ဖမ်းဆီးခံရသူ ဆရာဝန် ၇ ဦး နောက်ဆက်တွဲမရေမရာဖြစ်နေ

ကလေးမြို့က ကိုဗစ်လူနာတဦးကို စေတနာ့ဝန်ထမ်းတဦးက အောက်ဆီဂျင်ပိုက်တပ်ဆင်ပေးနေပုံ၊ ဂျူလိုင် ၅၊ ၂၀၂၁။

ကျန်းမာရေးဝန်ထမ်းတွေ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ကြပါလို့ စစ်ကောင်စီက တိုက်တွန်းနေချိန်မှာပဲ ရန်ကုန်နဲ့ မန္တလေးမြို့တွေက ကိုဗစ်တိုက်ဖျက်ရေးမှာ ပါဝင်နေတဲ့ ဆရာဝန်တွေဖမ်းဆီးခံခဲ့ရပါတယ်။ ရန်ကုန်မြို့က ဆရာဝန် ၅ ယောက်၊ မန္တလေးမြို့က ဆရာဝန် ၂ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့တွေကို ဘယ်မှာ ဖမ်းဆီးထားသလဲဆိုတာ အပါအဝင် သူတို့နဲ့ပါတ်သက်တဲ့ နောက်ဆက်တွဲသတင်း မသိရသေးတဲ့အတွက် စိုးရိမ်နေကြတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို အလိမ္မာပြောပြပါမယ်။

ပြည်တွင်းမှာ ကိုဗစ်တတိယလှိုင်း ပြင်းထန်နေချိန် လူနာတွေကို အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ မြောက်ဒဂုံ ကိုဗစ်ရောဂါကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြုအဖွဲ့က ဆရာဝန် ၅ ဦး ဇူလိုင်လ ၁၉ ရက်နေ့က ဖမ်းဆီးခံခဲ့ကြရပါတယ်။ မနေ့က မနက် ၉နာရီဝန်းကျင်မှာ အောက်စီဂျင်ကျနေတဲ့ လူနာကို လာရောက်ကုသပေးဖို့ ဆက်သွယ်လာပြီး အဲဒီနေရာကိုရောက်သွားတဲ့ ဆရာဝန် ၃ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက်မကြာခင်မှာပဲ ရုံးမှာကျန်နေခဲ့တဲ့ ဆရာဝန် ၂ ဦးကိုလည်း စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။

ကိုဗစ်လူနာတွေကို အွန်လိုင်းကနေ ကုသမှုပေးနေတဲ့ ဆရာဝန် နှစ်ဦးနဲ့ မြေပြင်မှာကွင်းဆင်းကုသပေးနေတဲ့ ဆရာဝန် သုံးဦးဖမ်းဆီးခံခဲ့ရတဲ့အပြင် ကိုဗစ်အထောက်အကူပြုပစ္စည်းတွေဖြစ်တဲ့ PPE ၊ အောက်စီဂျင်အိုးနဲ့ ဆေးပုံးတွေကိုပါ စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။ သူတို့ရဲ့ရုံးကိုလည်း စစ်ကောင်စီက ချိတ်ပိတ်သွားပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဆရာဝန်တွေကတော့ ဒေါက်တာ မင်းကျော်စွာခေါင်၊ ဒေါက်တာ ကိုကိုဦး၊ ဒေါက်တာ သူရ၊ ဒေါက်တာ နှင်းဝတ်ရည်ချိုနဲ့ ဒါက်တာ နှင်းချိုနံ့သာမောင်တို့ဖြစ်ကြပါတယ်။ သူတို့ ၅ ဦးရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘာမှမသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ အဖွဲ့ခေါင်းဆောင် ကိုချမ်းလေးက ပြောပါတယ်။

"လက်ရှိကတော့ ကျနော်တို့ အဆက်အသွယ် လုံးဝမရသေးဘူး။ အဲအတွက်လည်း ကျနော်တို့ ဒီမှာလိုက်စုံစမ်းနေပါတယ်။ ဖမ်းဆီးတဲ့အကြောင်းရင်း မသိရသေးပေမယ့် တခြားကိစ္စနဲ့လည်း ဆိုင်တယ်လို့လည်း ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက CDM ဝင်ထားတော့။ ဒီလို ဖမ်းဆီးတာက လုံးဝမဖြစ်သင့်ဘူး။"

စစ်ကောင်စီဘက်ကတော့ မြောက်ဒဂုံမှာ CDM ဆရာဝန်၊ စေတနာ့ဝန်ထမ်းတွေကို ဖမ်းဆီးထားခြင်းမရှိဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။ သူတို့ဖမ်းခံရတယ်ဆိုတဲ့ သတင်းကလည်း အမှန်တကယ်ဖြစ်ပွားမှု မရှိခဲ့တဲ့သတင်းလို့ ပြောကြားထားပါတယ်။

