တမူးခရိုင်တွင် စကစတပ်က ပစ်ခတ်ဖမ်းဆီးစဉ် သက်မပြည့်လူငယ် ၂ ယောက်ပွဲချင်းသေဆုံးပြီး၊ ဖမ်းဆီးထားစဉ် ၂ ယောက်ထပ်မံသေဆုံး


စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တမူးခရိုင် မြို့သစ်မြို့အနီး နောင်ကက်ကျေးရွာ (Zalenphai village)မှ လူငယ် ၆ ယောက်ဟာ ဇူလိုင် ၁၀ ရက် ည ၁၀ နာရီတွင် အနီးနားရွာသိုလည်ပတ်ရာမှ ပြန်လာစဉ် ကျွန်းပင်သာ နဲ့ မင်းသာကျေးရွာကြား တံတားပေါ်အရောက်တွင် အကြမ်းဖက်စကစတပ်က ပစ်ခတ်လို့ သက်မပြည့် လူငယ် (၂)ယောက် ပွဲချင်းသေဆုံးပြီး ဒဏ်ရာရရှိတဲ့ ၃ ယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ 

၎င်းတို့ထဲက လူငယ်တစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်။ ဖမ်းဆီးခံထားတဲ့ လူငယ် ၃ ဦးကို မင်းသာအခြေစိုက်တပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ ဇူလိုင် ၁၂ ရက်တွင် မောင်ဆပ်မင်လွန်တစ်ယောက်သာ ဝမ်းဗိုက် ကျည်ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာနဲ့ပြန်လွှတ်လာပေမယ့် ကျန်တဲ့ ၂ ယောက်ကတော့ သေဆုံးသွားတယ်လို့ မိသားစုဝင်တွေကိုအကြောင်းကြားပါတယ်။ 

အကြမ်းဖက် စကစတပ်တွေရဲ့ လက်ချက်နဲ့ သေဆုံးသူတွေကတော့ ငမ်ကျင်ပေါင်၊ မာန်ဂိုး၊ ဒိုခိုလက်၊ နဲ့ ပေါင်ဂင်းမန်တို့ဖြစ်ပါတယ်။ 

ဒေသခံတစ်ဦးက “သူတို့အားလုံးက ၁၄ နှစ် ၁၅ နှစ်ဝန်းကျင်လောက်ပဲရှိကြသေးတယ်။ ပစ်ခတ်တဲ့ချိန်သေဆုံးသွားတဲ့ ၂ ယောက်ရဲ့အလောင်းကိုလည်းယူသွားတယ်။ အခု တပ်စခန်းမှာသေဆုံးသွားတဲ့ ၂ ယောက်ရဲ့အလောင်းကိုလည်း မိသားစုဆီမှာမပေးဘူး။ စစ်တပ်ကပဲ မြေမြုပ်လိုက်တယ်” လို့ပြောပါတယ်။ 

ယင်းအဖြစ်အပျက်နဲ့ပတ်သက်ပြီး တမူးခရိုင် အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များကွန်ရက်က ဇူလိုင် (၁၁)ရက်တွင် သဘောထားထုတ်ပြန်ချက် တစောင်ထုတ်ပြန်ခဲ့ပါတယ်။ 

ယင်းထုတ်ပြန်ချက်ထဲတွင် “အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်မဲ့ ကူကီးလူငယ်များပေါ် လက်နက်အားကိုးပြီး မတရားဖမ်းဆီးသတ်ဖြတ်နေခြင်းနှင့် လူမျိုးရေးပဋိပက္ခဖြစ်စေရန် ဖန်တီးလုပ်ဆောင်မှုများကိုလည်း အမြန်ဆုံးရပ်တန့်က ရပ်ရန်၊ အကြမ်းဖက်စစ်ကောင်စီက ဤသို့သော အကြမ်းဖက်မှုများကို ဆက်လက်လုပ်ဆောင်နေပါက နောက်နောင်ဖြစ်ပျက်လာမည့်ကိစ္စအဝဝအတွက် တာဝန်ယူမည်မဟုတ်ကြောင်း” လို့ဖော်ပြထားပါတယ်။ 

ဒါ့ပြင် ဇူလိုင် (၉)ရက် ည ၉ နာရီတွင် လယ်တောမှာအလုပ်သိမ်းပြီးပြန်လာတဲ့ မြို့သစ်မြို့အနီး ကျွန်းပင်သာ (Teijang village) ရွာသား ၂ ယောက်ကို အိန္ဒိယ SIM Card အသုံးပြုထားလို့ဟုဆိုကာ၊ လမ်းဘေးထိုင်စကားပြောနေတဲ့ တခြားလူငယ် ၂ ယောက်ကိုလည်း မျက်နှာကိုအဝတ်စည်းပြီး အကြမ်းဖက် စကစ တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြပါ

တယ်။ 

ယင်းဒေသတွေဟာ အိန္ဒိယနယ်စပ်ဖြစ်လို့ မြန်မာ နဲ့ အိန္ဒယ ဖုန်း SIM Card တွဲသုံးကြပါတယ်။


Zalen 

https://www.facebook.com/zalen.info/

တမူးခရိုင်တွင် စကစတပ်က ပစ်ခတ်ဖမ်းဆီးစဉ် သက်မပြည့်လူငယ် ၂ ယောက်ပွဲချင်းသေဆုံးပြီး၊ ဖမ်းဆီးထားစဉ် ၂ ယောက်ထပ်မံသေဆုံး တမူးခရိုင်တွင် စကစတပ်က ပစ်ခတ်ဖမ်းဆီးစဉ် သက်မပြည့်လူငယ် ၂ ယောက်ပွဲချင်းသေဆုံးပြီး၊ ဖမ်းဆီးထားစဉ် ၂ ယောက်ထပ်မံသေဆုံး Reviewed by THITHTOOLWIN on 21:19 Rating: 5

No comments:

Powered by Blogger.