ရန်ကုန်တိုင်းအတွင်းသုဿန်တွေ မီးသဂြိုလ်ပေးရမှု ပုံမှန်ထက်အဆများစွာတိုးလာ

လည်းကူးသုဿန်သို့ ကိုဗစ်ဖြင့်သေဆုံးသူတဦးအား ပရဟိတအဖွဲ့တခုက သယ်ဆောင်စဉ် (ဓာတ်ပုံ - AFP)

ရန်ကုန်တိုင်းထဲက သုဿန်တွေမှာ မီးသဂြိုလ်ဖို့စောင့်ဆိုင်းနေရတဲ့ အလောင်းတွေ အရင်ကထက် ၁၀ ဆလောက် ပိုများနေပါတယ်။ သေဆုံးသူသွားသူတွေအားလုံး ကိုဗစ်ကပ်ရောဂါကြောင့်လားဆိုတာ အတည်မပြုနိုင်ပေမဲ့ ကိုဗစ်တတိယလှိုင်းဖြစ်နေချိန် သေဆုံးသူ မီးသဂြိုလ်ရတဲ့ နှုန်းက စိုးရိမ်စရာမြင့်တက်နေတယ်လို့ ကျန်းမာရေးနဲ့ နာရေးပရဟိတလုပ်နေကြသူတွေက ပြောပါတယ်။ ခုလို အခြေအနေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းပြောပြပါမယ်။

ရန်ကုန်တိုင်းတွင်းက သုသာန်တွေမှာ မီးသဂြိုလ်ပေးနေရတဲ့ အရေအတွက် အခုရက်ပိုင်းမှာ ထူးထူးခြားခြား များလာနေတာမှာ ရေဝေးသုသာန်တခုတည်းမှာတင် ဒီကနေ့ အစောပိုင်း မီးသဂြိုလ်ပေးခဲ့ရတဲ့အရေအတွက်က ၂၃၀ ကျော်ရှိတယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။ အဲဒီလို မီးသဂြိုလ်တဲ့အလောင်းတွေမှာ ကိုဗစ်အတည်ပြုလူနာတွေပါပေမဲ့ အရေအတွက် အတိအကျ မပြောနိုင်ဘူးလို့ ရေဝေးသုသာန် စည်ပင်ဌာနက တာဝန်ခံဦးမြင့်နိုင်က ပြောပါတယ်။

မှန်ပါတယ်ခင်ဗျ၊ ပုံမှန်ထက်တော့ များပါတယ်။ ဒီမှာကတော့ ကျနော်တို့ Covid တွေကတော့ ရှို့ပါတယ် မှန်ပါတယ်ခင်ဗျ။ ဒါပေမဲ့ စာရင်းဇယားကတော့ ကျနော်တို့ဆီမှာ မရှိပါဘူး ရုံးချုပ်မှာရှိပါတယ်။”

ရေဝေးသုသာန်မှာ မီးသဂြိုလ်စက်သုံးလုံးရှိပေမဲ့ မီးသဂြိုလ်ရမယ့် အလောင်းတွေ များနေတာကြောင့် နေ့ချင်းပြီးသဂြိုလ်နိုင်ဖို့ ပရဟိတအဖွဲ့တွေ တနေကုန် တန်းစီပြီး စောင့်ဆိုင်းနေရတာပါ။ ဒီအခြေအနေကို ရန်ကုန်တိုင်းပရဟိတကွန်ရက်က ကိုလေးမြတ်က ဗွီအိုအေကို ခုလိုပြောပြပါတယ်။

“ နေအိမ်ကနေ တခါတည်းသဂြိုလ်တာတွေကတော့ များနေတယ်။ ပုံမှန် Covid third wave မလာခင်တုန်းက ကျနော်တို့အသင်းကနေ သယ်ပေးရတာ လမ်းကြောင်း အကြောင်း ၂၀/ ၃၀ လောက်ပဲရှိတာ။ အခုဆိုရင် ၅၀ ကျော်သွားပြီ။ မနိုင်တော့တဲ့အခြေအနေ ဖြစ်နေတယ်ဗျာ ပရဟိတအသင်းတွေ။ ကျနော်တို့လည်း ငြင်းထုတ်ရတာတွေလည်းရှိတယ်။ လုံးဝ ကားနဲ့လူအင်အားနဲ့ မလောက်တော့လို့။ ဘာရောဂါနဲ့လည်း ဆုံးမှန်းလည်းမသိဘူး၊ ကျနော်တို့ကတော့ သယ်ပေးရတယ်။ ကျနော်တို့အသင်းတင် ၅၀ ကျော်ဆိုရင် အသင်းပေါင်းစုံဆိုရင် ရေဝေးသုသာန်တခုတည်းတင် ခန့်မှန်းခြေ ၂၀၀ ကျော်မယ်ထင်တယ်။ တခြားကျီစုတို့၊ ထိန်ပင်တို့၊ ထားဝယ်ချောင်တို့ မပါသေးဘူး။”

လှိုင်သာယာ စည်ပင်သာယာရေးကော်မတီ၊ ထိန်ပင်သုသာန်ဌာနဘက်ကတော့ ဒီရက်ပိုင်း မီးသဂြိုလ်ပေးရတဲ့ အရေအတွက်နဲ့ပတ်သက်လို့ အတိအကျ ပြောပြလို့မရကြောင်း ဗွီအိုအေကို တုံ့ပြန်ခဲ့ပါတယ်။

