တရုတ်အထည်ချုပ်စက်ရုံ ၂၀၀ ဝန်းကျင် လုပ်ငန်းရပ်ဆိုင်း

တရုတ်အထည်ချုပ်စက်ရုံ ၂၀၀ ဝန်းကျင် လုပ်ငန်းရပ်ဆိုင်း တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီဖြစ်တဲ့ Hengmao Garment (မြန်မာ) စက်ရုံကို မြင်တွေ့ရစဉ် / ဓာတ်ပုံ - ဟန်မောက် (မြန်မာ)


မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံပေါင်း ၅၀၀ ကျော်ရှိတဲ့အနက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ဒီနေ့အထိ လုပ်ငန်းလည်ပတ်မှု မရှိတော့တဲ့ စက်ရုံပေါင်း ၂၀၀ ဝန်းကျင် လောက် ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

အဲဒီအထဲမှာ တရုတ်နိုင်ငံသားတွေရဲ့ရင်းနှီးမြှုပ်နှံထားတဲ့ စက်ရုံတွေက အများဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က လှိုင်သာယာမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူတွေကို စစ်တပ်က သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ရာကနေ အဲဒီနေ့မှာပဲ ရွှေလင်ပန်း စက်မှုဇုန်က တရုတ်နိုင်ငံသား ပိုင် စက်ရုံအချို့ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မတ်လ ၁၅ ရက်နေ့မှာလည်း ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန်က တရုတ်နိုင်ငံသားပိုင်စက်ရုံ သုံးရုံ မီးရှို့ခံခဲ့ရသလို မတ်လ ၁၆ ရက်နေ့မှာလည်း လှိုင်သာယာမြို့နယ်က တရုတ်နိုင်ငံသားပိုင် ဂေါက်အိတ်စက်ရုံ ဆက်လက်မီးရှို့ခံခဲ့ရပါတယ်။

မီးရှို့ခံရတဲ့ စက်ရုံပေါင်းဟာ ၂၄ ရုံအထိ ရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ အခြားစက်ရုံတွေဟာလည်း လည်ပတ်မှုမရှိတော့တာလို့ အလုပ်သမားအရေး ဆောင်ရွက်‌နေသူတွေက ပြောပါတယ်။

လှိုင်သာယာစက်မှုဇုန်က ဂေါက်အိတ်စက်ရုံပိုင်ရှင် တရုတ်လူမျိုးတွေကတော့ မီးလောင်မှုဖြစ်ပြီးကတည်းက ဘာအဆက်အသွယ်မှမရတော့ဘူးလို့ အဲဒီစက်ရုံက အမည်မဖော်လိုတဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဝန်ထမ်းက RFA ကို ပြောပါတယ်။

"မီးလောင်ပြီးကတည်းက သူတို့လည်းပြန်သွားကြတာ အကုန်လုံး ပြေးကြတာဆိုတော့ ကျွန်တော်တို့ဘက် က ဘာမှတော့ သတင်းပြန်မကြားဘူးဗျ၊ ဘာမှလည်း အဆက်အသွယ်လည်း မရတော့လေ၊ တရုတ်နဲ့ ပတ်သက်တဲ့ စက်ရုံ၊ တရုတ်တွေ တော်တော်များများတော့ ဒီဘက်ကိုပြန်ပြီးတာ့ ပြန်သွားတဲ့ တရုတ်တွေကို ပြောတာနော်၊ ပြန်ပြီးတော့လာဖို့ အလားအလာ အဲလောက်ကြီးမရှိတော့ဘူး၊ လာခဲ့မယ် ဆိုရင်တောင် ဒီ လှိုင်သာယာဇုန်ဘက်မှာ ဖြစ်နိုင်ခြေပိုပြီးတော့ နည်းသွားပြီပေါ့၊ မြို့ထဲဘက်က ဇုန်တွေမှာပိုပြီး လုပ်ကြဖို့များတယ်၊ လောလောဆယ် ဒီမှာရှိနေတဲ့ တရုတ်တွေတောင်မှ သူတို့အချင်းချင်း တောင် ဗျာတွေ များနေကြတာပေါ့ဗျာ။ အဲဒီလိုကာကွယ်ရေးကိစ္စနဲ့ပဲ ပူပန်နေကြတာပေါ့၊ ဒီစက်ရုံကိစ္စတွေ တောင် စိတ်ထဲသိပ်မရှိတော့ဘူး။"

