မြန်မာနိုင်ငံတိုင်းနဲ့ပြည်နယ်တချို့မှာ ရေကြီးရေလျှံလို့ ပျက်စီးမှုရှိ

ရေကြီးနေသော ရေး-ထားဝယ် လမ်းပိုင်း ( ဓာတ်ပုံ - Courtesy)

ကိုဗစ်တတိယလှိုင်သက်ရောက်မှုကြီးမားနေတဲ့ မြန်မာနိုင်ငံမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့က မိုးအဆက်မပြတ်ရွာသွန်းလို့ ရေကြီးရေလျှံမှုတွေဖြစ်နေပါတယ်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့မှာ မြစ်ရေမြင့်တက်လာပြီး နေအိမ်တွေမြှုပ်လို့ လူဦး ၅၀၀ ကျော်လောက် ဘေးလွတ်ရာကို ပြောင်းရွှေ့နေရပါတယ်။ ဒါအပြင် မွန်ပြည်နယ်မှာလည်း ရေကြီးနေသလို လောင်းလုံးမြို့နယ်မှာ မြေပြိုလို့ နေအိမ်ပျက်စီး လူထိခိုက်ဒဏ်ရာတွေ ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံ အလိမ္မာပြောပြပါမယ်။

မြန်မာနိုင်ငံမှာ တကျော့ပြန်ရင်ဆိုင်နေရတဲ့ ကိုဗစ်တတိယလှိုင်းနဲ့ လူသေဆုံးမှု၊ ကူးစက်နှုန်းမြင့်မားနေချိန်မှာပဲ တချို့နေရာမှာ ရေကြီး ရေနစ်မြှုပ်တဲ့ ဒဏ်ပါ ရင်ဆိုင်နေရပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့၊ ကြာအင်းဆိပ်ကြီးမြို့မှာ မိုးအဆက်မပြတ်ရွာလို့ လူနေအိမ်ထဲ ရေဝင်တာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။

ကြာအင်းဆိပ်ကြီးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး အမှတ်(၆) အမှတ်(၄) စတဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေ ရေကြီးပြီး နေအိမ်တွေ နစ်မြှပ်လို့ အိမ်ထောင်စု ၈၈ စုထက်မနည်း လူဦးရေ ၅၀၀ ကျော်လောက်ဘေးလွတ်ရာကို ပြောင်းရွှေ့ထားရတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် မီးသတ်တပ်ဦးစီးဌာနက ဒုတိယဦးစီးမှူးလမင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“အခုလောလောဆယ်ကတော့ ရွှေ့ပြောင်းနေတာတွေရှိတယ်၊ ပရဟိတအဖွဲ့တွေနဲ့ စုပေါင်းပြီးတော့ ရွှေ့ပြောင်းတာတွေလုပ်နေပါတယ်၊ အများဆုံးက အမှတ်(၆) ရပ်ကွက်ပါ၊ မြုပ်တဲ့ အိမ်တွေက မနေ့ကထိတော့ အိမ်ထောင်စု ၈၈ စုလောက် ပြောင်းရွှေ့ထားတယ်၊ ဒီမနက်ထပ်ပြီးတော့အပြောင် းအရွှေ့တွေ ထပ်လုပ်တယ်ဗျ။

အိမ်ထောင်စုစု ၈၈ ဆိုရင်တော့ (လူဦးရေ) ၅၀၀ ကျော်ရှိတယ်၊ လောလောဆယ်တော့ ဟိုဟာ ကွာရန်တင်းစင်တာနဲ့ ဘိုသဲကုန်းမှာ သူတို့နေရာချပေးထားတယ်၊ အခုကတော့ ရေကတော့ ဆက်ပြီးတက်နေတုန်းပဲဗျ၊ တက်နေတယ်ဆိုတော့ နည်းနည်း ဟိုအပေါ်တပ်တွေပေါ့ အပေါ်ထပ်တွေ ရေနည်းနည်းမလွတ်တဲ့လူတွေက အခုမနက်ပိုင်းထပ်ရွှေ့ပြောင်းနေကြတယ်။”

ဒီကနေ့ မွန်လွဲ ၁ နာရီခွဲအချိန် ဇမိမြစ်ရေ ပေ ၃၀ လောက်ရောက်နေပြီး ဆက်လက်မြင့်တက်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိအချိန်မှာ ရေမလွတ်တဲ့ နေအိမ်တွေကို ထပ်ပြီး အပြောင်းအရွှေ့လုပ်နေတယ်လို့ ပြောပါတယ်။

ရေနစ်မြုပ်လို့ နေအိမ် သုံး၊ လေးအိမ်လောက် ရေထဲမြောပါသွားပြီး ကျန်တဲ့အိမ်လည်း ပျက်စီးဆုံးရှုံးမှုရှိခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှုအသေးစိတ် အတိအကျမသိရသေးဘူးလို့တော့ ဒုတိယဦးစီးမှူးလမင်းထွန်းက ပြောပါတယ်။

