမိနိုင်ဖို့ ကြိုးစားနေတယ်လို့ စစ်ကောင်စီဘက်ကတော့တုန့်ပြန်ပြောဆိုထားပါတယ်။

မနေ့ကလည်း မြေနီကုန်း၊ ဂုံးကျော်တံတားအောက်က ယာဉ်ထိန်းရဲကင်းရုံမှာ အင်အားပြင်းပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပြီး လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မနေ့က နေ့လည်ပိုင်းကတုန်းကလည်း မုံရွာမြို့ စက်မှုဇုံရပ်ကွက်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး တဦးသေဆုံးခဲ့ပါတယ်။ ပေါက်ကွဲမှု ဖြစ်ပြီးပြီးချင်းမှာ စစ်ကောင်စီတပ်တွေ ရောက်လာပြီး လူငယ်နှစ်ဦးကို ဖမ်းဆီးခံလိုက်ရပါတယ်။ ညနေပိုင်းမှာတော့ ဖမ်းဆီးခံ လူငယ်နှစ်ဦးထဲက တဦးရဲ့ အလောင်းကို လာထုတ်ဖို့ မိသားစုဆီကိုဆက်သွယ်လာတယ်လို့ မုံရွာပင်မသပိတ်စစ်ကြောင်း က ကိုသန်းကျော်ဦးက ပြောပြပါတယ်။

“မနေ့က နေ့လည် ၂နာရီ ၃ နာရီလောက်မှာ ပေါက်ကွဲမှု ဖြစ်တာပေါ့။ စက်မှုဇုံ(ရပ်ကွက်)ထဲမှာပဲ ဖြစ်တာဗျ။ ဖြစ်ပြီးတော့ သူတို့(စစ်ကောင်စီတပ်) ၂ ယောက်ဖမ်းခေါ်သွားတယ်။ ၂ ယောက်ဖမ်းခေါ်သွားပြီးတော့ အဲ့ဒီ စစ်ကြောရေးမှာ တယောက်သေတယ်။ မနေ့က ဗုံးပေါက်ကွဲပြီး ညနေပိုင်းလောက်မှာ ဖမ်းသွားတယ်။ ဖမ်းသွားပြီး သိပ်မကြာဘူး၊ ချက်ချင်းပဲ နာရီဝက်လောက်မှာ သူတို့အိမ်ကိုဖုန်းဆက်တယ်ပေါ့။ အလောင်းလာထုတ်ဖို့ ၊ ရင်ခွဲရုံမှာ အလောင်းလာထုတ်ပါဆိုပြီး၊ ဒါပေမယ့် အလောင်းက ရင်ခွဲရုံကို ချက်ချင်းတော့ ရောက်မလာဘူးပေါ့နော်။”

စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားတဲ့ နောက်တစ်ဦးကိုလည်း စစ်ကြောရေးမှာ စစ်ဆေးနေဆဲ ဆိုတယ်လို့သာ သိရပြီး ဘယ်လိုအခြေအနေ ရှိသလဲဆိုတာကို မသိရဘူးလို့ ပြောပါတယ်။ မုံရွာမှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးအင်အားကို ၂ ဆလောက် တိုးမြင့်ထားတဲ့ကြားကနေ မရရအောင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ စစ်ကြောင်းတွေ ချီတက်နေကြဆဲဖြစ်ပါတယ်။

ဒီနေ့ ဆန္ဒပြစစ်ကြောင်းမှာ ကြုံရတဲ့အခြေအနေတွေကို မုံရွာပင်မ သပိတ်စစ်ကြောင်းက ကိုသန်းကျော်ဦးက အခုလိုပြောပြပါတယ်။

