ရွှေကူ မြို့လှရွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖုန်းတာဝါတိုင် ပျက်စီးပြီး ဒေသခံများနှင့် အဆက်အသွယ် ပြတ်တောက်နေ


July 10, 2021/ Kachin News Group

ရွှေကူမြို့နယ် မြို့လှ ရွာအနီး ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီ၏ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိုဒေသရှိ တစ်ခုတည်းသော ဖုန်းတာဝါတိုင် ပျက်စီးသွားပြီး အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရသည်။

ယမန်နေ့ ညနေ ၆နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်တပ်က KIA နှင့် PDF ရှိရာသို့ ဂျက်လေယာဉ် ၂စီးဖြင့် ၂ကြိမ်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် မြို့လှရွာတဝိုက်တွင် တစ်ခုတည်းရှိသော MPT ဖုန်းတာဝါတိုင် ပျက်စီးသွားသည်ဟု ထိုဒေသမှ ထွက်လာသူများကို ကိုးကားပြီး ရွှေကူမြို့ခံ တစ်ဦးက KNG ကို ယခုလို ပြောသည်။

“အခုက အဆက်အသွယ် အားလုံး ပြတ်နေတာ။ မနေ့က စစ်တပ်ဘက်က လေယာဉ်နဲ့ ဗုံးလာကျဲလို့ မြို့လှရွာနားမှာရှိတဲ့ MPT ဖုန်းတာဝါတိုင်က ပျက်စီးသွားပြီ။ ည ၆နာရီခွဲ ၇နာရီလောက်ကနေ အဆက်အသွယ်တွေက လုံးဝမရတော့ဘူး” ဟု ပြောဆိုသည်။

ယနေ့ ဇူလိုင် ၁၀ ရက် ယနေ့ နံနက် ၈ နာရီခွဲတွင်လည်း မြို့လှရွာဘက်တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်ဟု KIA ရှေ့တန်းသတင်းများတွင် ဖော်ပြထားသည်။ သို့သော် ဆက်သွယ်ရေးလှိုင်း ပြတ်တောက်နေမှုကြောင့် ဒေသခံများကို ဆက်သွယ်အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ တပ်ရင်း ၅ နယ်မြေသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်များကို ယမန်နေ့က မြို့လှရွာအနီးတွင် KIA နှင့် PDF တို့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် အယောက် ၄၀ ကျော် ထိခိုက်သေဆုံးခဲ့ပြီး KIA နှင့် PDF ဘက်ကလည်း ၃ ဦးကျဆုံးကာ ၃ ဦးဒဏ်ရာ ရရှိထားကြောင်း သိရသည်။

ထိုသို့ မြို့လှ တိုက်ပွဲတွင် ထိခိုက်မှုများသောကြောင့် အာဏာသိမ်းစစ်တပ် ဂျက်လေယာဉ် ၂ စီးဖြင့် လာရောက် ပစ်ခတ်စဉ် ဆက်သွယ်ရေး ဖုန်းတာဝါတိုင် တစ်ခု ပျက်စီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများကို ကိုးကားပြီး ရွှေကူမြို့ခံ တစ်ဦးထံမှ သိရသည်။


Kachin News Group 

https://www.facebook.com/theKachinNews

ရွှေကူ မြို့လှရွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖုန်းတာဝါတိုင် ပျက်စီးပြီး ဒေသခံများနှင့် အဆက်အသွယ် ပြတ်တောက်နေ ရွှေကူ မြို့လှရွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖုန်းတာဝါတိုင် ပျက်စီးပြီး ဒေသခံများနှင့် အဆက်အသွယ် ပြတ်တောက်နေ Reviewed by THITHTOOLWIN on 19:43 Rating: 5

No comments:

Powered by Blogger.