ထားဝယ်က မောင်ကျော်မင်းလတ် စစ်တပ်က ပစ်ခတ်လို့ သေဆုံးခဲ့ပေမယ့် တရားစွဲခံထားရ

ထားဝယ်က မောင်ကျော်မင်းလတ် စစ်တပ်က ပစ်ခတ်လို့ သေဆုံးခဲ့ပေမယ့် တရားစွဲခံထားရ ထားဝယ်မှာ ၂၀၂၁ မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီတပ် ပစ်ခတ်ဖမ်းဆီးပြီးနောက် သေဆုံးသွားတဲ့ မောင်ကျော်မင်းလတ် ကို တွေ့ရစဥ် / Photo CJ

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဆိုင်ကယ်စီးရင်း စစ်ကောင်စီတပ်တွေက သေနတ်နဲ့အပစ်ခံလိုက်ရလို့ သေဆုံး ခဲ့ရတဲ့ အသက် ၁၇ နှစ်အရွယ် မောင်ကျော်မင်းလတ်ရဲ့ မိသားစုဝင်တွေကို အမှုပိတ်ကြောင်း အသိမှတ်ပြု လက်မှတ်လာထိုးဖို့ စစ်ကောင်စီတပ်တွေက မနေ့က ဇူလိုင် ၁၄ ရက်မှာ သုံးခါတိတိ အိမ်ကိုလာခေါ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ယောက်က RFA ကို ပြောပါတယ်။

သေဆုံးသွားတဲ့ မောင်ကျော်မင်းလတ်ဟာ စစ်ကောင်စီတပ်တွေကို ဆဲဆိုတဲ့အတွက် စစ်တပ်အရာရှိ တစ်ယောက်က တရားစွဲထားတာဖြစ်ပြီး အဲဒီအမှုကို ပိတ်ပေးမှာဖြစ်တဲ့အတွက် ရဲစခန်းနဲ့ တရားရုံးမှာ လက်မှတ်လာထိုးဖို့ ခေါ်တာလို့ လုံခြုံရေးအရ နာမည်မဖော်ချင်တဲ့ မိသားစုနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

အသတ်ခံရသူ မောင်ကျော်မင်းလတ်ကို စစ်တပ်က တရားစွဲထားတာကို အဲဒီအချိန်မှသိရပြီး တကယ်လို့ အမှုပိတ်တာကို လက်ခံတဲ့အကြောင်း လက်မှတ်ထိုးလိုက်ရင် မောင်ကျော်မင်းလတ်က တကယ်ပဲ စစ်ကောင်စီ တပ်တွေကို ဆဲဆိုသလိုဖြစ်သွားမှာကို စိုးရိမ်သလို လက်မှတ်သွားမထိုးရင်လည်း အိမ်မှာရှိတဲ့ ကျန်တဲ့မိသားစု ဝင်တွေကို အန္တရာယ်ပေးမှာ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

တကယ်လို့ မိသားစုဝင်တွေဘက်က လက်မှတ်မထိုးရင် သူတို့ဘက်က လူစားလက်မှတ်ထိုးမှာဖြစ်ကြောင်း ဇူလိုင် ၁၄ ရက် မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ယောက်က ထပ်လာပြီး ပြောသွားတယ်လို့လည်း ပြောပါတယ်။

ဥပဒေအရ တရားစွဲဆိုခံထားရသူဟာ သေဆုံးသွားပြီဆိုရင် အဲဒီအမှုက အလိုလျောက်ပိတ်သွားတာဖြစ်တဲ့ အတွက် မိသားစုဝင်တွေက လက်မှတ်ထိုးဖို့ မလိုတဲ့အကြောင်း၊ တကယ်လို့ လက်မှတ်ထိုးလိုက်ရင်လည်း ဥပဒေအရ ထိရောက်တာမျိုးမရှိပေမဲ့ ဆဲဆိုလို့ ပစ်သတ်လိုက်ရတာကို မိသားစုဝင်တွေဘက်က လက်ခံ လက်မှတ်ထိုးထားတာကို နိုင်ငံတကာကို သက်သေအနေနဲ့ တင်ပြသွားနိုင်တယ်လို့ လုံခြုံရေးအရ နာမည် မဖော်လိုတဲ့ ရှေ့နေတစ်ယောက်က မှတ်ချက်ပေးပါတယ်။

ထားဝယ်မြို့ အာဇာနည်လမ်းပေါ်မှာ လွန်ခဲ့တဲ့ မတ် ၂၇ ရက်နေ့က ဆိုင်ကယ်စီးလာတဲ့ လူငယ် သုံးယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်ခံခဲ့ရပြီး ကားပေါ်သယ်သွားခံရတဲ့ အသက် ၁၇ နှစ် အရွယ် မောင်ကျော်မင်းလတ်ဟာ အဲဒီနေ့မှာပဲ သေဆုံးသွားခဲ့တာပါ။


RFA Burmese

https://www.rfa.org/burmese/news/kyaw-min-latt-file-lawsuit-07142021030550.html

ထားဝယ်က မောင်ကျော်မင်းလတ် စစ်တပ်က ပစ်ခတ်လို့ သေဆုံးခဲ့ပေမယ့် တရားစွဲခံထားရ ထားဝယ်က မောင်ကျော်မင်းလတ် စစ်တပ်က ပစ်ခတ်လို့ သေဆုံးခဲ့ပေမယ့် တရားစွဲခံထားရ Reviewed by THITHTOOLWIN on 20:34 Rating: 5

No comments:

Powered by Blogger.