“ဆန္ဒပြပွဲတွေကတော့ တဖြည်းဖြည်းနဲ့ ပိုပြီးတော့ ကြပ်လာတယ်ပေါ့နော်။ ကျွန်တော်တို့ ဒီနေ့လည်း အခက်အခဲကြားကနေ လုပ်ရတယ်ပေါ့။ တပ်ကလည်း အပြင်းအထန်ဖိနှိပ်သလို ကျွန်တော်တို့ကလည်း အာဏာရှင်ကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ကြောင်း ကျွန်တော်တို့က တန်ပြန် အာဏာဖီဆန်တာပေါ့ဗျာ၊ အဲ့လိုမျိုးတွေ ကျွန်တော်တို့ လုပ်ကြပါတယ်။ သာစည်လမ်းရဲ့ သာစည်ဈေးမှာ ကျွန်တော်တို့ ပျောက်ကြားသပိတ်လုပ်တယ်။ စစ်ကောင်စီတပ်တွေကတော့ အဲ့ဒီလမ်းမှာ အမြဲသွားလာပြီးတော့ ခြေရှုပ်နေတာတော့ ရှိတာပေါ့။ သူတို့က ကျွန်တော်တို့ သပိတ်စစ်ကြောင်းတွေ ဖြိုဖို့အတွက်ကို ပုံမှန်ပတ်တယ်၊ အရပ်ဝတ်တွေနဲ့ လွတ်ထားတယ်ပေါ့။ ကျွန်တော်တို့ ဒီနေ့ သပိတ်စစ်ကြောင်းတောင်မှ ပြီးခါနီးမှာ အရပ်ဝတ်တွေ ဖုန်းဆက်လိုက်လို့ အလျင်အမြန်လူစုခွဲလိုက်ရတာမျိုးရှိတယ်။ ပြီးတော့ သူတို့က ကျွန်တောတို့ စစ်ကြောင်းတွေကို ဖြိုဖို့အတွက် ဆိုင်ကယ်တွေနဲ့ အရင်ကထက်ပိုပြီးတော့ လုံခြုံရေး ၂ ဆတိုးပြီးတော့ ပတ်တာရှိတယ်။ အရပ်ဝတ်တွေလည်း အရင်ကထက် ပိုချထားတာရှိတော့ ဒီကြားထဲကနေ ကျွန်တော်တို့ လုပ်ရတာက အန္တရာယ်တော့အရမ်းများတယ်ဗျ။”

မန္တလေး၊ လက်ပံတောင်း၊ ကလေး၊ တာမခန်၊၊ ယင်းမပင်၊ မော်လမြိုင် စတဲ့ဒေသတွေမှာလည်း လမ်းလျှောက်သပိတ် ဆိုင်ကယ်သပိတ် ပုံစံမျိုးစုံ နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုက ဆန္ဒပြနေကြပါတယ်။

ပဲခူးတိုင်း ပြည်မြို့၊ ဖိုးခေါင်ကျေးရွာက အသက် ၃၄ နှစ်အရွယ် ဦးစိုးမင်းဆိုသူဟာ မြရွာစာသင်ကျောင်းတံခါးမှန်ဖျက်ဆီးတယ်ဆိုပြီး စွပ်စွဲခံရလို့ စစ်ကောင်စီတပ်တွေက ဇွန်လ ၂၉ ရက်နေ့ ည ၁၁ နာရီက ဖမ်းဆီးသွားပါတယ်။ ဖမ်းဆီးခံရပြီးနောက် မိသားစုဝင်တွေ နီးစပ်ရာကို လိုက်လံစုံစမ်းနေပေမဲ့ ဘယ်ကိုဖမ်းဆီးသွားမှန်း အတိအကျမရခဲ့ပါဘူး ဒါပေမဲ့ ဖမ်းဆီးခံရပြီး သုံးရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင် ၁ရက် မနေ့ကတော့ အလောင်းပဲပြန်ရတယ်လို့ ဆွေမျိုးတော်သူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

ဇူလိုင် ၁ ရက်နေ့မှာ အရပ်ဝတ်နဲ့ စစ်သားနှစ်ယောက်က အိမ်ကိုရောက်လာပြီး ဦးစိုးမင်း ဟာ ဇွန် ၃၀ ရက်နေ့ အကျဉ်းသားတွေ လွှတ်တဲ့စာရင်းထဲမှာ ပါပေမယ့် အဲ့ဒီည ၂ နာရီလောက်မှာ တက်ပြီးတော့ သေဆုံးသွားပြီး လက်ရှိမှာ ပြည်မြို့ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ထားလို့ အလောင်းထုတ်ဖို့ ပြောလာတယ် လို့ ဆွေမျိုးတော်စပ်သူက ပြောပြပါတယ်။