“အခုကတော့ (အရေအတွက်ကို) မသိနိုင်သေးပါဘူးခင်ဗျာ၊ ခန့်မှန်းလို့ မရပါဘူးခင်ဗျာ၊ ဒီကာလ ဒီကိစ္စကတော့နော်။ ကျနော်တို့ အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ် ခင်ဗျာ။ ကျနော်တို့ကတော့ ကျန်းမာရေးက ဆေးခန်းလက်မှတ်ရရင် ကျနော်တို့ သဂြိုလ်ပေးပါတယ်ခင်ဗျာ။”

ကျီစုသုသာန် စည်ပင်သာယာဌာနကလည်း လက်တလောအခြေအနေကို ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။ မိတ်ဆွေကောင်း နာရေးကူညီမှုက ဦးတင်မောင်ဌေးကတော့ ကျီစုသုသာန်မှာ မနေ့ကလူတရာကျော် မီးသဂြိုလ်ခဲ့ရလို့ ပုံမှန်ထက် များနေကြောင်း ပြောပါတယ်။

“ဒီကျီစုဘက်က အခြေအနေကတော့ မနေ့ကအနေအထားကတော့ အားလုံးတန်းချတွေရော အကုန်လုံးကို ၁၀၀ နီးပါးလောက်ရှိတယ်။ ဒီရက်ပိုင်းအတွင်း ဖျားနာမှုတွေကြောင့် အောက်စီဂျင်ပြတ်တဲ့ ပြဿနာတွေနဲ့ပဲ ရုတ်တရက်ဆုံးပါးသွားတဲ့သူတွေရဲ့ အနေအထားတွေပဲ များတယ်။ ပုံမှန်အနေအထားက အဲဒီလောက် မရှိပါဘူး။”

အစိုးရနဲ့ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းအားလုံးက ကိုဗစ်ရောဂါလက္ခဏာနဲ့ ရောက်လာတဲ့ လူနာတိုင်းကို လက်မခံတော့လို့ အခြေအနေက အရင်ကထက် ပိုမိုဆိုးရွားလာကြောင်း ရန်ကုန်ကျောင်းပရဟိတရဲ့ ဥက္ကဋ္ဌ ဦးဥတ္တမက မိန့်ပါတယ်။ လက်ရှိအခြေအနေမှာ ဆေးရုံ၊ ဆေးခန်းသွားဖို့ထက် ရုတ်တရက် အသက်ရှုကျပ်ပြီး အောက်စီဂျင်မရလို့ သေဆုံးရတဲ့သူတွေ အများအပြားရှိနေတာပါ။ အထူးသဖြင့် အခြေခံလူတန်းစားတွေများတဲ့ နေရာတွေမှာ ဒီပြဿနာတွေ ကြုံနေရတယ်လို့ ဆရာတော်က မိန့်ပါတယ်။

“ တော်တော်အရမ်းဆိုးနေတယ်။ အသက်ရှုကျပ်ပြီးတော့ အောက်စီဂျင်ကျပြီးတော့ သေဆုံးတဲ့သူ အများကြီးဖြစ်နေတယ်။ တရက်တရက်ကိုဆိုရင် ဒီထန်းတပင်နဲ့ လှိုင်သာယာကိုတောင်မှ စာရင်းပြုစုမယ်ဆိုရင် ခန့်မှန်းလို့မရဘူး ဖြစ်နေတယ်။ ဒီနာရေးသွားတဲ့ အသင်းအဖွဲ့တွေကစပြီးမှ အလောင်းတွေက အခုအချိန်အထိ မသဂြိုဟ်ရသေးဘူးဆိုပြီးတော့ ဘုန်းဘုန်းတို့ရဲ့ မိတ်ဖက်အသင်းတွေက ဖုန်းဆက်ပြီးတော့ အကြောင်းကြားပေးတယ်။”

မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ကိုဗစ်တတိယလှိုင်းမှာ ကူးစက်မြန် ဗီဇပြောင်း Delta ကိုဗစ်မျိုးကွဲလည်း ကူးစက်နေတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလောသေဆုံးနေကြသူအများစုက ကိုဗစ်ကပ်ရောဂါ ကူးစက်နေသလားဆိုတာ စစ်ဆေးနိုင်တဲ့ အခြေအနေမရှိခင်မှာကို သေဆုံးနေကြတာဖြစ်ပြီး အများစုက အောက်စီဂျင်ပြတ်လပ်ပြီး အသက်ရှုကြပ်သေဆုံးကြတာဖြစ်တယ်လို့ ကျန်ရစ်သူမိသားစုတွေက ပြောပြကြပါတယ်။ 


ငြိမ်းချမ်း/ VOA Burmese

https://burmese.voanews.com/a/covid-victims-in-burma-rises-up-third-wave-covid-in-yangon/5963886.html

ရန်ကုန်တိုင်းအတွင်းသုဿန်တွေ မီးသဂြိုလ်ပေးရမှု ပုံမှန်ထက်အဆများစွာတိုးလာ ရန်ကုန်တိုင်းအတွင်းသုဿန်တွေ မီးသဂြိုလ်ပေးရမှု ပုံမှန်ထက်အဆများစွာတိုးလာ Reviewed by THITHTOOLWIN on 21:13 Rating: 5

No comments:

Powered by Blogger.