ဆရာဝန်တွေကို ၆ လ စာချုပ်နဲ့ စစ်ကောင်စီ အလုပ်ခေါ်



ပြစ်မှုကင်းရှင်းရမယ်ဆိုတာကြောင့် ဝရမ်းထုတ်ခံရတဲ့ ဆရာဝန်တွေအကျုံးမဝင်ဘူးလို့ နားလည်ရ

ဆေးရုံတွေနဲ့ ကိုဗစ် ကုသရေးဌာန တွေမှာခန့်ထားဖို့ လက်ထောက်ဆရာဝန်တွေကို ၆ လ စာချုပ်နဲ့ စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက အလုပ်ခေါ်နေပါတယ်။ ၆ လပြည့်လို့ နိုင်ငံ့ဝန်ထမ်း ဆက်လုပ်ချင်လည်း လုပ်နိုင်တယ် လို့ လမ်းဖွင့်ပေးထားပါတယ်။

ဒါဟာ စစ်ကောင်စီ ဥက္ကဋ္ဌ ရဲ့ ကန်ထရိုက် ဆရာဝန် ညွှန်ကြားချက်ကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ရက်ပိုင်းအတွင်း အကောင်အထည်ဖော်တာလည်း ဖြစ်ပါတယ်။ ဆေးပညာဘွဲ့၊ အထွေထွေဆေးကုသခွင့်လိုင်စင် (ဆမ) ကိုင်ထားသူတွေ အပြင် အလုပ်သင်ဆရာဝန် ပြီးထားသူတွေ လျှောက်ခွင့်ရှိတယ် လို့ အလုပ်ခေါ်စာမှာဖော်ပြထားပါတယ်။

ဒါ့အပြင် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာမူရင်းပါ တင်ပြရမှာဖြစ်လို့ ဒီအလုပ်ခေါ်စာဟာ ဝရမ်းထုတ်ခံထားရတဲ့ ၊ CDM လှုပ်ရှားမှုကြောင့် တရားစွဲဆိုခံနေရတဲ့ ဆေးပညာရှင်ဆရာဝန်တွေအတွက် အကျုံးမဝင်တဲ့သဘောဖြစ်နေပါတယ်။

လျှောက်လွှာပိတ်ချိန်ကို သြဂုတ် ၁၃ ရက် သတ်မှတ်ထား လို့ တစ်လ အချိန်ပေးထားတာဖြစ်ပါတယ်။ လစာ က ၂၇၅,၀၀၀ ကျပ်ဖြစ်ပြီး တခြားခံစားခွင့်တွေလည်း ရှိတယ်လို့ ကြေညာထားပါတယ်။ ဆရာဝန်တွေဟာ ကိုယ်တာဝန်ထမ်းဆောင်ချင်တဲ့ဆေးရုံ ဒါမှမဟုတ် ဌာနကို သုံးခု ကို ဦးစားပေး အစီအစဉ် နဲ့ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

ဆရာဝန် ရာဂဏန်းဝန်းကျင် ဖမ်းဝရမ်း ထုတ်ထားပြီး အထူးကုဆရာဝန်ကြီးတွေအပါအဝင် ဆရာဝန်တချို့ကိုပါ ဖမ်းထားတဲ့ စစ်ကောင်စီ ရဲ့ အလုပ်ခေါ်စာဟာ အလုပ်ဖြစ်မယ်မထင်ဘူးလို့ CDM ဆရာဝန်တွေက ပြောပါတယ်။ "ပြင်ပ ဆရာဝန်တွေနဲ့ ကျောင်းပြီးသွားတဲ့ ကလေးတွေကို ရည်ရွယ်ပုံရပါတယ်။ ဘယ်သူက လျှောက်မှာလဲ" လို့ CDM လုပ်နေတဲ့ ဆရာဝန်တစ်ဦးကပြောပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတွေကတော့ ဆရာဝန် ၆၀ ရာခိုင်နှုန်း လောက် အလုပ်ပြန်ဝင်နေကြပြီလို့ ပြောပေမယ့် လက်ရှိကိုဗစ်တတိယလှိုင်းအတွက် လိုအပ်တဲ့ကျန်းမာရေးဝန်ဆောင်မှုကိုမပေးနိုင်ဖြစ်နေတာပါ။ ကျန်းမာရေးဝန်ကြီးဌာနဟာ လုပ်ငန်းခွင်နဲ့ကင်းကွာနေတဲ့ ဆရာဝန်တွေကို ဝန်ထမ်းအဖြစ် ကထုတ်ပစ်ပြီး ဘွဲ့လွန်သင်တန်းလျော်ကြေးပြန်တောင်းတာတွေကိုပါ ပြီးခဲ့တဲ့ ဇွန်လကုန်အထိ ပြုလုပ်ခဲ့ပါတယ်။ အလုပ်နဲ့ ကင်းကွာနေတဲ့ ဆရာဝန်တွေကို စွဲချက်တင်ထားပြီး လာဖြေရှင်းဖို့ စာပို့ခဲ့ပါတယ်။

လာမဖြေရှင်းရင် မျက်ကွယ်မှာပဲ သက်သေတွေနဲ့အမှုကို စစ်ဆေးသွားမယ်လို့ အကြောင်းကြားစာမှာပါရှိပါတယ်။ ပြည်တွင်းက ဘွဲ့လွန်သင်တန်းအတွက် လျှော်ကြေး ကျပ် ၂၅ သိန်း တောင်းခံထားပြီး ပြည်ပဘွဲ့လွန်သင်တန်းအတွက် ကျပ် သိန်း ၄၀ လျော်ကြေး တောင်းခံထားတာဖြစ်ပါတယ်။

ပြစ်ဒဏ်ကို မကျေနပ်ရင် ၆ လအတွင်းအယူခံဝင်နိုင်ပြီး လျှော်ကြေးတွေကို အယူခံကာလအတွင်း မဆပ်ရင်တရားစွဲမယ်လို့လည်း ဆရာဝန်တွေဆီပို့တဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းလက်မှတ်ထိုးထားတဲ့စာမှာ ဖော်ပြထားပါတယ်။ ဆရာဝန်တွေ နုတ်ထွက်တာ၊ထုတ်ပယ်ခံရတာတွေဟာ အရင်ကတောင့်ဖြစ်ခဲကိစ္စဖြစ်ပြီး အခုကာလဟာ အများဆုံးထုတ်ပယ်ခံရတာဖြစ်နိုင်တယ်လို့ ဆရာဝန်တစ်ဦးက သုံးသပ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57783160

ဆရာဝန်တွေကို ၆ လ စာချုပ်နဲ့ စစ်ကောင်စီ အလုပ်ခေါ် ဆရာဝန်တွေကို ၆ လ စာချုပ်နဲ့ စစ်ကောင်စီ အလုပ်ခေါ် Reviewed by THITHTOOLWIN on 20:42 Rating: 5

No comments:

Powered by Blogger.