ကနီမှာ အနည်းဆုံး လူ ၁၀ ယောက် အစုအပြုံလိုက် အသတ်ခံထားရ



စစ်ကိုင်းတိုင်း ကနီမြို့နယ် ဇီးပင်တွင်းရွာအနီးမှာ အခုလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ဇူလိုင် ၂၇ ရက် မနေ့က ရွာအနီးက တောထဲမှာ တစ်ချိန်တည်းတစ်ပြိုင်တည်း အသတ်ခံထားရတယ်လို့ ယူဆရတဲ့ ရုပ်အလောင်း ဆယ်ခုကျော် တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနီဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၂၄ ရက်နေ့က ကနီနယ် စစ်ဘေးရှောင်ရွာတွေမှာ နေထိုင်နေတဲ့ အမျိုးသား ၁၀ ယောက်ထက်မနည်း စစ်သားတွေက ဖမ်းဆီးသွားတာရှိပါတယ်။ ဒါပေမဲ့ အခုသေဆုံးသူတွေဟာ ဘယ်သူ၊ ဘယ်ဝါတွေဖြစ်တယ် ဆိုတာ အခုအချိန်အထိတော့ အတည်ပြုလို့မရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနီမြို့က ဒေသခံတစ်ယောက်က ပြောပါတယ်။

“၂၇ ရက်နေ့မှာက သေဆုံးနေတဲ့ ခန္ဓာကိုယ်တွေ တွေ့တယ်။ တစ်ချို့ခန္ဓာကိုယ်ဆို ဇီးပင်မှာ လည်ပင်းကို ကြိုးနဲ့ချိတ်ပြီး သတ်ထားတယ်။ အဲဒီလို သတ်ခံရသူက အသက် ၆၀ ကျော်အရွယ်။ တစ်ချို့ခန္ဓာကိုယ် တွေက ကျင်းတွေထဲမှာ ဖော်လိုက်တော့ လေးလောင်း တွေ့ရတယ်။ တစ်ခြားကျင်းတွေက မဖော်ရသေး တာရှိတယ်။ မဖော်ရသေးတာက မိုင်းကြောက်လို့ မဖော်ရသေးပဲ၊ အခက်အခဲဖြစ်နေတယ်”

မနေ့က ဇီးပင်မှာ ကြိုးကွင်းစွပ် သေဆုံးနေတဲ့ ရုပ်အလောင်းတစ်ခုနဲ့ မြေကျင်းထဲက တူးဖော်ရရှိတဲ့ ရုပ် အလောင်း လေးခု၊ စုစုပေါင်း ငါးခုအပြင် မဖော်ရသေးတဲ့ မြေကျင်းသုံးခုထဲက ရုပ်အလောင်းတွေကိုပါ ပေါင်းလိုက်ရင် စုစုပေါင်းသေဆုံးသူ အနည်းဆုံး ၁၀ ယောက်ကျော် ရှိမယ်လို့လည်း သူက ခန့်မှန်းပြော ဆိုပါတယ်။

အခုလို အစုအပြုံလိုက် သေဆုံးနေသူတွေဟာ ဘယ်သူတွေလဲ၊ ဘာ့ကြောင့် အသတ်ခံထားရသလဲ ဆိုတာတွေကို အတိအကျသိနိုင်ဖို့ RFA က စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကနီနဲ့ ယင်းမာပင်မြို့နယ်အတွင်းမှာ တိုက်ပွဲ သုံးကြိမ်လောက်ဖြစ်ခဲ့ တာကြောင့် မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ကူညီခဲ့ရာမှာ စစ်ကောင်စီရဲ့ သတ်ကွင်းထဲ ရောက်သလိုဖြစ်ပြီး သူတို့တပ်ဖွဲ့ဝင် ငါးယောက်သေဆုံးခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

    "တစ်ချို့ခန္ဓာကိုယ်ဆို ဇီးပင်မှာ လည်ပင်းကို ကြိုးနဲ့ချိတ်ပြီး သတ်ထားတယ်"

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ယောက်ကတော့ ကနီမြို့နယ် ဇီးပင်တွင်းရွာအနီးက တောထဲမှာ ရုပ်အလောင်း ၃၀ လောက်တွေ့ရပြီး အဲဒီထဲမှာ မုံရွာ PDF တပ်ဖွဲ့ဝင် ငါးယောက် ပါဝင်တယ်လို့ RFA ကို ပြောပါတယ်။

“ရွာသားက ခေါ်သွားလို့ PDF တွေက သွားကူတာ။ တိုက်ဖို့ပေါ့၊ လိုက်သွားတော့ သူ့တို့သတ်ကွင်းထဲ ရောက်သွားသလို ဖြစ်သွားတာ။ လက်နက်ကြီးတွေနဲ့ ရှယ်ထုတာ၊ သေနတ်တွေနဲ့ပါ ပစ်တယ်။ အလောင်း ကိုးလောင်းပုံထားလို့ သွားဆွဲတဲ့သူတွေကိုတောင် သေနတ်နဲ့ပစ်တယ်။ ၂၆ ရက်နေ့ညကတည်းက သိလိုက် တယ်။ ဒါပေမဲ့ မသေချာဘူးပေါ့၊ တောထဲ မျက်စိလည်နေတာလား၊ လမ်းမှားလာတာပေါ့၊ မနေ့ကမှ ရွာသားတွေနဲ့ဖော်ရင်းနဲ့မှ တွေ့တာ၊ သုံးဆယ်လောက်ရှိတယ် ပြောတယ်”