ခုလို ရန်ကုန်မြို့မှာ ကိုဗစ်လူနာတွေကို ကုသပေးနေတဲ့ ဆရာဝန်တွေ ဖမ်းဆီးခံထားရသလို မန္တလေးမြို့မှာလည်း ပြီးခဲ့တဲ့ သီတင်းပါတ် အင်္ဂါနဲ့ သောကြာနေ့တွေတုန်းက ဆရာဝန် ၂ ယောက်ဖမ်းဆီးခံခဲ့ရပါတယ်။ ကိုဗစ်လူနာတွေကို ကုသမှုပေးနေတဲ့ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာသက်ဌေးနဲ့ အွန်လိုင်းကနေ ဆေးပညာရပ်ကို ပြန်လည်မျှဝေ သင်ကြားပေးနေတဲ့ ဒေါက်တာကျော်ကျော်သက်တို့ကို ဖမ်းဆီးခဲ့တာပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းထဲက ပရဟိတဆေးရုံ၊ ဆေးခန်းတွေမှာ လူနာတွေကို အခမဲ့ ခွဲစိတ်ကုသပေးနေတဲ့ ဒေါက်တာသက်ဌေးကို ဇူလိုင်လ ၁၆ ရက်၊ ပြီးခဲ့တဲ့ သောကြာနေ့က စစ်တပ်က အကြမ်းဖက်ဖမ်းဆီးသွားခဲ့ပုံကို သူတို့နဲ့ခင်မင်ရင်းနှီးတဲ့ CDM ဆရာဝန်က ခုလိုပြောပြပါတယ်။

"သူအဖမ်းခံရတဲ့နေ့ပဲ ည ၈နာရီလောက်မှာ သူအရင် Volunteer ဆင်းပေးခဲ့တဲ့ ပရဟိတဆေးရုံတခုမှာ ဒေါက်တာသက်ဌေးကို ခေါ်လာပြီးတော့မှ စစ်ကောင်စီတပ်တွေက သူ့ရဲ့ပစ္စည်းတွေကို လာသိမ်းတယ်။ အဲဒီနေ့မှာ တွေ့လိုက်ရတာဆိုရင် ဒေါက်တာသက်ဌေးက လက်ထိပ်နဲ့ပါလာတယ်။ ပြီးတော့ ဒေါက်တာသက်ဌေး Mask အုပ်ထားတာတောင်မှ Mask ရဲ့အောက်မှာ သွေးစတွေမြင်ရတယ်ပေါ့နော်။ မျက်နှာလည်း ဖူးယောင်နေတယ်။ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာဒဏ်ချက်တွေ တွေ့ရတယ်ဆိုပြီးတော့မှ အဲနေ့က မြင်လိုက်ရတဲ့သူတွေက ပြန်ပြောပြတယ်။ ဒါပဲ ကျနော်တို့သိလိုက်ရတယ်။ ဒီထက်ပိုပြီး ကျနော်တို့ ခုချိန်မှာ အဆက်အသွယ်လည်း မရဘူးပေါ့နော်။ အဲတော့ သူတို့နှစ်ယောက်ရဲ့ အသက်အန္တရာယ်ပါ ကျနော်တို့က စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပါတယ်ဗျ။"

ဆေးပညာဘာသာရပ်မှာ ထူးချွန်ပြီး အရည်အချင်းရှိတဲ့ မန္တလေးဆေးတက္ကသိုလ်က ဒေါက်တာကျော်ကျော်သက်ကိုလည်း ဇူလိုင်လ ၁၃ ရက်၊ ပြီးခဲ့တဲ့ အင်္ဂါနေ့ ညသန်းခေါင်အချိန်မှာ စစ်ကောင်စီတပ်တွေဟာ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆက်ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလတလျှောက်လုံး ဆေးပညာဘာသာရပ်တွေကို ကျောင်းသား၊ ကျောင်းသူတွေကို သင်ကြားပေးနေသူလည်းဖြစ်ပါတယ်။ ဒီနေ့အချိန်ထိ ဆရာဝန် ၂ ဦးလုံးရဲ့ အခြေအနေနဲ့ပတ်သက်လို့ ဘာမှမသိရသေးဘူးလို့လည်းသူကပြောပါတယ်။

