ကိုဗစ်ကြောင့်သေဆုံးမှုနှုန်း တရားဝင်ကိန်းဂဏန်းထက် များပြားဖွယ်ရှိ

ဇူလိုင်လ ၁၃ ရက်နေ့က မန္တလေးမြို့ရှိ စက်ရုံတခုရှေ့မှာ အောက်ဆီဂျင်ဖြည့်ဖို့ စောင့်နေကြသူများ။ (ဇူလိုင် ၁၃၊ ၂၀၂၁)

ကိုဗစ်ကြောင့် သေဆုံးစာရင်းကို ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်ပေးနေပေမယ့် အမှန်တကယ်သေဆုံးမှုနှုန်းဟာ ထုတ်ပြန်တာထက် များပြားဖွယ်ရှိတယ်လို့ ဆေးဘက်ဆိုင်ရာပညာရှင်တွေက ပြောပါတယ်။ ကိုဗစ်ကြောင့် သေဆုံးမှုနှုန်းဟာ အခုရက်ပိုင်းအတွင်း တနေ့ထက်တနေ့ပို တိုးလာနေပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းပြောပြပါမယ်။

ရန်ကုန်မြို့မှာရှိတဲ့ သုသာန်တချို့မှာ ဒီရက်ပိုင်းအတွင်း မီးသဂြိင်္ုလ်ပေးရတဲ့ အရေအတွက်က အဆမတန်များနေပြီး အများစုက ကိုဗစ်ရောဂါ လက္ခဏာတွေနဲ့ သေဆုံးခဲ့ကြတာလို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနဘက်က ကိုဗစ်ကြောင့်သေဆုံးရတဲ့ နှုန်းထားကို နေ့စဉ်ထုတ်ပြန်နေပေမဲ့ အပြင်မှာတော့ အဲဒီအရေအတွက်ထက် ပိုများတယ်လို့ ပြောကြပါတယ်။

မြန်မာကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးကတော့ တရားဝင် ကိန်းဂဏန်းတွေထက် မြေပြင်မှာ သေဆုံးနှုန်းက ပိုများနေတယ်ဆိုတာ ဆေးပညာရှုထောင့်အရ ဖြစ်နိုင်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ကတော့ Data ပေါ့နော်၊ ဆေးရုံတွေပေါ်ကို တက်တဲ့ လူနာရယ်၊ ဖြစ်တဲ့ရောဂါ အတည်ပြုလူနာရယ် သေဆုံးတဲ့နှုန်းကို ပြန်တွက်ရတာပေါ့နော်။ အဲဒီအခါကျတော့ ဒီ ခုဏကပြောတဲ့ Community ထဲမှာ COVID ဖြစ်လို့သေတာလားပေါ့။ ဒါမှမဟုတ် COVID ဝင်ပြီးတော့ တခြားပြင်းထန်တဲ့ ရောဂါအခံရှိလို့ သေတာလား။ ဒါတွေက စစ်ကြည့်လို့မှ သိမယ့်ကိစ္စပေါ့နော်။ အဲဒီတော့ ခုဏလို ရှေ့ကပေါ့၊ ကျနော်တို့နိုင်ငံတင်မဟုတ်ဘူး။ ဒီ ကူးစက်မြန်ပြင်းထန်တဲ့ ပိုးတွေခံစားခဲ့ရတဲ့ နိုင်ငံတွေ၊ ဥပမာ အိန္ဒိယတို့ဘာတို့ကို ကြည့်မယ်ဆိုရင်လည်း Published figure (တရားဝင်ထုတ်ပြန်စာရင်း) ထက်စာရင် Community ( ရပ်ရွာ) ထဲက Figure က ပိုများတယ်ဆိုပြီးတော့ ပြောတာမျိုးရှိတာပေါ့နော်။ ဒါတွေက ကျနော်တို့ကတော့ Verify လုပ်ဖို့က တယောက်ချင်းစီ လိုက်စစ်မှပဲ သိမှာပေါ့နော်။ အဲဒီတော့ Data ရဲ့ သဘောတရားအရ ကျန်းမာရေးစနစ်ရဲ့ စာရင်းဇယားအရပြောရရင် ဒါ ပိုတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။”