ဦးစိုးမင်းဟာ အဖမ်းမခံရခင်မှာ ကျန်းမာရေးကောင်းမွန်ပြီး သံလုပ်ငန်း လုပ်ကိုင်နေသူ တဦး ဖြစ်ပြီး သူ့ရဲ့ အလောင်း အိမ်ပြန်ရောက်လာချိန် စစ်ဆေးကြည့်တဲ့အခါ ခြေ၊ လက်၊ တင်ပါးတွေမှာ ရိုက်နှက် ထိုးကြိတ်ဒဏ်ရာ၊ တကိုယ်လုံး ဖူးယောင်ညိုမဲဒဏ်ရာတွေနဲ့ အလောင်းကိုပြန်ရတာကြောင့် ဦးစိုးမင်းဟာ စစ်ကြောရေးမှာပဲ အသက်ပါသွားတယ်လို့ ယူဆကြောင်း ဆွေမျိုးတော်စပ်သူက ပြောပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာမှာ အိမ်သစ် တက်ပွဲပြုနေတဲ့ ဦးအင်ဂေါင်ဇော်အောင်ရဲ့ နေအိမ်ကို ဇူလိုင် ၁ ရက် မနေ့က မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်တွေက အင်အားအပြည့်နဲ့

ဝင်ရောက်စီးနင်း ပစ်ခတ်လို့ တဦးသေဆုံးပြီး လူ ၃၀ ဦးလောက် ဖမ်းဆီးခေါ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဝင်ရောက်စီးနင်း ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး မိုင်းနားကျေးရွာဒေသတစ်ဦးက

အခုလို ပြောပါတယ်။

“မနက် ကျမတို့က သေနတ်သံကြားမှာပဲ ကျမတို့က လန့်နိုးတာပေါ့၊ လန့်နိုးတယ်ဆိုတော့ အော် အခုလည်းဒီနေ့တိုက်ပွဲဖြစ်ပြန်ပြီးထင်တယ်ဆိုပြီးမှာ နောက်တော့ ကျမတို့ဈေးထွက်လာတဲ့အခါကျတော့ အဲ့လို အဲ့လိုဒီအိမ်တက်ပွဲမှာ ဝင်ဆီးတာပေါ့ ဘာညာပေ့ါနော်၊ လူ အယောက် ၃၀၊ ၂၀ ကျော် ၃၀ လောက် ဖမ်းဆီးသွားတယ် အဲ့လောက်ပဲကျမကြားရတယ်၊ အိမ်သစ်တက်ပွဲဆိုတော့ ။ အိမ်သည်ပေါ့နော်။ ဆွေမျိုးသားချင်းလည်း အများကြီးလာကြတယ်လို့ ပြောတယ်၊ အဲ့ကတစ်ဦးတစ်ယောက်ပဲဖြစ်မယ်မှာပေါ့နော် ဘယ်သူသေတယ်ဆိုတာ အတိအကျတော့ ကျမလည်း မသိရသေးဘူး။”

အဲ့ဒီအိမ်သစ်တက်ပွဲကို ဘာကြောင့် ဝင်စီးနင်း ပစ်ခတ်ခဲ့သလဲဆိုတာ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။ အဲ့ဒီအိမ်မိသားစုဝင်အားလုံးကိုလည်း ဖမ်းဆီးခံထားရပြီး သော့ပိတ်ထားတာ တွေ့ရတယ်လို့ အဲ့ဒီဒေသခံက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက် ကစပြီး ဇူလိုင်လ ၁ ရက်နေ့ အထိ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်ချက်ကြောင့် ကလေးငယ်တွေ အပါအဝင် သေဆုံးခဲ့ရသူစုစုပေါင်းက ၈၈၅ ယောက် ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က သတင်းထုတ်ပြန်ထားပါတယ်။ AAPP ရဲ့ ထုတ်ပြန်ချက်တွေဟာ ချဲ့ကားလွန်းတယ်လို့လည်း စစ်ကောင်စီဘက်က တုန့်ပြန်ထားပါတယ်။


ခင်ဖြူထွေး/ VOA Burmese

https://burmese.voanews.com/a/5950869.html

စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သေဆုံးသူဦးရေတိုးလာ စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သေဆုံးသူဦးရေတိုးလာ Reviewed by THITHTOOLWIN on 18:20 Rating: 5

No comments:

Powered by Blogger.