နမ့်ဆန်မှာ ရေမီတာ မဆောင်လို့ စည်ပင်နဲ့လူထု ညှိနှိုင်းနေရ


ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့မှာ မြို့နယ်စည်ပင်က ရေမီတာစာရွက်တွေနဲ့ အခွန်ဆောင်ဖို့ လိုက်ကောက်ခဲ့ပေမဲ့ လူထုက မဆောင်လို့ စည်ပင်နဲ့ လူထု ဒီနေ့ ဇူလိုင်လ ၁၀ ရက်မှာ တွေ့ဆုံဆွေးနွေးရတဲ့အထိဖြစ်ခဲ့ပါတယ်။

''မီတာလာခလာရောက်တဲ့သူတွေက မဆောင်သူတွေကို ရေဖြတ်ပစ်မယ့်ပုံစံမျိုး အပြင်မှာခြိမ်းခြောက်ပြောနေတာမျိုးရှိတယ်။ ဒီနေ့ ဦးစီးနဲ့ကိုယ်တိုင်သွားတွေ့တယ်။ တွေ့တော့ သူပြောတာက ကျမတို့လို မပေးတဲ့သူတွေရှိနေလို့ ပေးတဲ့သူတွေက သူတို့ဆီကနေ ပိုက်ဆံလာပြန်တောင်းနေတယ်တဲ့။ စောဒကတက် တိုင်တန်းတာတွေကို ရှင်းနေရတယ်ပေါ့။ ဒါ့ကြောင့် ကျမတို့ကို ခေါ်ပြီး မီတာဆောင်ဖို့ အကူအညီတောင်းတယ်ဆိုတဲ့ပုံစံမျိုးပြောလာတယ်''လို့ ဒီနေ့ မနက်ပိုင်းမှာ စည်ပင်ရုံးကို သွားခဲ့တဲ့မြို့ခံတစ်ဦးက ပြောပါတယ်။

နမ့်ဆန်မှာ ရေမီတာခကို ၃ လတစ်ကြိမ်စုကောက်လေ့ရှိပါတယ်။

ဖေဖော်ဝါရီလထဲ ရေမီတာခကောက်ဖို့ စီစဉ်ခဲ့ပေမဲ့ အာဏာသိမ်းမှုဖြစ်ခဲ့လို့ အခုတစ်ကြိမ် ရေမီတာခ လာကောက်ချိန်မှာ ၆ လ နီးပါးစာဖြစ်သွားပြီး မြို့ခံတချို့ဆို ရေမီတာခ ၇ သောင်းနီးပါးအထိ ပေးရမယ့်အခြေအနေ ဖြစ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

''ကိုဗစ်ဖြစ်တော့ ကျမတို့လည်း အခုဆို အိမ်ဆိုင်လေးတောင် ထွက်မရဘူး။ စီးပွားရေး ဝင်ငွေလည်း မရှိဘူး။ အခုတော့ နိုင်ငံရေးအရလည်း မီတာမဆောင်သေးဘူး။ ဆောင်နိုင်တဲ့အခါ ကိုယ့်တာဝန်ကိုယ်သိသိနဲ့ ရုံးအထိ လာဆောင်မယ်ပဲ ပြောခဲ့တယ်။ ဆောင်တဲ့သူတွေကလည်း ကျသင့်သလောက်ကို ပြောပြောဆိုဆိုနဲ့ ပေးလိုက်တာ။''လို့ တွေ့ဆုံမှုကို သွားခဲ့တဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

နမ့်ဆန်မှာ အရင်က ရပ်ကွက်တွေထဲ တစ်ပတ်ကို ၁ ရက်သာ ရေဖြန့်ဝေတာမျိုးရှိခဲ့လို့ မြို့ခံတွေက နေအိမ်မှာ ကန်တွေ လုပ်ပြီး သိုလှောင်ခဲ့ရတာမျိုးရှိပါတယ်။

နောက်ပိုင်း အရပ်သားအစိုးရလက်ထက် အထူးသဖြင့် NLD အစိုးရလက်ထက်ကျမှ ရေပေးဝေတာ ပုံမှန်ပြန်ဖြစ်ခဲ့တယ်ဆိုပြီး မြို့ခံတွေက ပြောထားပါတယ်။

''ကိုဗစ် ကုစားရေးကြောင့် ကျမတို့ မီတာ မဆောင်ရတာကြာပြီ။ အခုတော့ မီတာခပါ ကောက်တော့မယ်ကြားတယ်။ အခုရေမီတာခက နောက်ပိုင်းမီတာခတွေပါ ထပ်လာဖို့ အစပျိုးတဲ့ခြေလှမ်းလို့ပဲ ကျမတို့မြင်တယ်''လို့လည်း မြို့ခံတစ်ဦးက ပြောထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စည်ပင်က အမှိုက်ခွန် ၂၀၀၀ ကျပ်လာကောက်တာမျိုး ရှိခဲ့ပေမဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးအခွန်မဆောင်တဲ့အနေနဲ့ အမှိုက်ခွန် မပေးခဲ့ဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57652919

နမ့်ဆန်မှာ ရေမီတာ မဆောင်လို့ စည်ပင်နဲ့လူထု ညှိနှိုင်းနေရ  နမ့်ဆန်မှာ ရေမီတာ မဆောင်လို့ စည်ပင်နဲ့လူထု ညှိနှိုင်းနေရ Reviewed by THITHTOOLWIN on 20:20 Rating: 5

No comments:

Powered by Blogger.