မိုးကုတ်က တက်ကြွလှုပ်ရှားသူ ကိုယ်စားဖမ်းခံရတဲ့ ဇနီးနဲ့သမီးကို ထောင်သုံးနှစ်ချ


မိုးကုတ်မြို့ကတက်ကြွလှုပ်ရှားသူ ဦးစိုးဌေးကိုယ်စားဖမ်းဆီးခံရတဲ့ ဇနီးနဲ့ တတိယနှစ်တက္ကသိုလ်ကျောင်းသူ သမီးဖြစ်သူကို မိုးကုတ်မြို့နယ်တရားရုံးက ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်တယ် လို့ မိုးကုတ်ဒေသခံတွေက ပြောပါတယ်။

အခုလိုထောင်ဒဏ်ချမှတ်လိုက်တာနဲ့ပတ်သက်ပြီး ရှေ့နေငှားရမ်းခွင့်မရသလို ဘယ်ပုဒ်မနဲ့တပ်ပြီးတရားစွဲဆိုတယ်ဆိုတာလည်းမသိရဘူးလို့ ဦးစိုးဌေးကပြောပါတယ် ။

" ကြားထဲမှာမိသားစုနဲ့ဆက်သွယ်တာ ပေးတွေ့တာမရှိဘူး ။ ဒါပေမဲ့ ကြားထဲမှာ သူတို့နည်းသူတို့ဟန်နဲ့ကျွန်တော့်ဆီကိုစာတစောင်ရေးပို့လိုက်တယ် ။ သူတို့စစ်ကြောရေးမှာလူမဆန်စွာနှိပ်စက်ခံရတာတွေ၊ ဂုဏ်သိက္ခာမဲ့စွာ နှိပ်စက်တာတွေအတွက် တရားရုံးကိုသပိတ်မှောက်တယ်လို့ရေးထားတယ် ။ သမီးငယ်နဲ့ကျန်ခဲ့တဲ့သားတွေကို ဂရုစိုက်ဖို့ရေးထားတဲ့စာတစောင်ရတယ်။ အဲ့ဒီကတည်းက ကျွန်တော်က သူတို့ကိုတခုခုထောင်ဒဏ်ချတော့မယ်ဆိုတာသိလိုက်တယ်။ ဒါပေမဲ့ ကျွန်တော့်ဘက်ကလည်းပြန်ဆက်သွယ်လို့မရခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့မှာတော့မိုးကုတ်အထူးတရားရုံးကထွက်လာတဲ့ အချုပ်ကားပေါ်ကနေ ကျွန်တော့်အမျိုးသမီးကအော်သွားတယ်။သူတို့ကိုထောင်သုံးနှစ်ချလိုက်တယ်ဆိုတဲ့အကြောင်းတောက်လျှောက်အော်သွားတယ် ။ ဘာပုဒ်မလည်းဆိုတာတော့မသိရဘူး " လို့ဦးစိုးဌေးကဘီဘီစီကိုပြောပါတယ် ။

ဇွန်လထဲမှာ မိုးကုတ်မြို့ကတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ ဦးစိုးဌေးကို ၅ဝ၅-ကနဲ့ဖမ်းဝရမ်းထုတ်ပြီး နေအိမ်မှာဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဦးစိုးဌေးကိုမတွေ့ရာကနေ ဇနီးဖြစ်သူနဲ့အတူ ငါးနှစ်သမီးဖြစ်သူ မစုထက်ဝိုင်းနဲ့သမီးကြီးဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပဲဖြစ်ပါတယ် ။

ဖမ်းဆီးပြီး သီတင်းသုံးပတ်လောက်အကြာမှာတော့ငါးနှစ်အရွယ်သမီးဖြစ်သူကို ပြန်လွှတ်ပေးခဲ့ပြီးဇနီးဖြစ်သူနဲ့သမီးကြီးကိုတော့ အခုလိုထောင်ဒဏ်ချမှတ်လိုက်တာပဲဖြစ်ပါတယ်။ ထောင်ဒဏ်ချမှတ်လိုက်တဲ့အကြောင်းအရင်းနဲ့ ဘယ်ပုဒ်မနဲ့ထောင်ဒဏ်ချတယ်ဆိုတာကိုတော့ မိုးကုတ်တရားရုံးကို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57783160

မိုးကုတ်က တက်ကြွလှုပ်ရှားသူ ကိုယ်စားဖမ်းခံရတဲ့ ဇနီးနဲ့သမီးကို ထောင်သုံးနှစ်ချ  မိုးကုတ်က တက်ကြွလှုပ်ရှားသူ ကိုယ်စားဖမ်းခံရတဲ့ ဇနီးနဲ့သမီးကို ထောင်သုံးနှစ်ချ Reviewed by THITHTOOLWIN on 21:10 Rating: 5

No comments:

Powered by Blogger.