ဇူလိုင် ၂၆ ရက်နေ့က သေဆုံးခဲ့တဲ့ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးယောက်ကတော့ ကိုချမ်းမြေ့စိုး၊ ကိုကောင်းဆက်၊ ကိုထက်နိုင်ဦး၊ ကိုကျော်လွှမ်းထက်နဲ့ ကိုနိုင်ရဲခန့် တို့ဖြစ်တယ်ဆိုတာကို PDF တပ်ဖွဲ့က အမည်အတိကျ သိထားပြီးပြီလို့လည်း သူက ဆိုပါတယ်။

ဒီလိုအစုအပြုံလိုက် သေဆုံးမှုတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့အတွက် စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

စစ်ကိုင်းတိုင်းထဲက ယင်းမာပင်နဲ့ ကနီမြို့နယ် PDF တပ်ဖွဲ့တွေဟာ ချင်းပြည်နယ်က ကာကွယ်ရေး တပ်တွေလိုပဲ အာဏာသိမ်းစစ်တပ်ကို ပထမဆုံး ခုခံတိုက်ခိုက်ခဲ့တဲ့ တပ်ဖွဲ့တွေဖြစ်ပါတယ်။

ဒါ့ကြောင့် ရဲနဲ့စစ်တပ်က အခုရက်ပိုင်းမှာ ယင်းမာပင်နဲ့ ကနီနယ်ထဲက တွင်းရွာ၊ ဇီးပင်တွင်းရွာ၊ ချောင်းမ၊ ချောင်းဆုံ စတဲ့ကျေးရွာတွေထဲကို မကြာခဏ ဝင်ရောက်တပ်စွဲတာ၊ ရှာဖွေတာ၊ သံသယနဲ့ ဖမ်ဆီးတာတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဇူလိုင် ၂၈ ရက် မနက်ပိုင်းမှာလည်း ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းသုံးကြောင်းခွဲပြီး ဇီးပင်တွင်းရွာကို ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေ ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“ပြန်ခုခံမယ်ဆိုရင်လည်း သုံးဘက်သုံးတန်နဲ့ ညှပ်ထားတော့ ခုခံလို့ မရဘူး၊ အခုဆို မိုးရွာကြီးထဲမှာ ပြေးနေရတယ်။ ရှေ့ကလည်း လာတယ်။ ကားလမ်း မိန်းလမ်းကနေလည်း လာတယ်။ တောင်ဘက်ခြမ်း ဟိုတစ်နေ့က ဖြစ်တဲ့နေရာကနေလည်း လာတယ်။ ပြည်သူတွေပဲ အကုန်ထွက်ပြေးရတော့တယ်။ ဟိုတစ်နေ့ကဖြစ်တဲ့ တိုက်ပွဲဆို တောထဲထွက်ပြေးနေတဲ့ ပြည်သူတွေကို အာပီဂျီနဲ့ လေးချက်ပစ်တယ်။ တောထဲမှာပုန်းနေတယ်မလား တွေ့ရင်လည်း သတ်တယ်။ အိမ်ထဲမှာနေလည်း သတ်တယ်ဆိုတော့ အိမ်ထဲမှာလည်း မနေရဲတော့ဘူး။ သူတို့နဲ့ မတွေ့အောင် ပြေးရတော့တာပေါ့”

ဇူလိုင်၂၇ ရက် မနေ့ကတော့ ယင်းမာပင်မြို့နယ် ချောင်းဆုံရွာအနီး တိုက်ပွဲကနေ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ဆံကို ရွာသားတွေက ရွာထဲကိုသယ်ယူလာရာမှာ ပေါက်ကွဲခဲ့တဲ့အတွက် ချောင်းဆုံရွာက ကိုမင်းမင်းဦး သေဆုံးခဲ့ပြီး၊ နောက်ထပ် ရွာသားနှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
kani-pdf.jpg
(မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ချို့ကို တွေ့ရစဉ် - Photo: CJ)

အခုလ ၁၀ ရက်နေ့ကလည်း ကနီမြို့နယ်အတွင်းက ယင်းရွာနဲ့ ကုန်းသာရွာက စစ်ဘေးရှောင်ပြည်သူ ၁၆ ယောက်ထက်မနည်းကို စစ်ကောင်စီက အစုအပြုံလိုက်သတ်ဖြတ်ခဲ့ပါတယ်။

အခုရက်ပိုင်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကနီမြို့နယ် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ တစ်သောင်းကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

RFA Burmese



ကနီမှာ အနည်းဆုံး လူ ၁၀ ယောက် အစုအပြုံလိုက် အသတ်ခံထားရ ကနီမှာ အနည်းဆုံး လူ ၁၀ ယောက် အစုအပြုံလိုက် အသတ်ခံထားရ Reviewed by THITHTOOLWIN on 23:03 Rating: 5

No comments:

Powered by Blogger.