မန္တလေးမှာလည်း သေဆုံးတဲ့မြို့နယ်အလိုက် သုသာန်တွေခွဲပြီး သင်္ဂြိုဟ်ရ

မန္တလေးမြို့က ကိုဗစ်-၁၉အပါအဝင် ကိုဗစ်သံသယနဲ့သေဆုံးတဲ့ ရုပ်အလောင်းတွေများလာလို့ ဒီနေ့(ဇူလှိုင် ၁၆) ကစတင်ပြီး မြို့နယ်အလိုက် သုသာန်တွေမှာ သင်္ဂြိုဟ်ရတယ်လို့ လူမူကူညီကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

ဇူလိုင်လဆန်းက စပြီး မန္တလေးမြို့မှာ ကိုဗစ်လက္ခဏာနဲ့ သေဆုံးသူ များလာလို့ ရုပ်အလောင်းတွေကို အေးရိပ်ငြိမ် သုသာန်တခုတည်းမှာပဲ သင်္ဂြိုဟ်ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကိုဗစ်ပိုးနဲ့ သေဆုံးသူ တစ်ရက်တည်း အယောက် ၆၀ကျော်ရှိလို့ သင်္ဂြိုဟ်ဖို့ အခက်ခဲတွေရှိခဲ့ပါတယ်။

ဒါကြောင့် အခုအခါမှာ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ မြို့နယ်တွင်း နေထိုင်သူတွေက ကိုဗစ်လက္ခဏာနဲ့ သေဆုံးပါက တောင်အင်းမြောက်အင်းမှာ သင်္ဂြိုဟ်ရမှာဖြစ်ပါတယ်။

ကျန်မြို့နယ်က နေထိုင်သူတွေမှာ ကိုဗစ်လက္ခဏာနဲ့ သေဆုံးခဲ့ရင် အေးရိပ်ငြိမ် သုသာန်မှာပဲ သင်္ဂြိုဟ်ရမှာဖြစ်ပါတယ်။ မန္တလေးမြို့မှာ ကိုဗစ်လက္ခဏာနဲ့ သေဆုံးရာမှာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးကြတာများပါတယ်။

အများစုကတော့ အိမ်တွင်းနေရင်း ကိုဗစ်ကုသမှုခံယူသူတွေဟာ အောက်ဆီဂျင်ကျပြီး သေဆုံးကျ ရတာဖြစ်တယ်လို့ လိုက်ပါပို့ဆောင်ပေးရသူ လူမူကူညီ ကယ်ဆယ်ရေးအသင်းတွေက သိရပါတယ်။

မန္တလေးမြို့မှာ ကိုဗစ်လက္ခဏာ ရောဂါနဲ့ သေဆုံးသူ ဇူလှိုင်(၁၆)ရက်နေ့ မနက်ပိုင်းအတွင်း အနည်းဆုံး လူ ၃၀ကျော်ကို သက်ဆိုင်ရာ မြို့နယ်အလိုက် သုသာန်တွေမှာ သင်္ဂြိုဟ်ပေးရတယ်လို့ လူမှုကူညီ ကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနကတော့ မနေ့ဇူလိုင် ၁၅ ရက် ညပိုင်းထုတ်ပြန်ချက်အရ ကိုဗစ်နဲ့သေဆုံးသူဟာ ၁၆၅ ဦးရှိတယ်လို့ ထုတ်ပြန်ထားပေမယ့်မြေပြင်မှာတော့ ဒီထက်ပိုများနိုင်တယ်လို့ ပရဟိတအဖွဲ့တွေ ပြောကြားထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57783160

မန္တလေးမှာလည်း သေဆုံးတဲ့မြို့နယ်အလိုက် သုသာန်တွေခွဲပြီး သင်္ဂြိုဟ်ရ  မန္တလေးမှာလည်း သေဆုံးတဲ့မြို့နယ်အလိုက် သုသာန်တွေခွဲပြီး သင်္ဂြိုဟ်ရ Reviewed by THITHTOOLWIN on 22:57 Rating: 5

No comments:

Powered by Blogger.