စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ပြည်ပရောက် မြန်မာတွေ လှုပ်ရှား

အမေရိကန်မှာပြုလုပ်တဲ့ နွေဦးတော်လှန်ရေး အမျိုးသမီးအဖွဲ့ရဲ့ တိုင်းရင်းသားပေါင်းစုံ ဈေးရောင်းပွဲ။ (ဇွန် ၂၆၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတာ ၅ လကျော်ကြာ ရှိလာချိန်မှာပဲ ပြည်တွင်းပြည်ပမှာ ဆန့်ကျင် ဆန္ဒပြမှုတွေ ဆက်ရှိနေပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။

ကနေဒါနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဗန်ကူးဗားမြို့လယ်က ပြည်သူ့စာကြည့်တိုက်ကြီးရှေ့မှာ ဇူလိုင် ၁၀ ရက် စနေနေ့ မွန်းလွဲပိုင်းက မြန်မာနဲ့ တိုင်းရင်းသားတွေ စုဝေးပြီး ဆန္ဒပြခဲ့ကြတယ်လို့ ကိုကျော်ဇေယျက ပြောပါတယ်။

“အဓိကတော့ ကျနော်တို့ စစ်အာဏာရှင်ကို လုံးဝလက်မခံဘူးဆိုတဲ့ ကျယ်ကျယ်ပြန့်ပြန့် ပိုသိစေချင်တဲ့ အဓိပ္ပာယ်နဲ့ အဲဒါကို ဆက်လက်လှုပ်ရှားနေတာ ဖြစ်ပါတယ်။ ကျနော်တို့ တောင်းဆိုချက်တွေထဲမှာ ကနေဒါအစိုးရကနေပြီးတော့ နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ဆက်လက်လှုပ်ရှားဖို့အတွက် အမြဲတမ်း ဖိအားပေး တောင်းဆိုနေပါတယ်။ သူတို့လုပ်ပိင်ခွင့်ထဲမှာရှိတဲ့ လုပ်နိုင်တဲ့အစွမ်းရှိသမျှ အားလုံး သူတို့ စစ်ကောင်စီကို အကုန်လုံးပိတ်ဆို့ ဒဏ်ခတ် အပြစ်ပေး အရေးယူဖို့အတွက်ကို သူတို့ ကျနော်တို့နဲ့ အတူတကွ ရှိနေပါတယ်ဆိုတဲ့အကြောင်းကို သူတို့ဆီကနေပြီးတော့ ကျနော်တို့ ကြားသိရပါတယ်။”

အမေရိကန်ပြည်ထောင်စု မြို့တော်ဒီစီမှာတော့ NUG အမျိုးသားညီညွတ်ရေး အစိုးရနဲ့ CDM လှုပ်ရှားသူတွေကို ထောက်ပံ့နိုင်ဖို့ အလင်းရောင်လူငယ်များအဖွဲ့က စနေနေ့မှာ စျေးရောင်းပွဲ လုပ်ကြကြောင်း တာဝန်ခံ ကိုထိုက်က ပြောပါတယ်။

“ကျနော်တို့ ဒီ စစ်အာဏာသိမ်းတဲ့အချိန် စလာခဲ့ကတည်းက အခုချိန်အထိ ကျနော်တို့တွေ ဒီမှာ ဆန္ဒပြပွဲတွေလည်းလုပ်တယ်။ ပြီးတော့ ရန်ပုံငွေ ဈေးရောင်းပွဲတွေလည်း တောက်လျှောက် လုပ်ခဲ့ပါတယ်။ တလတကြိမ်နီးပါးလောက်ကို လုပ်ခဲ့ပါတယ်။ အခုဆိုရင် စတုတ္ထအကြိမ်မြောက် ဈေးရောင်းပွဲ ပြုလုပ်တာပါ။ အခု ဒီတကြိမ်ကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့လည်း ပြောဆိုပြီးတော့မှ ပြည်တွင်းမှာရှိတဲ့ ကာကွယ်ရေးကဏ္ဍအတွက် ပေးပို့လှူဒါန်းမှာ ဖြစ်ပါတယ်။ ကျနော်တို့နိုင်တဲ့အားနဲ့ ကေျနာ်တို့ ပူးပေါင်းပါဝင်တာပါ။”

အမေရိကန်အလယ်ပိုင်း အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ စျေးရောင်းပွဲလုပ်ဖို့ ပြင်ဆင်နေတယ်လို့ တက်ကြွလှုပ်ရှားသူ ဦးကျော်သက်က ပြောပါတယ်။

“အမေရိကန် အင်ဒီယားနားပြည်နယ်ကနေပြီးတော့ ဖို့ဝိန်းကွန်မြူနတီအနေနဲ့ ကျနော်တို့ ဇေတဝန်ဘုန်းကြီးကျောင်းမှာ တလမှာ နှစ်ပတ်ကို တကြိမ်လောက် အမြဲတမ်း ဈေးရောင်းပွဲလုပ်တယ်။ ဒီဈေးရောင်းပွဲက အဓိကတော့ NUG ကို Support လုပ်တဲ့အနေနဲ့ ဒီဈေးရောင်းပွဲ လုပ်တယ်။ ရတဲ့ငွေကြေးကို CDM သမားတွေရယ် NUG ကို ပို့မှာပါ။ နောက်တခါ နယ်စပ်မှာလိုနေတဲ့ တချို့ NUG နဲ့ အဆက်အသွယ်မရှိတဲ့ အဆက်အသွယ် ပြတ်နေတဲ့ နယ်စပ်မှာရောက်နေတဲ့ CDM သမားတွေရယ်၊ Gen Z တွေရယ် သူတို့တွေကို ကျနော်တို့ အကူအညီ ပေးနေပါတယ်။”

အလားတူ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာလည်း ဒီသီတင်းပတ်ကုန် နားရက်တွေမှာ ပြည်တွင်းနဲ့ နယ်စပ်ကို ထောက်ပံ့နိုင်ဖို့ ရန်ပုံငွေရှာပွဲတွေ ကျင်းပခဲ့ကြပါတယ်။


ကိုဉာဏ်ဝင်းအောင်/ VOA Burmese

https://burmese.voanews.com/a/myanmar-military-coup-exile-myanmar-movement/5961356.html

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ပြည်ပရောက် မြန်မာတွေ လှုပ်ရှား စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ပြည်ပရောက် မြန်မာတွေ လှုပ်ရှား Reviewed by THITHTOOLWIN on 20:52 Rating: 5

No comments:

Powered by Blogger.