အောက်မြန်မာပြည်တလွှား မိုးသည်းပြီးရေကြီးရေလျှံ

မိုးများရေကြီးပြီး နေအိမ်တွေ ရေနစ်မြုပ် (ဇူလိုင် ၂၀၂၁)

မြန်မာနိုင်ငံမှာ အခုရက်ပိုင်းတွေအတွင်း တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး ရေလျှံမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ရေဘေးသင့် ပြည်သူတွေ ထောင်နဲ့ချီရှိတယ်လို့ ပရဟိတအကူအညီပေးတွေက ပြောပါတယ်။ ကျိုက်မရောမြို့နယ်၊ ဦးလေးကျေးရွာမှာ ဒီကနေ့အထိ ရွာလုံးကျွတ်နီးပါး ရေနစ်မြှုပ်နေပါတယ်။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာလည်း နေအိမ်မှာ ပိတ်မိနေသူတွေကိုဆက်လက် ကယ်ထုတ်နေရပါတယ်။ မြန်မာနိုင်ငံတဝှမ်းရေကြီးနေတဲ့ ရန်ကုန်ကလာတဲ့ သတင်းကို မဆုမွန်ပြောပြပါမယ်။

မွန်၊ ကရင်နဲ့ ရခိုင်ပြည်နယ်၊ တနင်္သာရီ၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသတို့က နေရာတချို့မှာ ဇူလှိုင် ၂၂ ရက်နေ့ကစတင်ပြီး ကနေ့အထိမိုးသည်း ရေးကြီးပြီး ရေနစ်မြှုပ်လို့ ပြည်သူတွေ ထောင်နဲ့ချီ ဘေးလွတ်ရာကို အရေးပေါ်ပြောင်းရွှေ့ထားရပါတယ်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတ္တရံ မြစ်ရေမြင့်တက်နေလို့ ဦးလေးရွာ၊ ငါးပြေမရွာ၊ မဲကသန်ရွာ စတဲ့ မြစ်ကမ်းတစ်လျှာက်မှာရှိတဲ့ ကျေးရွာတွေ ရေနစ်မြှုပ်ကုန်တယ်လို့ ကျေးရွာအုပ်ရေးမှူးတွေ ပြောပါတယ်။

ဦးလေးကျေးရွာဟာ ရွာလုံးကျွတ်နီးပါး ရေနစ်မြှုပ်နေတယ်လို့ အုပ်ချုပ်ရေမှူး ဦးအောင်သိန်းမြင့်က ပြောပါတယ်။ ဇူလှိုင် ၂၂ ရက်နေ့ကတည်းက စတင်မိုးကြီးခဲ့ပြီး အတ္တရံမြစ်ရေ မြင့်တက်လာတာပါ။ ဇူလှိုင် ၂၆ ရက်နေ့က ရေစမြှုပ်ခဲ့ပြီး ရေက မကျသေးဘဲ ဆက်လက်မြင့်လာနေဆဲဖြစ်လို့ အခုအချိန်ထိ အခြေအနေဆိုးသွားတယ်လို့ပြောပါတယ်။

လက်ရှိမှာ တချို့အိမ်တွေ အိမ်ခေါင်းမိုးထိမြှုပ်နေပြီး နီစပ်ရာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆွေမျိုးအိမ်တွေမှာ ပြောင်းရွှေ့ နေထိုင်နေရပြီး သွားလာလို့မရတာကြောင့် စားသောက်ရေး အခက်အခဲဖြစ်နေတယ်လို့ အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းမြင့်က ဆိုပါတယ်။