လှိုင်သာယာမြို့နယ်မှာ တရုတ်စက်ရုံအချို့ မီးလောင်မှုစဖြစ်ခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မှာပဲ ဖျက်ဆီးလုယက် မီးရှို့ခံရတဲ့ ကိစ္စအပေါ် မြန်မာဘက်က ထိရောက်တဲ့ အစီအမံဆောင်ရွက်ပြီး အကြမ်းဖက်လုပ်ရပ်တွေ အားလုံး ရပ်တန့်အောင် ဆောင်ရွက်ဖို့နဲ့ ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ စစ်ဆေးအပြစ်ပေးဖို့၊ မြန်မာနိုင်ငံထဲက တရုတ်လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံ‌ရေးကို အာမခံချက်ပေးဖို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

(မီးလောင်ခဲ့တဲ့ လှိုင်သာယာမြို့နယ်ရှိ တရုတ်ပိုင် အထည်ချုပ်စက်ရုံတစ်ခုကို ၂၀၂၁၊ မတ် ၂၁ ရက်နေ့က တွေ့ရစဉ်၊ Photo: STR / AFP)

အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း အဲဒီနေ့ ညမှာပဲ တရုတ်နိုင်ငံသားတွေရဲ့စက်ရုံတွေရှိတဲ့ လှိုင်သာယာ မြို့နယ်ကို စစ်အုပ်ချုပ်ရေး (မာရှယ်လော) အမိန့် ထုတ်ပြန်ခဲ့သလို နောက်ပိုင်းမှာလည်း ရွှေပြည်သာ မြို့နယ်ကိုပါ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။

လှိုင်သာယာနဲ့ ရွှေပြည်သာနည်းတူ တရုတ်နိုင်ငံသားပိုင် စက်ရုံတွေရှိတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန် ကိုလည်း လုံခြုံရေးအပြည့် ချထားတာ၊ စက်မှုဇုန်တွေမှာရှိတဲ့ အလုပ်သမားအဖွဲ့အစည်း အဖွဲ့ဝင်တွေရဲ့ အဆောင်တွေ၊ နေအိမ်တွေကို ဝင်ရောက်ရှာဖွေဖမ်းဆီတာတွေကြောင့်လည်း ရွှေ့ပြောင်းအလုပ်သမားအချို့ ကြောက်လန့်ပြီး နေရပ်တွေကို ပြန်ခဲ့ကြပါတယ်။

အခုလို စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ ဂယက်တွေကြောင့် အလုပ်သမား နှစ်သိန်းခန့် အလုပ် ရပ်နားခံခဲ့ကြရသလို အချို့စက်ရုံတွေကလည်း နေရပ်ပြန်တဲ့ အလုပ်သမားတွေကြောင့် စက်ရုံကို ယာယီ ရပ်နားလိုက်ရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ရန်ကုန်မြို့မှာ အထည်ချုပ်စက်ရုံတွေအပါအဝင် တရုတ်နိုင်ငံသားတွေ လုပ်ကိုင်နေတဲ့ စက်ရုံပေါင်း တစ်ထောင်ကျော်ခန့်ရှိပြီး အထည်ချုပ်စက်ရုံတွေသာမကဘဲ အခြားလုပ်ငန်းစက်ရုံတွေပါ လုပ်ငန်းလည်ပတ်မှု မရှိတော့တာလို့ အမည်မဖော်လိုတဲ့ အလုပ်ရှင်နဲ့ အလုပ်သမားအရေး ဆောင်ရွက်နေသူ တစ်ယောက်က RFA ကို ပြောပါတယ်။

"တရုတ်စက်ရုံ တော်တော်များများကတော့ ပိတ်တဲ့အခြေအနေတွေ ရှိတယ်၊ နောက်ပြီးတော့ အလုပ်အကိုင် မကောင်းတဲ့အခြေအနေတွေ ရှိတယ်၊ ကွန်တိန်နာ မရဘူးဆိုတဲ့ အခက်အခဲတွေ ရှိတာပေါ့၊ အများကြီးပဲ၊ အရင်တုန်းက စာရင်းတွေအရတော့ တရုတ်စက်ရုံကြီးပဲဆိုရင်တော့ (၁၀၀၀) ကျော် (၁၅၀၀) နီးပါးတော့ရှိမယ်၊ ခန့်မှန်းဆိုရင်တော့ ဖွင့်တဲ့စက်ရုံက အလွန်ဆုံး (၆၀၀) လောက်ပဲ ရှိတော့မယ်ထင်တယ်၊ တော်တော်များများက ပိတ်ပစ်တာ များတာကိုး၊ အလုပ်တွေလည်း မကောင်းတော့ဘူးပေါ့၊ တချို့ အော်ဒါတွေဆိုရင် ကုန်ကြမ်းတွေ မရတော့တဲ့ ပြဿနာတွေ ရှိတယ်၊ နောက်ပြီးတော့ အခုဆိပ်ကမ်းကနေ ကွန်တိန်နာတွေ ငှားမရဘူးဆိုတဲ့ ပြဿနာတွေ ရှိတယ်။"