ဆေးရုံ ဆေးခန်းမရောက်ဘဲ ဒီရက်ပိုင်းအတွင်း နေအိမ်မှာပဲ သေဆုံးခဲ့ရသူအများစုဟာ အသက်ရှုမဝဖြစ်ပြီး အရေးပေါ် အောက်စီဂျင်ကိုလည်း အချိန်မီ မရခဲ့သူတွေပါ။ ဒီလိုသေဆုံးတဲ့သူတွေကို ကိုဗစ်ကြောင့် သေဆုံးရလားဆိုတဲ့ စစ်ဆေးမှုတွေ မလုပ်နိုင်ဘဲ နေ့ချင်းပြီး မီးသဂြိင်္ုလ်ပေးနေရတာပါ။ ရန်ကုန်က ပရဟိတအဖွဲ့တွေရဲ့ ပြောကြားချက်အရဆိုရင် ဇူလိုင် ၁၃ ရက်က ရေဝေးသုသာန်တခုတည်းမှာ မီးသဂြိုလ်ခဲ့ရတဲ့ အလောင်းဟာ ၂၀၀ ကျော်တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ ရွှေသန်လျင် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်း အခုလို ပြောပြပါတယ်။

“ကျနော်တို့ သဂြိင်္ုလ်ပေးရတဲ့ အင်အားအရပေါ့နော်... သေဆုံးတဲ့သူတွေရဲ့အားက ဒီလက္ခဏာနဲ့ ဆုံးတာက ၇၅/ ၈၀ ရာခိုင်နှုန်းလောက်ကိုရှိတယ်။ ကျနော်တို့ကို တချို့တွေက ရိုးရိုးရောဂါနဲ့ သေတာပါဆိုပြီး ခေါ်တယ်။ ဒါပေမဲ့ တကယ်တမ်း သွားသယ်တော့ ကျနော့် (ပရဟိတ) ကလေးတွေ အခုအနံ့ပျောက်သွားပြီ။ ကလေးသုံးယောက်ကို အခန်းထဲမှာ ပိတ်ထားလိုက်ရပြီ။ ဒီမှာ သဂြိုလ်ရတဲ့ အားတွေကလည်း အဆမတန်ကို များလာတယ်။”

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇူလိုင် ၁၃ ရက်ထုတ်ပြန်ချက်မှာတော့ မနေ့ကတရက်တည်း သေဆုံးခဲ့တဲ့နှုန်းက ၁၀၉ ယောက်ရှိပါတယ်။

ဆေးရုံ ဆေးခန်းတွေမှာ လူတိုင်းစေ့ ကုသခွင့်မရတာနဲ့ ကိုဗစ်သံသယလူနာ အတော်များများ လိုအပ်တဲ့ အောက်စီဂျင် မရနိုင်တဲ့ အခက်အခဲတွေအပြင် ကိုဗစ်ရောဂါရဲ့ နောက်ဆက်တွဲ စိန်ခေါ်မှုတွေလည်း ကြီးကြီးမားမားရှိနေပါတယ်။ မုတ်သုန်ရာသီကို ရောက်လာတဲ့အတွက် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါက ပိုမိုဆိုးရွားသွားနိုင်တယ်လို့ ကုလအဖွဲ့အစည်းတွေက သတိပေးထားပါတယ်။ လာမယ့် ၆ လအတွင်းမှာ သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေဟာ အစာရေစာ ပြတ်လပ်မှုကို ကြုံရနိုင်တယ်လို့လည်း ကမ္ဘာ့စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO က သတိပေးထားပါတယ်။


ငြိမ်းချမ်း/ VOA Burmese

https://burmese.voanews.com/a/covid-myanmar-death-cases/5965250.html

ကိုဗစ်ကြောင့်သေဆုံးမှုနှုန်း တရားဝင်ကိန်းဂဏန်းထက် များပြားဖွယ်ရှိ ကိုဗစ်ကြောင့်သေဆုံးမှုနှုန်း တရားဝင်ကိန်းဂဏန်းထက် များပြားဖွယ်ရှိ Reviewed by THITHTOOLWIN on 20:55 Rating: 5

No comments:

Powered by Blogger.