အလားတူ မွန်ပြည်နယ် ကျိုက်မရော၊ ပေါင်၊ မော်လမြိုင်၊ မုဒုံနဲ့ ရေးမြို့နယ်တွေမှာလည်း ရေကြီးနေပါတယ်။

မိုးအဆက်မပြတ်ရွာပြီး ကျိုက်မရောမြို့နယ် ဦးလေးကျေးရွာမှာ မြစ်ရေတက်လာလို့ နေအိမ်အောက်ထပ်မှာ ရေမြှုပ်နေပြီး ရေဘေးသင့်တဲ့ အိမ် စုစုပေါင်း ၃၁၀ အိမ် လောက်ရှိနေပြီးလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းမြင့်က ပြောပါတယ်။

 “ရွာမပိုင်းကတော့ အကုန်လုံးရေဝင်ရောက်ကုန်ပြီးလေး၊ ရေဝင်ရောက်တာ အကုန်လုံး (အိမ်) ၃၁၀ လောက်၊ နေ့တိုင်းရေကတိုးနေတော့ အိမ်ကိုရေဝင်ရောက်နေတယ်ပေါ့၊ အဲ့လိုအောက်ထပ်ရေဝင်ရောက်သွားကုန်တာပေါ့၊ ဒီအပေါ်ထပ်သမားတွေကို မြင့်တဲ့ အိမ်ဆွေမျိုးအိမ်တွေကို ပြောင်းတက်တဲ့ပြောင်းတက်တယ်ပေါ့၊ မိုးက နေ့ရော ညရောဆက်တိုက်ရွာ ရေက တအား တအားတက်နေတယ်။”

မော်လမြိုင်မြို့နယ်မှာလည်း ဇူလိုင် ၂၂ ရက်နေ့ ညနေပိုင်းကတည်းက မိုးဆက်တိုက်သွန်းပြီးနောက် မြေနိမ့်ပိုင်းရပ်ကွက်တွေ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပါတယ်။ ဒီနေ့အထိ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာအိမ်ထဲရေဝင်ကုန်ပြီလို့ ဒိုင်းဝန်းကွင်းရပ်ကွက် ဒေါ်ရီရီမြင့် ကပြောပါတယ်။

“အခုထက်ထိတော့ ဝင်နေတုန်းပဲ အိမ်ထဲဝင်တယ် အိမ်ထဲ အိမ်အောက်တော့ မြှုပ်တယ်၊ အခုလည်း မိုးတွေတအားကြီးနေတယ်၊ ဒိုင်းဝန်းကွင်းရယ် ကျိုက်ဖနဲရယ် အကုန်လုံး တစ်လမ်းလုံးပြည့်နေတယ်။ (တခြားနေရာလည်း) ကြီးတယ် လမုတန်တို့ ရွှေမြိုင်သီရိတို့၊ ဇေယျာ(၁)တို့တာ အကုန်လုံးမြှုပ်ကုန်ပြီး ဒါတောင် အန်တီတို့က နည်းနည်းမြင့်နေတယ်။”

ဇူလိုင် ၂၅ ရက် မနေ့က တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျောက်မော်နီကျေးရွာအုပ်စု အင်းနီးတွင်းရွာမှာ တောင်ကမ်းပါးပြိုကျလို့ လူနှစ်ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ် ၆ လုံး မြေမိပြိုကျသွားတယ်လို့ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က ဗွီအိုအေကို ပြောပါတယ်။

“မနေ့က မိုးအရမ်းရွာပြီးတော့ မိုးများပြီးတော့ တောင်ပေါ်မြေသားမိပြီးတော့ပြိုကျတာပဲဗျ၊ အိမ်ကတော့ ကျနော်တို့ ၆ လုံး၊ ၆ လုံးဆိုတာက ဓနိမိုးက ၃လုံး၊ သွပ်မိုးက ၃ လုံး၊ အဲ့ဒါတာ မြေမိသွားတာပေါ့၊ ထိခိုက်ဒဏ်ရာကတော့ နှစ်ယောက် ကျနော်တို့ ဟိုနေ့က ခြေထောင်ထိသွားတယ်၊ အဲ့ဒါကတော့ ကျနော်တို့ ထားဝယ်ဆေးရုံပို့ထားတယ်။”

မိုးဇလရဲ့ ဒီကနေ့ ညနေ ၄ နာရီထုတ်ပြန်ချက်အရ တနင်္သာရီတိုင်း၊ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့ဟာ ဒေသအလိုက်နဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်ပြီး ဇူလိုင် ၂၇ ရက်အထိ မိုးဆက်ကြီးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။


ငြိမ်းချမ်း/ VOA Burmese

https://burmese.voanews.com/a/flood-lower-Myanmar-evacuated-people-from-home-/5979276.html

မြန်မာနိုင်ငံတိုင်းနဲ့ပြည်နယ်တချို့မှာ ရေကြီးရေလျှံလို့ ပျက်စီးမှုရှိ မြန်မာနိုင်ငံတိုင်းနဲ့ပြည်နယ်တချို့မှာ ရေကြီးရေလျှံလို့ ပျက်စီးမှုရှိ Reviewed by THITHTOOLWIN on 02:25 Rating: 5

No comments:

Powered by Blogger.