    "စက်ရုံတွေ အားလုံးပေါင်း မီးလောင်တာ စက်ရုံ ၂၄ ရုံလောက် ကျွန်တော်တို့ စာရင်းရပါတယ်"

ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား ဆက်သွယ်ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ကတော့ မီးရှို့ခံရလို့ ရပ်ဆိုင်းသွားတဲ့ တရုတ်စက်ရုံတွေ ပြန်လည်ပတ်လို့ရအောင် ဆောင်ရွက်ပေးနေတယ်လို့ RFA ကို ပြောပါတယ်။

“အကြမ်းဖျင်းပြောရရင်တော့ စက်ရုံတွေ အားလုံးပေါင်း မီးလောင်တာ စက်ရုံ ၂၄ ရုံလောက် ကျွန်တော်တို့ စာရင်းရပါတယ်၊ ၂၄ ရုံစလုံးကို လိုအပ်တဲ့ အကူအညီတွေကို လုပ်ပေးနေတယ်ပေါ့၊ သူတို့စက်ရုံတွေ ပြန်ပြီးတော့ လည်ပတ်လို့ရအောင် ကျွန်တော်တို့ လုပ်ပေးမယ်၊ နောက်ပြီး အာမခံထားတဲ့ စက်ရုံတွေ အာမခံ မြန်မြန်ထုတ်လို့ ရအောင် ကျွန်တော်တို့လုပ်ပေးနေတယ်၊ သံရုံးကလည်း ကျွန်တော်တို့ကို ဆက်သွယ်ပါတယ်၊ ဆက်သွယ်ပြီး ဒါတွေကို အကူအညီပေးဖို့ပြောတယ်၊ ကျွန်တော်တို့ လုပ်ပေးနေ ပါတယ်၊ ဆိုလိုတာကတော့ မီးလောင်တဲ့ စက်ရုံတွေအားလုံးကို လိုအပ်တာတွေ လုပ်ပေးနေပါတယ်။”

ပျက်စီးသွားတဲ့ စက်ရုံတွေအတွက်လည်း လိုအပ်တဲ့ စက်ပစ္စည်းကိရိယာတွေနဲ့ ကုန်ကြမ်းပစ္စည်းတွေ လွယ်လွယ်ကူကူ တင်သွင်းနိုင်ဖို့လည်း ကူညီပေးနေတယ်လို့ ဦးအောင်နိုင်ဦး က ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်စက်ရုံတွေထဲက ပျက်စီးဆုံးရှုံးခဲ့ရတဲ့ စက်ရုံပေါင်း ၃၂ ရုံ ရှိပြီး တရုတ်ယွမ်ငွေ သန်းပေါင်း ၂၄၀ လောက် ဆုံးရှုံးခဲ့ရတယ်လို့ မေလ ၁၅ ရက်နေ့မှာ တရုတ်သတင်းစာ Global Times ကို ဖြေဆိုထားပါတယ်။

အတိုက်ခိုက်ခံရတဲ့ လုပ်ငန်းအများစုဟာ အထည်ချုပ်လုပ်ငန်းတွေဖြစ်ပြီး တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် မြန်မာလုပ်သား လေးသိန်းကျော် အလုပ်အကိုင် အခွင့်အလမ်း ရရှိထားတယ်လို့လည်း သံရုံးက ဖြေဆိုထား ပါတယ်။

    "တရားမဝင်တဲ့ အကြမ်းဖက်တဲ့နည်းနဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့လက်အောက်မှာတော့ အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေက လာမှာမဟုတ်ဘူး"

