ကူးစက်မြန် ကိုဗစ်မျိုးကွဲတွေ ပျံ့နေပြီး၊ တကယ်ကူးစက်ခံနေရသူတွေဟာ စစ်လို့ တွေ့ထားသမျှထက် အများကြီးများနေနိုင်

အိမ်မှာထားဖို့ အောက်ဆီဂျင်တွေဝယ်နေတယ်ဆိုတာကိုက ကုသစရာ၊ အားကိုးစရာ မလုံလောက်တာရဲ့ လက္ခဏာပဲလို့ ထောက်ပြပြောဆိုမှုတွေရှိ

ကိုဗစ်တတိယလှိုင်းဒဏ် ခံနေရတဲ့ ရန်ကုန်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တစ်ခုလုံး အောက်ဆီဂျင်ထုတ် စက်ရုံတွေရှေ့ လူတန်းရှည်တွေ မြင်တွေ့နေ ခဲ့ရပါတယ်။

ကာဖျူးထုတ်ထားတဲ့ နယ်မြေတချို့မှာ လူတွေဟာ စစ်ကောင်စီတပ်ဖွဲ့တွေက ရန်မူလာမှာကို ထည့်မတွက်နိုင်တော့ပဲ အောက်စီဂျင်ထုတ်ပေးတဲ့ စက်ရုံတွေရှေ့ ကန့်သတ်ချိန် ကျော်လွန်သည်ထိတိုင် လူတန်းရှည်ကြီးတွေ ဖြစ်နေခဲ့ကြတယ်လို့ ရန်ကုန်ကလာတဲ့ သတင်းတွေက ဆိုပါတယ်။

(အာဏာသိမ်း စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ရက်ပိုင်းက အစည်းအဝေးတစ်ခုမှာ ကိုဗစ် အရေးပေါ် လူနာဆိုရင် ညမထွက်ရ နေရာတွေမှလည်း စိစစ် ဖြတ်သန်းခွင့်ပေး ဆိုပြီး ပြောခဲ့တယ်လို့ ဆိုပါတယ်)

ဖေ့စ်ဘုတ်လို လူသုံးများတဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဆိုရင်လည်း အောက်ဆီဂျင် အကူအညီတောင်းတဲ့ အသံတွေ လွှမ်းမိုးနေခဲ့ပြီး၊ တချို့ဆိုရင် ရနိုင်တယ်လို့ ကြားသိထားရတဲ့ နေရာတွေကို တစ်ခုပြီးတစ်ခု မျှော်လင့်တကြီးနဲ့ သွားနေကြရတယ်လို့ ဆိုပါတယ်။

“မြန်မာပြည်မှာ ပိုပြီး ကူးစက်မြန်တဲ့ ကိုဗစ် ဗေးရီးယဲန့် မျိုးကွဲသစ်တွေ ပျံ့နေပြီး၊ အခု တွေ့လာရတယ်ဆိုတဲ့ အရေအတွက်ဟာ စစ်မိသလောက်ပဲ သိရတာ ဖြစ်ပြီး၊ ဒီ့ထက် အများကြီး ပိုများနေနိုင်တယ်” လို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့ချုပ် IFRC ရဲ့ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဂျွိုင်း ဆင်းဂ်ဟားလ်က ဗြိတိန် အခြေစိုက် ဂါးဒီးယန်း သတင်းစာကို ပြောပါတယ်။

“မြန်မာပြည်က အခြေအနေကို ကြည့်ရင် ဆေးရုံတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်စွမ်းဟာ လက်ရှိမှာ အင်မတန် နည်းပါးနေတာကို တနိုင်ငံလုံးအနှံ့ တွေ့နေရတယ်” လို့လည်း မစ္စတာ ဆင်းဂ်ဟားလ်က ဆိုပါတယ်။

စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ ကျန်းမာရေး ဌာနရဲ့ ထုတ်ပြန်ချက်အရ ... ဒီနေ့ ဇူလိုက် ၁၄ ရက်နေ့မှာ ဆိုရင် ပိုးတွေ့သူ ၇၀,၈၃ ယောက် ရှိတယ်လို့ ဆိုတဲ့ အတွက် စံချိန်တက် ဆက်လက် မြင့်တက်နေတာ ဖြစ်ပါတယ်။

လူပေါင်း ၂၁,၃၅၂ ယောက်ကို စစ်ရာက တွေ့ရတာ ဖြစ်လို့ ပိုးတွေ့ရာခိုင်နှုန်း တစ်ရာမှာ ၃၃ ယောက် မက တွေ့ရတာ ဖြစ်ပါတယ်။ သေဆုံးသူလည်း စစ်ကောင်စီ ကျန်းမာရေး ဌာနက အတည်ပြု ထုတ်ပြန်ခဲ့သမျှတွေထဲ တစ်နေ့တည်း သေဆုံးမှု အများဆုံး ၁၄၅ ယောက် ရှိတယ်လို့ ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57783160

ကူးစက်မြန် ကိုဗစ်မျိုးကွဲတွေ ပျံ့နေပြီး၊ တကယ်ကူးစက်ခံနေရသူတွေဟာ စစ်လို့ တွေ့ထားသမျှထက် အများကြီးများနေနိုင် ကူးစက်မြန် ကိုဗစ်မျိုးကွဲတွေ ပျံ့နေပြီး၊ တကယ်ကူးစက်ခံနေရသူတွေဟာ စစ်လို့ တွေ့ထားသမျှထက် အများကြီးများနေနိုင် Reviewed by THITHTOOLWIN on 20:58 Rating: 5

No comments:

Powered by Blogger.