“၅ ရက်၊ ၆ ရက်ရှိပြီ။ တချို့က အောက်ထပ်တွေမြှုပ်တယ်၊ တချို့က တစ်အိမ်လုံးမြှုပ်တယ်။ အနိမ့်ပိုင်းတွေ အကုန်လုံးမြှုပ်သွားတယ်ပေါ့။ တချို့က နှစ်ထပ် တက်တယ်၊ တချို့က တစ်ထပ်အိမ်တွေ အကုန်လုံးမြှုပ်တယ်။ ဒီဘက်ကို ပြောင်းရွှေ့တော့ ပြောင်းရွှေ့ထားတယ်ပေါ့၊ မြင့်တဲ့ဘက်ကို ပြောင်းရွှေ့တယ်၊ အိမ်ထောင်စုက အခု ၃၀၀ ကျော်။ ၃၃၆ အိမ်ရှိတယ်။ မြှုပ်နေတာ အကုန်လုံးပေါ့။ လူဦးရေက အခု ကျနော်တို့ ဒီမှာတွက်နေတာတော့ ၁,၂၂၀ နဲ့ ၂၀ရှိတယ်။ အကူအညီတော့ နည်းနည်းစားသောက်ဖို့ပဲပေါ့။

ဒီလောက်ပဲပေါ့၊ ဝယ်ရပြုရတာ သွားလာဖို့ ခက်တယ်ပေါ့လေ။”

မွန်ပြည်နယ် ပေါင်၊ မုဒုံ၊ ကျိုက်မရော၊ ရေး၊ ချောင်းဆုံမြို့နယ်တွေဟာ မြို့နယ်အလိုက် တစ်ပတ်ကျော်ကြာ ရေကြီးမှုဒဏ်ရင်ဆိုင်နေရပါတယ်။ အလားတူကရင်ပြည်နယ် မြဝတီ၊ ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီးမြို့တွေမှာလည်း ရေနစ်မြှုပ်တာ ၇ ရက်ပြည့်ပြီလို့ပရဟိတအကူအညီပေးသူတွေက ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့မှာ ရေကြီးလို့ ဇူလှိုင် ၂၅ ရက် ညနေပိုင်းက ရေမြှုပ်တဲ့ အိမ်တွေကို စပြီးပြောင်းရွှေ့ပေးခဲ့ပြီး နောက်ရက်တွေမှာလည်း ဇမိမြစ်ရေ ဆက်လက်မြင့်တက်လာလို့ ရေနစ်မြှုပ်တဲ့ ရပ်ကွက်တွေ ထပ်မံပြောင်းရွှေ့ထားပါတယ်။ ဒီနေ့အထိ ရေဘေးသင့်တဲ့ အိမ်ထောင်စု ၁၄၀၊ လူဦးရေ ၆၀၀ ကျော်လောက်ဘေးလွတ်ရာကို ပြောင်းရွှေ့ထားရတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် မီးသတ်တပ်ဦးစီးဌာနက ဒုတိယဦးစီးမှူး လှမင်းထွန်းက ပြောပါတယ်။

ရေမြှုပ်လို့ နေအိမ်မှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ထပ်မံ ခေါ်ထုတ်နေတယ်လို့ ပရဟိတအကူအညီသူ ကိုဟိန်းမိုးဦးက ပြောပါတယ်။

“ရေကတော့ မကျသေးဘူး၊ ကျနော်တို့ လက်ရှိကတော့ ရေတိုင်းနေတာပေါ့။ လက်ရှိမှာကျနော်တို့ အိမ်ခြေ ၁၀၀ ကျော်လောက်ပြောင်းထားတယ်။ ကျနော်တို့မှာက ဆိုင်ကလုံးစင်တာဆိုတာရှိတယ်လေ။ အဲ့ဒီဆိုင်ကလုံးစင်တာကို ကျနော်တို့ ဘေးလွတ်ရာရွှေ့ထားတယ်။ ပြီးတော့ ရေထဲမှာလည်း တချို့ မပြောင်းရွှေ့တဲ့ အိမ်တွေလည်း ရှိတယ်။ ကျန်တဲ့တွေလည်း ရှိတယ်။ နောက် ရေထပ်တိုးပြီး အထဲမှာ ပိတ်မိတာတွေလည်း ကျနော်တို့ အခုလက်ရှိမှာ မီးသတ်နဲ့ ကျနော်တို့ ပရဟိတနဲ့ Volunteer တွေ ပေါင်းပြီး ကယ်ဆယ်ရေးလုပ်နေတာလည်းရှိတယ်။ မနေ့က တစ်ရက်၊ ဒီနေ့တစ်ရက်ကလည်း ပုံမှန်ရေအတိုင်းပဲ။ ခါတိုင်း ဟို တက်လာတဲ့ရေအတိုင်းပဲ ငြိမ်နေတယ်ပေါ့နော်။ တက်လည်းမတက်ဘူး ကျလည်း မကျဘူး။”