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ ဖြစ်စဉ်ကြောင့် စက်ရုံတွေ မလည်ပတ်နိုင်တာတွေ ရှိနေသလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလည်း ဝင်လာမှာ မဟုတ်ဘူးသေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်၊ မြန်မာနိုင်ငံ ကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ မခိုင်ဇာအောင်က ပြောပါတယ်။

"ပုံမှန်အတိုင်းနီးပါး ပြန်လည်ပတ်နိုင်မလားဆိုရင်တော့ ကျွန်မတို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ကျင့်သုံးသော အရပ်သားအစိုးရ ဘယ်လောက် မြန်မြန်ဆန်ဆန်နဲ့ ပြန်ပြီးတော့ တင်ပေးနိုင်မလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်၊ ဆိုတော့ အဲဒီအချိန်ကိုမရောက်ဘူး ဆိုလို့ရှိရင်တော့ ဒီလိုမျိုးတရားမဝင်တဲ့ အကြမ်းဖက်တဲ့နည်းနဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့လက်အောက်မှာတော့ အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေက လာမှာမဟုတ်ဘူး။"

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီဖြစ်တဲ့ Hengmao Garment (မြန်မာ) ဟာ ကိုဗစ်- ၁၉ ကြောင့်နဲ့ နိုင်ငံရေးအခြေအနေကြောင့် ပြည်ပ အမှာစာတွေ ကျဆင်းသွားတာကြောင့် လုပ်ငန်း ရပ်ဆိုင်းလိုက်ပြီ လို့ ကြေညာခဲ့ပါတယ်။

ပိတ်ပြီး ထွက်ပြေးသွားတဲ့ တချို့စက်ရုံတွေကို သက်ဆိုင်ရာ အလုပ်သမားဦးစီးဌာနတွေကနေ ချိတ်ပိတ်ပြီး လေလံတင်ရောင်းတဲ့ ကိစ္စတွေရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ကြောင့် ကုန်ကြမ်းတင်သွင်းမှု အခက်အခဲတွေအပြင် ဈေးကွက် ဝယ်လိုအား လည်း ကျဆင်းနေချိန် စစ်တပ်က အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဂယက်ကြောင့် ပိုဆိုးလာပြီး စစ်ကောင်စီ လက်အောက်ခံ အလုပ်သမား ဝန်ကြီးဌာနကို စက်ရုံပိတ်သိမ်းဖို့ တင်ပြထားတာ စုစုပေါင်း ၂၀၀ နီးပါးအထိ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံသားတွေရဲ့ စက်ရုံအခြေအနေတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်ခဲ့ပေမယ့် ဒီနေ့ ညနေပိုင်းအထိ တစ်စုံတစ်ရာ အကြောင်းမပြန်သေးပါဘူး။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ စာရင်းအရ အာဏာမသိမ်းခင် ဇန်နဝါရီလအထိ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန် ဒေါ်လာ ၁၃၉ သန်း ရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလမှာ ထပ်တိုးမလာဘဲ မတ်လမှာမှ ၁၆၆ သန်းအထိ တိုးလာတာတွေ့ရပြီး မေလကုန်အထိ မှာတော့ ဒေါ်လာ ၁၆၉ သန်းနဲ့ ငါးလတာအတွင်း သန်း ၃၀ သာ ရင်းနှီးမြှုပ်နှံမှု တက်လာတာ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၁ နှစ် မေအထိ အမေရိကန်ဒေါ်လာ သန်း ၇၀၀၀ ကျော်ရှိခဲ့ပြီး အဲဒီအထဲမှာ ၂၀၁၅ ကနေ ၂၀၁၆ အတွင်းမှာပဲ ဒေါ်လာ သန်းပေါင်း ၃၃၀၀ ကျော်ရှိခဲ့ပေမယ့် ၂၀၁၆ နောက်ပိုင်းကနေ အခုနှစ် မေလအထိ အားလုံးပေါင်းမှ သန်း ၃၅၀၀ ကျော်သာ ရှိပါသေးတယ်။


RFA Burmese

https://www.rfa.org/burmese/news/nearly-200-chinese-garment-factories-closed-07022021072350.html

တရုတ်အထည်ချုပ်စက်ရုံ ၂၀၀ ဝန်းကျင် လုပ်ငန်းရပ်ဆိုင်း  တရုတ်အထည်ချုပ်စက်ရုံ ၂၀၀ ဝန်းကျင် လုပ်ငန်းရပ်ဆိုင်း Reviewed by THITHTOOLWIN on 19:35 Rating: 5

No comments:

Powered by Blogger.