"ကျနော်တို့ အမှန်အတိုင်းပြောရလို့ ရှိရင်တော့ အဖမ်းခံရပြီးကတည်းက ဒီဆရာဝန်နှစ်ဦးနဲ့ ပတ်သက်တဲ့သတင်းကို ကျနော်တို့ ဘာမှမရဘူးဗျ။ ဘယ်မှာအဖမ်းခံထားရတယ် ဆိုတာလဲ မသိရဘူး။ ဘာကြောင့်ဖမ်းတယ် ဆိုတာလဲ မသိရဘူး။ နောက်ပြီးတော့ သူတို့ရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိတယ်ဆိုတာလဲ မသိရဘူး။ မိသားစုကလည်း အဆက်အသွယ် မရဘူး။ အဲတော့ အင်မတန်စိုးရိမ်စရာကောင်းတဲ့ အနေအထားတခုမှာ ရှိနေပါတယ်ခင်ဗျ။"

ဒီလို စစ်အာဏာသိမ်းခံထားရတဲ့ကာလမှာ ကပ်ရောဂါတတိယလှိုင်းဒဏ်ကို ခက်ခက်ခဲခဲရင်ဆိုင်နေရပြီး၊ သေဆုံးနှုန်းတက်နေတဲ့ အချိန်မှာ လူနာတွေရဲ့အသက်ကို ကယ်တင်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အကြမ်းဖက်ခြိမ်းခြောက်တာတွေ၊ ဖမ်းဆီးခေါ်ဆောင်တာတွေလုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် မေးခွန်းထုတ်စရာဖြစ်နေပြီလို့ ဆရာဝန်အများက ပြောနေကြပါတယ်။ CDM ဆရာဝန်ကလည်း

"အခုလိုမျိုး ကပ်ရောဂါကာလ အတောအတွင်းမှာ ဆရာဝန်တွေကို မွေးထုတ်ပေးဖို့အတွက် ပညာသင်ပေးနေတဲ့ ဆရာဝန်လိုအပ်သလို၊ ရှေ့တန်းကနေပြီး လူနာတွေကို ပြုစုကုသပေးနေတဲ့ ဆရာဝန်လည်း အများကြီးလိုအပ်တယ်ဗျ။ အဲတော့ ဒီလိုအချိန်မှာမှ ဒီလောက်တိုင်းပြည်အတွက်ကို မိုးထဲလေထဲ အရေးကြီးနေတဲ့အချိန်မှာမှ ဒီဆရာဝန်တွေကို ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ စစ်ကောင်စီက ဘာကိုရည်ရွယ်နေသလဲ၊ ကျနော်တို့က မေးခွန်းထုတ်ရမယ့် အနေအထားဖြစ်လာပြီ။ အဲတော့ ဒီဆရာဝန်တွေကို ဖမ်းချင်တာလား၊ ဒါမှမဟုတ်လို့ရှိရင် ပြည်သူလူထုကို ကိုဗစ်ရောဂါနဲ့ ဒုက္ခမရောက် ရောက်အောင် စစ်ကောင်စီက တမင်လုပ်နေတာလားဆိုတာ ကျနော်တို့က မေးခွန်းထုတ်ရမယ့်အနေအထား ဖြစ်လာပါပြီ။"

ကိုဗစ်ကပ်ရောဂါပထမလှိုင်းနဲ့ ဒုတိယလှိုင်းဒဏ် ဖြတ်သန်းစဉ်က ပါဝင်ခဲ့ကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာရှင်လုပ်အားပေးတွေနဲ့ အလှူရှင်တွေရဲ့အင်အား သိသိသာသာလျှော့နည်းနေတဲ့ အခြေအနေဖြစ်နေပါတယ်။ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာပါဝင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ စေတနာ့ဝန်ထမ်းတွေကို ဖိတ်ခေါ်ထားပါတယ်။ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ကုသရေးပိုင်းတာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေသာမက အပြင်မှာရှိနေတဲ့ ကျွမ်းကျင်တဲ့ ဆေးဘက်ပညာရှင်တွေကလည်း အများနဲ့ပါတ်သက်တဲ့ ကိစ္စဖြစ်လို့ အားလုံးပူးပေါင်းဆောင်ရွက်ပေးစေလိုတယ်လို့ ပြောကြားထားပါတယ်။ ဒီလိုပြောကြားထားချိန်မှာပဲ ကိုဗစ်လူနာတွေ ကုသပေးနေတဲ့ ဆရာဝန်တွေ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။


အလိမၼာ/ VOA Burmese

https://burmese.voanews.com/a/myanmar-military-coup-arrest-covid-doctors/5972417.html

ဖမ်းဆီးခံရသူ ဆရာဝန် ၇ ဦး နောက်ဆက်တွဲမရေမရာဖြစ်နေ ဖမ်းဆီးခံရသူ ဆရာဝန် ၇ ဦး နောက်ဆက်တွဲမရေမရာဖြစ်နေ Reviewed by THITHTOOLWIN on 21:34 Rating: 5

No comments:

Powered by Blogger.