မြန်မာစစ်ခေါင်းဆောင်ကို ဦးတည်ပစ်မှတ်ထားတဲ့ ဆန္ဒပြမှုတွေဖြစ်

မန္တလေးမြို့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဓာတ်ပုံနဲ့ အခေါင်းပုံလုပ်ပြီး မီးရှို့ဆန္ဒပြတဲ့မြင်ကွင်း။ (ဇူလိုင် ၃၊ ၂၀၂၁)

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နာမည်တပ်ပြီး ဦးတည်ပစ်မှတ်ထားတဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ မြန်မာနိုင်ငံ နေရာအတော်များများမှာ လုပ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အရင်တုန်းကထက် ပမာဏနည်းသွားပေမယ့် ပုံစံအမျိုးမျိုးနဲ့ ကန့်ကွက် ဆန္ဒပြမှုတွေကတော့ ဆက်ရှိနေဆဲပါ။ လုံခြုံရေးတွေ တင်းကျပ်တဲ့ကြားကပဲ ရန်ကုန်မြို့မှာ လူငယ်တွေက သပိတ်ပုံစံမျိုးစုံနဲ့ ဆန့်ကျင် ဆန္ဒပြခဲ့ကြတာပါ။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ သပိတ်တွေကို နိုင်ငံတဝန်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ယင်းမာပင်၊ ရေဦး၊ မြိုင်၊ မော်လမြိုင်၊ ထားဝယ်၊ ရေး၊ လောင်းလုံ၊ နမ္မတီး စတဲ့ မြို့အသီးသီးမှာ ရှိခဲ့ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့မှာတော့ တိုင်းရင်းသားပေါင်းစုံ သပိတ်စစ်ကြောင်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနဲ့ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း သံပုံးတွေတီးပြီး ဆန္ဒပြခဲ့ကြပါတယ်။

မန္တလေးမြို့မှာ သံဃသမဂ္ဂ သပိတ်စစ်ကြောင်းတွေ၊ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်တဲ့ စုပေါင်းသပိတ်တွေ လမ်းမတွေပေါ်ထွက် ဆန္ဒပြသလို ပြည်နယ်နဲ့ တိုင်းတချို့မှာလည်း လူထုက အသံတိတ်သပိတ် ဓာတ်ပုံစာသားတွေနဲ့ သရုပ်ပြပုံစံမျိုးစုံတွေနဲ့လည်း စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပြီး တချို့နေရာတွေမှာတော့ ဆန္ဒပြလူငယ်တချို့ ဖမ်းဆီးထိန်းသိမ်းခံရတာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ စစ်အုပ်ချုပ်ရေး လက်မခံကြောင်း လူထုက ပုံစံမျိုးစုံနဲ့ ဆန္ဒပြနေချိန်နဲ့ တပြိုင်နက်တည်းမှာပဲ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာလည်း ဒေသခံပြည်သူ ထောင်နဲ့ချီဟာ ပြေးလွှားတိမ်းရှောင်နေကြဆဲ အခြေအနေ ဖြစ်ပါတယ်။ စစ်ရှောင်နေကြရတဲ့ ပြည်သူတွေမှာ ရာသီဥတု ဆိုးဝါးတဲ့ဒဏ်နဲ့ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု မရလို့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ် သေဆုံးမှုတချို့ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-protests/5952055.html

မြန်မာစစ်ခေါင်းဆောင်ကို ဦးတည်ပစ်မှတ်ထားတဲ့ ဆန္ဒပြမှုတွေဖြစ် မြန်မာစစ်ခေါင်းဆောင်ကို ဦးတည်ပစ်မှတ်ထားတဲ့ ဆန္ဒပြမှုတွေဖြစ် Reviewed by THITHTOOLWIN on 20:06 Rating: 5

No comments:

Powered by Blogger.