ဒီရက်ပိုင်း မိုသည်း ရေကြီးနေတဲ့ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးတို့မှာနောက်တစ်ရက်လောက်နေရင် မိုးရွာတဲ့နှုန်း လျော့ကျလာပြီး ရေပြန်ကျလာမှာ ဖြစ်ပေမယ့် ယခုကာလဟာ မိုးများတဲ့ကာလဖြစ်တာကြောင့် မြစ်ချောင်းဘေးမှာ နေထိုင်တဲ့ ပြည်သူတွေ အထူးသတိပြုဖို့ လိုအပ်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက သတိပေးပါတယ်။

“ဒီဒေသမှာရှိတဲ့ မြစ်တွေ၊ ချောင်းငယ်လေးတွေပေါ့နော်၊ ဒီဒေသလေးတွေက စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီးတော့မှ ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့ အနေအထားမှာရှိပါတယ်ခင်ဗျ။ ဒီမိုးကောင်းတဲ့ ဥစ္စာတွေက နောက်တစ်ရက်လောက်ဆိုရင်တော့ ဒါမိုးပြန်ပြီးတော့

မိုးအားနည်းနည်း ပြန်ကျလာမယ့်အနေအထားမျိုး ရှိတယ်ပေါ့နော်။ ခန့်မှန်ချက်အရဆိုရင်တော့ ကျနော်တို့ မိုးအားနည်းနည်း ပြန်ကျလာမယ်ဆိုရင်တော့ လက်ရှိကြီးနေတဲ့ရေက ပြန်ကျသွားမယ့်အနေအထားမျိုးရှိပါတယ်။ ဒီကာလက ကျနော်တို့ မိုးလယ်ကာလဖြစ်တယ်၊ နှစ်စဉ် ကျနော်တို့ မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေကျ ဖြစ်တဲ့ကာလဖြစ်တယ်ပေါ့နော်။ ဇူလိုင်လ၊ သြဂုတ်လတွေမှာ အဲ့အတွက်ကြောင့် မြစ်ချောင်းဘေးနားမှာ ရှိတဲ့ ပြည်သူတွေအနေနဲ့ ဒီလိုအရပ်ဒေသတွေမှာ မိုးကြီးမယ်ဆိုတဲ့ ခန့်မှန်းချက်တွေ၊ ဒီဟာမျိုးတွေရှိလာပြီးဆိုရင်တော့ အထူးသတိပြုဖို့ လိုပါတယ်။ မြစ်ရေရုတ်တရက်မြင့်တက်လာတာတို့ ဒီဟာမျိုးတွေ ဖြစ်နိုင်ပါတယ်။”

ယခုရက်ပိုင်း တိုင်းနဲ့ ပြည်နယ်တချို့မှာ မိုးသည်း ရေကြီးလို့ ရေဘေးသင့် ပြည်သူတွေ ထောင်နဲ့ချီ ဘေးလွတ်ရာပြောင်းရွှေ့နေထိုင်ရပြီးနေထိုင်စားသောက်ရေး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာနက တာဝန်ရှိသူတွေကို ဗွီအိုအေက တယ်လီဖုန်း အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။


ဆုမွန်/ VOA Burmese

https://burmese.voanews.com/a/flooding-Myanmar-/5981966.html

အောက်မြန်မာပြည်တလွှား မိုးသည်းပြီးရေကြီးရေလျှံ အောက်မြန်မာပြည်တလွှား မိုးသည်းပြီးရေကြီးရေလျှံ Reviewed by THITHTOOLWIN on 23:06 Rating: 5

No comments:

Powered by Blogger.